မျက်မှောက်ကမ္ဘာကြီးတွင် နယ်နိမိတ်များ ပါးလျားလာ၍ နိုင်ငံရေး၊ စီးပွားရေး ဆက်စပ်မှုအားကောင်း လာသကဲ့သို့ လူမှုရေးယှက်နွှယ်မှုလည်း များပြားလာပြီး ယဉ်ကျေးမှုထိပ်တိုက်တိုးမှုများလည်း သိသိသာသာရော မသိမသာပါ ဖြစ်ပွားနေသည်။ ယင်းအနက် လွတ်လပ်သည့် ကမ္ဘာ့နေရာအချို့တွင် လိင်တူလက်ထပ်မှုအား တရားဝင်ခွင့်ပြုမှုများမှာ ယဉ်ကျေးမှုနှင့် လူမှုအတွေးအမြင် ပြောင်းလဲမှုဥပမာတစ်ရပ်ဖြစ်ခဲ့သည်။ ၂၀၁၇ ခုနှစ်သည် လိင်တူချစ်သူများအတွက် ပျော်စရာကောင်းသောနှစ် ဖြစ်ခဲ့သည်။ ကမ္ဘာ့နိုင်ငံအတော် များများတွင် ၎င်းတို့၏ချစ်ခြင်းကို ဥပဒေဖြင့် အတည်ပြုပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ လက်ထပ်မှုဆိုသည်မှာ အမျိုးသားနှင့် အမျိုးသမီးကြားသာ မဖြစ်စေရ၊ လိင်တူချင်းကြားတွင်လည်း ဖြစ်သင့်သည်ဟု ကမ္ဘာတွင် သဘောထားအမြင် ပြောင်းလဲလာသူများ များပြားလာခြင်းကြောင့်ဖြစ်သည်။ ဘာသာရေးအရမူ အများအားဖြင့် ကန့်ကွက်ကြသော်လည်း လူမှုအမြင်ပြောင်းလဲမှု အားသာခဲ့သည့် နိုင်ငံ များတွင် လိင်တူလက်ထပ်မှုကို ခွင့်ပြုခဲ့ကြသည်ဟု ဆိုနိုင်သည်။ မည်သို့ပင်ဖြစ်စေ ယင်းကိစ္စကို ဥပဒေအရ တရားဝင်ခွင့်ပြုခဲ့သည့် နိုင်ငံအများအပြားရှိခဲ့ခြင်းမှာ သတိပြုဆင်ခြင်ဖွယ်ရာဖြစ်၍ ၂၀၁၇ ခုနှစ်အတွင်းသဘော ထားအမြင်ပြောင်းလဲခဲ့သည့် နိုင်ငံအချို့၏ ဖြစ်စဉ်အချို့ကို ဖော်ပြလိုက်ရပါသည် -
နော်ဝေ
၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၀ ရက်၌ နော်ဝေရှိ လူသာရင် ဘုရားကျောင်းသည် ထူးခြားသည့် ကြေညာချက်တစ်ခု ကို ထုတ်ပြန်ခဲ့သည်။ သင်းအုပ်ဆရာများကို လိင်တူစုံတွဲ များ၏လက်ထပ်မှုအား ကြီးကြပ်ခွင့်ပေးလိုက်ခြင်းဖြစ် သည်။ ဘုရားကျောင်း၏ ထုတ်ပြန်ချက်တွင် လက်ထပ်မှု ဆိုသည် ကျားမသီးသန့်သတ်မှတ်ထားခြင်းမရှိသော လုပ် ရပ်ဖြစ်ပြီး လက်ထပ်ထိမ်းမြားမှုဆိုင်ရာမှတ်တမ်း၌ သတို့ သားနှင့် သတို့သမီးဆိုသည့် စကားလုံးများကို ဖယ်ရှားခဲ့ သည်။ နော်ဝေသည် ဒိန်းမတ်ပြီးနောက်တွင် လိင်တူလက် ထပ်မှုကို ဒုတိယမြောက် အသိအမှတ်ပြုသည့် နိုင်ငံဖြစ် သည်။ ၁၉၉၃ ခုနှစ်ကတည်းက လိင်တူစုံတွဲများ၏အတူ နေထိုင်မှုကို မှတ်ပုံတင်ခွင့်ပြုခဲ့သည်။ ၂၀ဝ၉ ခုနှစ် ကတည်းက တရားရုံးများ၌ လိင်တူလက်ထပ်မှုကို ခွင့်ပြု ခဲ့သည်။ ၂၀ဝ၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် နော်ဝေလွှတ် တော်က ကျားမခွဲခြားခြင်းမရှိ လက်ထပ်ခွင့်ပြုသည့် ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။
