ဖေ့စ်ဘွတ်ခ်အသုံးပြုရာတွင် မိမိ၏ ဖေ့ဘွတ်ခ်သူငယ်ချင်းက ဓာတ်ပုံများ၊ ပို့စ်များ ဆက်တိုက်တင်နေသည့်အတွက် မိမိ၏ Newsfeed စာမျက်နှာတွင် ထိုပို့စ်များကို ထပ်ကာတလဲလဲ မြင်တွေ့ရ၍ စိတ်အနှောင့် အယှက် ကြုံတွေ့နေရသူများအတွက် နည်းပညာသစ်တစ်မျိုးကို စမ်းသပ်အနေဖြင့် ဖေ့စ်ဘွတ်ခ်က စတင်မိတ်ဆက်ပေးလျက်ရှိကြောင်း ဒီဇင်ဘာ ၁၉ ရက်၌ သိရသည်။
ပျံ့နှံ့ရောက်ရှိ
မိမိ၏ Newsfeed တွင် မိတ်ဆွေတစ်စုံ တစ်ဦး၊ စာမျက်နှာတစ်ခု သို့မဟုတ် အုပ်စုတစ်ခုမှ ဆက်တိုက်တင်နေသည့် ပို့စ်များကို ရက် ၃ဝ ကြာ မတွေ့မြင်ရစေမည့် Snooze အမည်ရှိ နည်းပညာတစ်ခုကို ဖေ့စ်ဘွတ်ခ်က ဒီဇင်ဘာ ၁၈ ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်တွင် တစ်ကမ္ဘာလုံးမှ သုံးစွဲသူများဆီသို့ ပျံ့နှံ့ရောက်ရှိနေသည်။
ပြန်လည်ပြောင်းနိုင်
ထို Snooze နည်းပညာအသုံးပြုလိုပါက ကွန်ပျူတာနှင့်သုံးစွဲသူ များအနေဖြင့် အဆင်သင့်ရရှိနိုင်မည်ဖြစ်ပြီး Android၊ iOS စနစ် သုံး စမတ်ဖုန်းများတွင်လည်း Application ကို Update မြှင့်တင်ပြီးပါက အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုနည်းပညာကိုအသုံးပြုခြင်းတွင် မိမိ Snooze ပြုလုပ်ထားသော ဖေ့ဘွတ်ခ်သူငယ်ချင်းက ၎င်းအား ထိုသို့ ပြုလုပ်ထားသည်ကို မသိရှိနိုင်ဘဲပုံမှန်အတိုင်းပြန်မြင်ချင်ပါက Snooze အလုပ်ခံရသူ၏ Profile သို့ သွားရောက်၍ အချိန်မရွေးပြန်လည် ပြောင်းလဲနိုင်မည်ဖြစ်သည်။
ရွေးချယ်အသုံးပြု
အချို့သော ဖေ့စ်ဘွတ်ခ် သုံးစွဲသူများက ၎င်းတို့၏ မိတ်ဆွေသူငယ်ချင်း များတင်ကြသော အချို့ပုံများကိုမမြင်လိုဟု ဖေ့စ်ဘွတ်ခ်အဖွဲ့သို့ တိုင်တန်း မှုများရှိလာသဖြင့် ထို Snooze နည်းပညာ တီထွင်လိုက်ခြင်းဖြစ်သည်။ Snooze နည်းပညာအား အသုံးပြုလိုပါက မိမိ၏ Newsfeed တွင် တင်ထားသည့် ပုံတစ်ပုံ၏ ညာဘက်အပေါ်ထောင့်ကို နှိပ်လိုက်လျှင် Menu ဇယားတစ်ခုပေါ်လာမည်ဖြစ်ပြီး ထိုဇယားတွင် Snooze နည်းပညာကို ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်သည်။
