ဖင်လန်
ဖင်လန်နိုင်ငံ၌ ၂၀၁၇ ခုနှစ် မတ် ၁ ရက်ကတည်းက လိင်တူလက်ထပ်မှု တရားဝင်ခဲ့သည်။ လိင်တူလက်ထပ်မှု ကို ဥပဒေဖြင့် အတည်ပြုပေးမည့် ဥပဒေကြမ်းကို လွှတ် တော်က ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် အတည်ပြု ခဲ့ပြီး သမ္မတက ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်၌ အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။ ၂၀ဝ၂ မှ ၂၀၁၇ ခုနှစ်အထိ လိင်တူစုံတွဲများသည် လက်ထပ်မှုကို မှတ်ပုံ တင်ရုံးတွင် စာရင်းပေးနိုင်ခဲ့သည်။ ၂၀ဝ၉ ခုနှစ် မေလတွင် လွှတ်တော်သည် လိင်တူစုံတွဲနှစ်ဦးအနက် တစ်ဦး၏ ရင် သွေးအရင်းကို မွေးဖွားခွင့်ပြုသည့် ဥပဒေကြမ်းအား အတည်ပြုခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လတွင် စုံတွဲများ၏ မှတ်ပုံတင်ထား မှုကို လက်ထပ်မှုအဖြစ် ပြောင်းလဲသတ် မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ် မတ်လမှ သြဂုတ်လအတွင်း လိင်တူစုံတွဲ ၄၅၆ ဦး လက်ထပ်ခဲ့ကြ သည်။ ၂၀၁၅ ခုနှစ် တွင် ယူရိုဘာရို မီတာက ပြုလုပ်ခဲ့ သည့်စစ်တမ်းအရ ဖင်လန်နိုင်ငံသား ၆၆ ရာခိုင်နှုန်းက လိင်တူလက်ထပ်မှုကို ထောက်ခံကြောင်း ပြောဆိုခဲ့ပြီး ၂၈ ရာခိုင်နှုန်းက ကန့်ကွက်ကြောင်း ပြောဆိုခဲ့သည်။
ဒိန်းမတ်
ဒိန်းမတ်၌ လိင်တူလက်ထပ်မှုသည် ၂၀၁၂ ခုနှစ် ဇွန် ၁၅ ရက်ကတည်းက တရားဝင်ခဲ့ခြင်းဖြစ်သည်။ ဒိန်းမတ် သည် လိင်တူလက်ထပ်မှုကို ဥပဒေဖြင့် အတည်ပြုပေးခဲ့ သည့် ၁၁ နိုင်ငံမြောက် နိုင်ငံဖြစ်သည်။ ဒိန်းမတ်လက်အောက် ရှိ ဖာရိုးကျွန်းသည် ၂၀၁၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် လိင်တူလက်ထပ်မှုအား အတည်ပြုသည့် ဥပဒေကို အတည် ပြုခဲ့သည်။ ယင်းဥပဒေကို ဒိန်းမတ်လွှတ်တော်က ၂၀၁၇ ခုနှစ် ဧပြီ ၂၅ ရက်တွင် အတည်ပြုခဲ့ပြီး ၂၀၁၇ ခုနှစ် မေ ၃ ရက်၌ ဒိန်းမတ်ဘုရင်က ခွင့်ပြုခဲ့သည်။ ယင်း ဥပဒေသည် ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်၌ စတင်သက် ရောက်ခဲ့သည်။ ၂၀၁၃ ခုနှစ် မေလတွင် ဂဲလတ်က စစ်တမ်းကောက်ယူ ခဲ့မှုအရ ဖာရိုးကျွန်းသား ၆၈ ရာခိုင်နှုန်းက လိင်တူလက် ထပ်မှုကို ထောက်ခံကြောင်းပြောဆိုခဲ့ပြီး ၂၇ ရာခိုုင်နှုန်းက ကန့်ကွက်ခဲ့သည်။ ၂၀၁၄ ခုနှစ် သြဂုတ်တွင် စစ်တမ်း ကောက်ယူခဲ့ရာ ဖြေဆိုသူ ၆၁ ရာခိုင်နှုန်းက ထောက်ခံ ကြောင်း ပြောဆိုခဲ့ပြီး ၃၂ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့ကြသည်။
ထိုင်ဝမ်(တရုတ်တိုင်ပေ)
၂၀၁၇ ခုနှစ် မေ ၂၄ ရက်သည် ထိုင်ဝမ်(တရုတ် တိုင်ပေ) ရှိ လိင်တူချစ်သူများအတွက် တစ်သက်မမေ့ နိုင်သောနေ့ ဖြစ်ခဲ့သည်။ တရုတ်(တိုင်ပေ) ဖွဲ့စည်းပုံခုံရုံးက လိင်တူလက်ထပ်မှုကို တားဆီးပိတ်ပင်ထားခြင်းသည် ပြည်သူများ၏လွတ်လပ်မှုနှင့် တန်းတူညီမျှမှုကို ချိုးဖောက် ခြင်းဖြစ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီ ကြောင်း ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဖွဲ့စည်းပုံခုံရုံးရှိ တရားသူကြီး ၁၄ ဦးက လိင်တူစုံတွဲများကို လက်ထပ် ခွင့်ပေးဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။ တရုတ်(တိုင်ပေ)သည် အာရှနိုင်ငံများတွင် လိင်တူ လက်ထပ်မှုကို ပထမဆုံးခွင့်ပြုခဲ့သည့် နိုင်ငံဖြစ်သည်။ တရုတ်(တိုင်ပေ)ရှိ ဥပဒေပြုအမတ်များသည် လိင်တူ လက်ထပ်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို ၂၀၁၆ ခုနှစ်တွင် အတည်ပြုခဲ့ပြီးဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ကူမင်တန် ပါတီက ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ကျွန်းသား ၅၂ ရာခိုင်နှုန်းက လိင်တူလက်ထပ်မှုကိုလက်ခံကြောင်း ပြော ဆိုခဲ့ပြီး ၄၃ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့ကြသည်။ ကျွန်း သားလူငယ် ရာခိုင်နှုန်း ၈၀ က လိင်တူလက်ထပ်မှုကို လက်ခံကြောင်း ဥပဒေကြမ်း ရေးဆွဲရာတွင်ပါဝင်ခဲ့သည့် ယူမေနုက ပြောဆိုခဲ့သည်။
ဂျာမနီ
ဂျာမနီ၌ လိင်တူလက်ထပ်မှုသည် ၂၀၁၇ ခုနှစ် အောက်တိုဘာလကတည်းက တရားဝင်ခဲ့ခြင်းဖြစ်သည်။ ဂျာမန်လွှတ်တော်သည် လိင်တူလက်ထပ်မှုဆိုင်ရာဥပဒေ ကြမ်းကို ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်တွင် အတည်ပြုခဲ့သည်။ သမ္မတ ဖရန့်ခ်ဗော်လ်တာရှတိုင်မိုင်ယာက ဥပဒေကြမ်းကို ဇူလိုင် ၂၀ ရက်တွင် အတည်ပြု လက်မှတ်ရေးထိုးပေးခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင် ၂၈ ရက်၌ အစိုးရပြန်တမ်းတွင် ပုံနှိပ် ဖော်ပြခဲ့သည်။ လိင်ကွဲပြား သို့မဟုတ် လိင်တူသည့် လူ နှစ်ဦး လက်ထပ်ထိမ်းမြားမှုဟု ဂျာမန်ဥပဒေများတွင် ဖော်ပြလိုက်ပြီဖြစ်သည်။ လွှတ်တော်အတွင်း မဲခွဲမဆုံးဖြတ်မီ တစ်ရက်အလိုတွင် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်က ၎င်းအတွက် လက်ထပ်မှုဆိုသည်မှာ အမျိုးသားနှင့် အမျိုးသမီးတို့ကြား သာဖြစ်သော်လည်း ယခုဥပဒေကြမ်းကြောင့် လူမှုရေး အရ စည်းလုံးမှုနှင့် ငြိမ်းချမ်းမှုများရှိလာမည်ဟု မျှော် လင့်ကြောင်း ပြောဆိုခဲ့သည်။ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးချိန်တွင် မာကယ်က ကလေးများ ကောင်းကျိုးအတွက် လိင်တူလက်ထပ်မှုကို ဆန့်ကျင် ကြောင်း ပြောဆိုခဲ့သည်။ အစိုးရ၏ ခွဲခြားဆက်ဆံမှုတိုက် ဖျက်ရေးဌာနမှ မကြာမီက ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ဂျာမနီနိုင်ငံသား ၈၃ ရာခိုင်နှုန်းက လိင်တူလက်ထပ်မှုကို လက်ခံကြောင်း ပြောဆိုခဲ့သည်။ အိုင်ယာလန်လွှတ်တော် က လိင်တူလက်ထပ်မှုကို အသိအမှတ်ပြုခဲ့သည့် ၂၀၁၅ ခုနှစ် မေလတွင် ဂျာမနီရှိသတင်းစာများသည် ရှေ့ဖုံးများ ၌ သက်တံရောင်အလံပုံများကို ဖော်ပြခဲ့သည်။
ချီလီ
အယူအစွဲဟောင်းများက အချစ်ထက် အင်အားကြီး၍ မရကြောင်း၊ အချစ်အပေါ် အနှစ်သာရမပါ ကန့်သတ် ထားခြင်းသည် ကိုယ်ကျင့်တရားနှင့်မညီသလို မျှတမှုလည်း မရှိကြောင်း ချီလီသမ္မတ မီရှဲဘာရှဲလေက ပြောဆိုခဲ့သည်။ လိင်တူလက်ထပ်မှုကို ဥပဒေဖြင့် အတည်ပြုပေးမည့် ဥပဒေကြမ်းတစ်ခုကို ဘာရှဲလေက ၂၀၁၇ ခုနှစ် သြဂုတ်လ အနှောင်းပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ ဥပဒေကြမ်းအရ လိင်တူစုံတွဲများသည် သားသမီးမွေး စားခွင့်လည်း ရမည်ဖြစ်သည်။ သမ္မတမီရှဲလေသည် ဥပဒေ ကြမ်းကို ဆွေးနွေးရန် လွှတ်တော်သို့ ပေးပို့ခဲ့သည်။ ဥပဒေ ကြမ်းအရ အမျိုးသားနှင့် အမျိုးသမီးကြားသာ လက်ထပ်ရ မည်ဟု သတ်မှတ်ထားသည့် တည်ဆဲဥပဒေပါ အချက်ကို ပြင်ဆင်မည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် လိင်တူစုံတွဲများ အား တရားရုံးတွင် လက်ထပ်ခွင့် ပြုခဲ့ပြီးဖြစ်သည်။ ချီလီ စစ်တမ်းကုမ္ပဏီ ကာဒမ်ပလာဇာပက်ဘလီကာက ၂၀၁၆ ခုနှစ်တွင် စစ်တမ်းကောက်ယူခဲ့ရာ နိုင်ငံသား ၆၁ ရာခိုင် နှုန်းက ထောက်ခံပြီး ၃၆ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့သည်။ ကော်ပိုရေတီဗာအီမေဂျနာရွှန် စစ်တမ်းကုမ္ပဏီက ၂၀၁၇ ခုနှစ် သြဂုတ် ၂၄ ရက်မှ ၂၇ ရက်ကြား စစ်တမ်းကောက်ယူ ခဲ့ရာ နိုင်ငံသား ၆၂ ဒသမ ၂ ရာခိုင်နှုန်းကထောက်ခံပြီး ၃၄ ဒသမ ၈ ရာခိုင်နှုန်းက ကန့်ကွက်ကြောင်း တွေ့ရှိခဲ့သည်။
စကော့တလန်
စကော့တလန်ရှိ အင်္ဂလီကန်ဘုရားကျောင်းတော်၌ ပြုလုပ်သည့် ပထမဆုံး လိင်တူလက်ထပ် မင်္ဂလာပွဲကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ပြုလုပ်ခဲ့သည်။ ပီတာမက်သယူးစ်နှင့် အလစ္စတာဒင်နီးတို့သည် စကော့ အက်ပီစကိုပယ် ဘုရားကျောင်း( အက်စ်အီးစီ)၏ ကြီးကြပ် မှုအောက်ရှိ စိန့်ဂျွန်ဘုရားကျောင်းတွင် လက်ထပ်ခဲ့ ခြင်းဖြစ်သည်။ ယင်းအချိန်မှစပြီး ဂလက်စဂိုနှင့် မိုရေးတို့ ရှိ ဘုရားကျောင်းများတွင် လိင်တူလက်ထပ်ပွဲများကို ကျင်းပခဲ့သည်။ ဇွန်လတွင် အက်စ်အီးစီသည် အဲဒင်ဘရာ၌ ညီလာခံ ကျင်းပပြီး လိင်တူစုံတွဲများကို လက်ထပ်ခွင့်ပေးရေး စည်း မျဉ်းများပြင်ရန် ဆုံးဖြတ်ခဲ့သည်။ မက်သယူးစ်နှင့် ဒင်နီး တို့ကို လက်ထပ်ပေးရခြင်းသည် ဂုဏ်ရှိသည့် လုပ်ရပ် ဖြစ်ကြောင်း ဘုန်းကြီးမားကပ်စ်ဒန်ဇ်ကိုဖာက ပြောဆို ခဲ့သည်။ "သူတို့တစ်ယောက်နဲ့ တစ်ယောက်ချစ်တာကို မြင်ရတာ စိတ်ချမ်းသာစရာကောင်းတယ်၊ ကျောင်းတော် က လူတွေတောင် အားကျခဲ့ရတယ်"ဟု ဒန်ဇ်ကိုဖာက ပြောဆိုခဲ့သည်။
မော်လ်တာ
"လိင်တူအခွင့်အရေးနဲ့ပတ်သက်ရင် မော်လ်တာဟာ ဦးဆောင်တဲ့နေရာတစ်ခု ဖြစ်ရပါမယ်။ တစ်ကမ္ဘာလုံး အတွက် စံပြဖြစ်စေရပါမယ်"ဟု မော်လ်တာဝန်ကြီးချုပ် ဂျိုးဆက်မက်စ်ကတ်ကပြောဆိုခဲ့သည်။ ကက်သလစ်ဘာ သာဝင်အများစုနေထိုင်သော မော်လ်တာသည် ၂၀၁၁ ခုနှစ်တွင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီးနောက် ကွာရှင်း ပြတ်စဲမှုဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။ ခြောက် နှစ်အကြာ၌မူ လိင်တူအခွင့်အရေးနှင့်ပတ်သက်လျှင် ဥရောပ၌ လွတ်လပ်မှုအရှိဆုံးနိုင်ငံ ဖြစ်ခဲ့သည်။ လိင်တူ ချစ်သူများကို အတင်းအကျပ် လိင်စိတ်ပြောင်းလဲခြင်းအား ပိတ်ပင်သည့် ပထမဆုံးနိုင်ငံလည်း ဖြစ်လာခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက်၌မူ လိင်တူ လက် ထပ်မှုကို ဥပဒေဖြင့် အတည်ပြုပေးခဲ့သည်။ လိင်တူလက် ထပ်မှုကို တရားဝင်အသိအမှတ်ပြုမည့် ဥပဒေကြမ်းကို လွှတ်တော်က ၂၀၁၇ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် အတည် ပြုခဲ့သည်။ သမ္မတက ၂၀၁၇ ခုနှစ် သြဂုတ် ၁ ရက်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။ သြဂုတ် ၂၅ ရက်၌ ကျားမတန်းတူညီမျှရေး ဝန်ကြီးက စက်တင်ဘာ ၁ ရက် တွင် ဥပဒေ စတင်သက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။ ယောကျာ်းနှင့် မိန်းမအကြား လက်ထပ်သည့် ပထမအဆင့်လက်ထပ်မှုနှင့် အခြားလူများ လက်ထပ်မှု ဖြစ်သည့် ဒုတိယအဆင့် လက်ထပ်မှုဆိုသည်မှာ မရှိစေ ရဟု မက်စ်ကတ်က ပြောဆိုခဲ့သည်။
သြစတြီးယား
လိင်တူလက်ထပ်မှုကို ပိတ်ပင်သည့် ဥပဒေကို ပြန် လည်သုံးသပ်မည်ဖြစ်ကြောင်း သြစတြီးယားဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှာတော့ ဖွဲ့စည်းပုံခုံံရုံးသည် လိင်တူလက်ထပ်မှုအား ပိတ်ပင်ထားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီ ကြောင်း ဆုံးဖြတ်ခဲ့သည်။ သြစတြီးယား၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစပြီး လိင်တူလက်ထပ်မှု ဥပဒေသက် ရောက်မည်ဖြစ်သည်။ ၂၀ဝ၆ ခုနှစ်တွင် ဥရောပသမဂ္ဂကပြုလုပ်ခဲ့သည့် စစ် တမ်းအရ သြစတြီးယားနိုင်ငံသား ၄၉ ရာခိုင်နှုန်းက လိင်တူလက်ထပ်မှုကို ထောက်ခံကြောင်း ပြောဆိုခဲ့သည် ဟု ဖော်ပြထားသည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ဒယ် စတန်းဒတ်က ပြုလုပ်ခဲ့သည့် စစ်တမ်းတွင်မူ နိုင်ငံသား ၆၁ ရာခိုင်နှုန်းက လိင်တူလက်ထပ်မှုကို ထောက်ခံကြောင်း ပြောဆိုခဲ့ပြီး ၃၃ ရာခိုင်နှုန်းက ကန့်ကွက်ကြောင်း ပြော ဆိုခဲ့သည်။ အမျိုးသမီးများနှင့် လူငယ်အများစုက လိင်တူ လက်ထပ်မှုကို ထောက်ခံခဲ့သည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် အွိုင်စတားရိုက်ချ်မဂ္ဂဇင်းက ပြုလုပ်ခဲ့သည့် စစ်တမ်းအရ သြစတြီးယားနိုင်ငံသား ၅၉ ရာခိုင်နှုန်းက လိင်တူလက်ထပ်မှုကို ထောက်ခံကြောင်း ပြောဆိုခဲ့ပြီး ၂၅ ရာခိုင်နှုန်းက ကန့်ကွက်ကြောင်းပြောဆို ခဲ့သည်။ သြစတြီးယားဖွဲ့စည်းပုံခုံရုံး၏ဆုံးဖြတ်မှုကြောင့် သြစတြီးယားသည် လိင်တူလက်ထပ်မှုကို ဥပဒေဖြင့် အတည်ပြုပေးသည့် ၁၅ နိုင်ငံမြောက် ဥရောပနိုင်ငံဖြစ် လာမည်ဖြစ်သည်။
သြစတြေးလျ
"လိင်တူလက်ထပ်မှုကို ဥပဒေနဲ့ အတည်ပြုပေးနိုင်တာ ကျွန်တော်တို့အစိုးရရဲ့ အကြီးကျယ်ဆုံးအောင်မြင်မှုပဲဗျ" ဟု သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွမ်းတန်းဘူးက ပြော ဆိုခဲ့သည်။ ဝန်ကြီးချုပ်တန်းဘူးသည် ဒီဇင်ဘာ ၈ ရက် တွင် သြစတြေးလျ အုပ်ချုပ်ရေးမှူးရုံး ပီတာကော့စ်စိုက် သည် အစိုးရရုံးသို့သွားရောက်ခဲ့ပြီး လိင်တူလက်ထပ်မှု ဥပဒေကြမ်းကိုတင်ပြခဲ့ရာ အုပ်ချုပ်ရေးမှူးက သြစတြေးလျ ၏ ဖွဲ့စည်းပုံဆိုင်ရာအကြီးအကဲ ဒုတိယမြောက် အဲလစ် ဇဘက်ဘုရင်မကြီးကိုယ်စား အတည်ပြုလက်မှတ်ရေးထိုး ပေးခဲ့သည်။
အုပ်ချုပ်ရေးမှူးက အတည်ပြုလက်မှတ်ရေးထိုးပေး ပြီးနောက်တွင် ရှေ့နေချုပ်ရုံးသည် လက်ထပ်လိုသော စုံတွဲများသည် လက်ထပ်ထိမ်းမြားမှုဆိုင်ရာ လျှောက်လွှာ တွင် ကျား၊ မနှင့် ကြက်ခြေခတ်တို့အနက် တစ်ခုခုကို ရွေးချယ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ ကြက်ခြေခတ် သည် အမျိုးအမည်မသတ်ရသေးသော လိင်ဟု အဓိပ္ပာယ် ရသည်။ ယခင်လျှောက်လွှာများတွင် သတို့သားနှင့် သတို့ သမီးဟုသာ ဖော်ပြခဲ့ပြီး ယခုထုတ်ပြန်သည့် လျှောက်လွှာ ၌မူ လက်တွဲဖော်ဟု ဖော်ပြထားသည်။
သြစတြေးလျလွှတ်တော်၌ ဒီဇင်ဘာ ၇ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်အမတ်လေးဦးကသာ ကန့် ကွက်မဲပေးခဲ့ပြီး ကျန်အမတ်များက ထောက်ခံမဲပေးခဲ့ သည်။ သြစတြေးလျ၌ လိင်တူစုံတွဲများသည် လက်ထပ် လိုကြောင်း တစ်လကြိုတင် အကြောင်းကြားရမည်ဖြစ် သောကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ပထမဆုံးလက် ထပ်ပွဲများကို ကျင်းပမည်ဖြစ်သည်။ ပြည်ပနိုင်ငံများ၌ လက်ထပ်ထိမ်းမြားခဲ့သည့် သြစတြေးလျနိုင်ငံသားများ၏လက်ထပ်မှုကိုလည်း သြစတြေးလျအစိုးရက အသိအမှတ် ပြုမည်ဖြစ်သည်။ သြစတြေးလျ၌ နိုဝင်ဘာတွင် လိင်တူ လက်ထပ်မှုနှင့်ပတ်သက်ပြီး စာတိုက်မှတစ်ဆင့် ပြည်သူ့ ဆန္ဒခံယူပွဲကျင်းပခဲ့ရာ မဲပေးခွင့်ရှိသူ ၆၂ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့သည်။
ဖောက်ကလန်ကျွန်း၊ အဆန်ရှင်၊ ထရစ္စတန် ဒါကန်ဟာ၊ ဂူယန်ဆေနှင့် ဘာမြူဒါကျွန်းများ
ဗြိတိန်အုပ်ချုပ်မှုအောက်ရှိ ဖောက်ကလန်ကျွန်း၌ ၂၀၁၇ ခုနှစ် ဧပြီ ၂၉ ရက်ကတည်းက လိင်တူလက်ထပ်မှု တရားဝင်ခဲ့သည်။ ၂၀၁၅ ခုနှစ် စစ်တမ်းကောက်ယူခဲ့ရာ ကျွန်းသား ရာခိုင်နှုန်း ၉၀ က လိင်တူလက်ထပ်မှုကို ထောက်ခံကြောင်း ဖွင့်ဟခဲ့သည်။ ယင်းနောက် လက် ထပ်ထိမ်းမြားမှုဥပဒေ ပြင်ဆင်ဖြည့်စွက်ချက်မူကြမ်းကို ၂၀၁၇ ခုနှစ် မတ် ၃၀၊ ဗြိတိန်ဘုရင်မကြီးက ၂၀၁၇ ခုနှစ် ဧပြီ ၁၃ ရက်တွင် အတည်ပြုပေးခဲ့သည်။ ဗြိတိန်၏ပြည်ပပိုင် အဆန်ရှင်နှင့် ထရစ္စတန်ဒါကန် ဟာကျွန်းများ၌လည်း ၂၀၁၇ ခုနှစ်အတွင်း လိင်တူလက် ထပ်ခွင့် တရားဝင်ရရှိခဲ့သည်။ ယင်းသို့ ခွင့်ပြုသည့် ဥပဒေ ကြမ်းကို အဆန်ရှင်ကျွန်းကောင်စီက ၂၀၁၆ ခုနှစ် မေ ၃၁ ရက်တွင် အတည်ပြုခဲ့သည်။ အုပ်ချုပ်ရေးမှူးသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစပြီး ဥပဒေသက်ရောက် စေမည်ဖြစ်ကြောင်း အမိန့်ဒီဂရီတစ်ရပ်ကို ထုတ်ပြန်ခဲ့ သည်။ ထရစ္စတန်ဒါကန်ဟာ၌လည်း သြဂုတ် ၄ ရက်၌ လိင်တူလက်ထပ်မှုခွင့်ပြုသည့် ဥပဒေကြမ်းကို အုပ်ချုပ် ရေးမှူးက လက်မှတ်ရေးထိုးပြီး ပြန်တမ်းအဖြစ်ထုတ်ပြန် ခဲ့သည်။ ထုတ်ပြန်သည့်နေ့၌ပင် စတင်သက်ရောက်ခဲ့ သည်။
ဂူယန်ဆေ၌ လိင်တူလက်ထပ်မှုသည် ၂၀၁၇ ခုနှစ် မေ ၂ ရက်ကတည်းက တရားဝင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် လိင်တူလက်ထပ်မှုဆိုင်ရာဥပဒေ(ဂူယန်ဆေ)ကို ဗြိတိန်ဘုရင်မကြီးက ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် တွင် အတည်ပြုပေးခဲ့သည်။ ဥပဒေသည် မေ ၂ ရက်မှစပြီးသက်ရောက်မည်ဖြစ်ကြောင်း အစိုးရက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဗြိတိန်ပိုင် ဘာမြူဒါကျွန်း၌လည်း ၂၀၁၇ ခုနှစ် မေ ၅ ရက်ကတည်းက လိင်တူလက်ထပ်မှုသည် တရားဝင်ခဲ့ သည်။ ၂၀၁၃ ခုနှစ် ဇွန် ၁၈ ရက်တွင် ယင်းအချိန်က ဝန်ကြီးချုပ် ခရေ့ဂျ်ကန်နော်နီးယားက ၎င်း၏ အစိုးရ လက်ထက်၌ လိင်တူလက်ထပ်မှုမရှိစေရဟု ကြေညာခဲ့ သည်။ ၂၀၁၆ ခုနှစ် ဇွန် ၂၃ ရက်တွင် ဘာမြူဒါ၌ လိင်တူ လက်ထပ်မှုကို လက်ခံမခံနှင့်ပတ်သက်ပြီး ပြည်သူ့ဆန္ဒ ခံယူပွဲကျင်းပခဲ့ရာ မဲဆန္ဒရှင် ရာခိုင်နှုန်း ၇၀ က ကန့်ကွက် ခဲ့သည်။ သို့သော် မဲပေးသူ ရာခိုင်နှုန်း ၅၀ ပင် မရှိသော ကြောင့် ရလဒ်များ တရားမဝင်ခဲ့ချေ။
၂၀၁၇ ခုနှစ် မေလတွင် တရားလွှတ်တော်ချုပ်တရား သူကြီး ချားလ်စ် အက်တာဆင်မွန်စ်က လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုအပေါ် အခြေခံပြီး လိင်တူလက်ထပ်မှုကို တားမြစ်ခြင်းသည် ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး လက်ထပ် ထိမ်းမြားမှုဥပဒေအရ လိင်တူစုံတွဲများသည်လည်း အလား တူ အကျိုးခံစားသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ဂလိုဘယ်ရစ်ဆက်ချ်က ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ဘာမြူဒါကျွန်း နိုင်ငံသား ၄၈ ရာခိုင်နှုန်းက လိင်တူလက်ထပ်မှုကိုထောက်ခံပြီး ၄၄ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့သည်။
၂၀၁၇ ခုနှစ် စက်တင်ဘာရွေးကောက်ပြီးနောက် တိုးတက်ရေးလေဘာပါတီ (PLP) လွှတ်တော်တွင်း အမတ်နေရာအများစုရရှိခဲ့ပြီးနောက် ပီအယ်လ်ပီမှ အမတ် ဝေးဖာဘတ်က လိင်တူလက်ထပ်မှုကို ပိတ်ပင်သည့် ဥပဒေ ကြမ်းကို တင်သွင်းမည်ဟု ဆိုထားခဲ့ရာ ဘာမြူဒါကျွန်း နိုင်ငံသား လိင်တူချစ်သူများ စိုးရိမ်နေရပြန်သည်ဟုဆိုသည်။
နိဂုံး
လိင်တူလက်ထပ်မှုကို ၂၀ဝ၁ ခုနှစ်တွင် ဥပဒေဖြင့် အတည်ပြုပေးခဲ့သည့် ပထမဆုံးနိုင်ငံမှာ နယ်သာလန်ဖြစ် သည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ ၂၅ နိုင်ငံတွင် လိင်တူလက် ထပ်မှုကို ဥပဒေဖြင့် အတည်ပြုပေးထားပြီဖြစ်သည်။ အခြားရှုထောင့်များမှ အငြင်းပွားဖွယ်ရာများရှိသည့်တိုင် လိင်တူတို့ဘက်မှ ထောက်ခံသူများက လောကကြီး၌ မုန်း ခြင်းထက် ချစ်ခြင်းက ပိုကောင်းသည်၊ အကြမ်းဖက်မှု ထူပြောနေသော ကမ္ဘာကြီးတွင် မေတ္တာတရားနှင့် ချစ်ချင်း တရားသာ လွှမ်းမိုးနေရန် ကြိုးပမ်းရမည်ဟု လူမှုပြောင်း လဲရေး သဘောထားအမြင် ရှိနေကြပုံကိုလည်း ကြိုတင် သတိပြုဖွယ် ဆင်ခြင်ဖွယ် ထူးခြားဖြစ်စဉ်များအဖြစ် ဖော်ပြ လိုက်ရပါကြောင်း။










