၂၀၁၇  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ခရီး

၂၀၁၇  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ခရီး

၁၉၄၇ခုနှစ်    ဖေဖော်ဝါရီ ၁၀ရက်က  အစပြု ခဲ့သော  ရှမ်းကိုယ်စား လှယ်များ၊ ကချင်ကိုယ် စားလှယ်များ၊   ချင်းကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ အစိုးရကိုယ်စားလှယ်များ  ဆွေးနွေးခဲ့သည့်ပင်လုံ ညီလာခံသည် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံ စာချုပ်ကို သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ သည့်အလျောက် လွတ်လပ်ရေးကို အရယူရာ တွင် တောင်တန်းနှင့်ပြည်မ မခွဲခြားဘဲ အတူတကွ လွတ်လပ်ရေးကို အရယူမည်ဆိုသော ကတိကဝတ် ဖြင့်  မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးစခန်းသို့ တက်လှမ်းနိုင် ခဲ့သည်။

အဆိုပါစာချုပ် ချုပ်ဆိုနိုင်ရန် တောင်တန်း ဒေသနှင့် ပြည်မခေါင်းဆောင်များ ညှိနှိုင်း တိုင်ပင်ဆွေးနွေးခဲ့ကြသည့် ပင်လုံညီလာခံကို အစွဲပြု၍ ယနေ့ ပစ္စက္ခခတ်ကာလတွင်လည်း နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါးမျှ ကြာမြင့်နေပြီ ဖြစ်သော တိုင်းရင်းသားပဋိပက္ခများ ချုပ်ငြိမ်းရန် ရည်ရွယ်လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး ညီလာခံကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။

ညီလာခံနိဒါန်း

တိုင်းရင်းသားများ စုဝေးတိုင်ပင်နှီးနှော ကြသည့် ညီလာခံသမိုင်းကို ကြည့်မည်ဆိုပါက လွတ်လပ်ရေး အကြိုကာလ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်ကအစပြုခဲ့သော ညီလာခံ ပြီးလျှင် ၁၉၆၁ ခုနှစ်၊ ဇွန်လ ၈ရက်မှ ၁၆ ရက် အထိ တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့သော ရှမ်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် ခေါင်းဆောင်များတွေ့ဆုံလျက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကျင်းပခဲ့သည့် တောင်ကြီး ညီလာခံကို တွေ့ရမည်ဖြစ်သည်။ ညီလာခံတွင် လွန်ခဲ့သော ၁၂ နှစ်တာကာလအတွင်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အားနည်းချက်များနှင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ အားနည်းချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ကြသည်။ အစည်းအဝေးမှ တောင်းဆိုချက် လေးချက်ကို တောင်းဆိုခဲ့ကြပြီး အဆိုပါ တောင်းဆိုချက်များကို ဆက်လက်တောင်းဆိုရန် ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ အသံလွှင့်ရုံခန်းမတွင် ပြည်ထောင်စု ဗမာနိုင်ငံ လူမျိုးပေါင်းစုံ နှီးနှော ဖလှယ်ပွဲ(ပထမနေ့)ကို ကျင်းပခဲ့သည်။ ဒုတိယနေ့ အဖြစ် မတ်လ ၁ ရက်တွင် ဆက်လက်ကျင်းပခဲ့ရာ ပြည်မနိုင်ငံရေးခေါင်းဆောင်များက ပြည်ထောင်စု ဖွဲ့စည်းရေးနှင့်ပတ်သက်သော သဘောထားများ ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပြီး မတ်လ ၂ ရက် လင်းအားကြီးအချိန်တွင်ဗိုလ်ချုပ် နေဝင်း ဦးဆောင်သည့် တပ်မတော်က အာဏာ သိမ်းလိုက်ခြင်းဖြင့် လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲကြီးလည်း ရပ်ဆိုင်းသွားခဲ့ရတော့သည်။

မျက်မှောက်ခေတ်ညီလာခံ

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်မှအစပြုခဲ့သော တပ်မတော်အုပ်ချုပ်ရေးသည် တော်လှန်ရေး ကောင်စီအစိုးရ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်သော တစ်ပါတီစနစ်အစိုးရတို့ဖြင့် ၂၆ နှစ်ကြာအုပ်ချုပ်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်တွင် တပ်မတော်ကပင် အာဏာလွှဲယူလိုက်ပြီး ၂၀၁၁ ခုနှစ် မတ်လကုန် အထိ ၂၂ နှစ်ကျော်မျှ အုပ်ချုပ်ခဲ့ပြီးနောက် အရပ်သားအများစုပါဝင်သော ဒီမိုကရေစီအစိုးရ တစ်ရပ် ပေါ်ထွန်းလာခဲ့သည်။

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက်ရွေး ကောက်ပွဲအပြီး အာဏာရရှိလာသည့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များ ပြန်လည်အသက်ဝင်လာခဲ့ပြီး နောက် ၂၀၁၁ခုနှစ်၊ သြဂုတ်လ ၁၈ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကို ငြိမ်းချမ်းရေးဆွေးနွေးရန် စတင်ဖိတ်ခေါ်ခဲ့သည်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစပြုခဲ့သည်။ ဦးသိန်း စိန်အစိုးရက ဖွဲ့စည်းပေးခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT တို့ ကိုး ကြိမ်မျှ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် NCA ကို သဘောတူညီမှုရရှိခဲ့ကြပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အဆိုပါ သဘောတူညီချက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့က သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့ပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်ပြီး အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည် စတင်ခဲ့သည်။ NCA လက်မှတ်မရေးထိုးရသေး သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာရေး၊ NCA လက်မှတ်ရေးထိုးပြီးသောအဖွဲ့များနှင့် လက်တွဲ ရေး၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြန်လည် သုံးသပ်ရေး၊ NCA စာချုပ်ပါ လမ်းပြမြေပုံအရ အမျိုးသားအဆင့် နိုင်ငံရေးဆွေနွေးပွဲများ အောင်မြင်စွာ  ကျင်းပနိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင် သော အစိုးရသည် ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်မည်ဟုပြော ကြားထားသည့်အတိုင်းပင် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ၄ ရက် ကြာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကို နေပြည်တော်ရှိ မြန်မာ ကွန်ဗင်း ရှင်းစင်တာ၌ ကျင်းပခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်ကညီလာခံအဖွင့်မိန့်ခွန်းပြောကြားရာတွင်နိုင်ငံရေးဆွေးနွေးပွဲ များကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ထီးရိပ်အောက်မှာပင် အားလုံးပါဝင်နိုင် အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြော ကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က -

"တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ သဘောတူညီချက်စာချုပ် (Nationwide Ceasefire Agreement-NCA)ဆိုတာ ငြိမ်းချမ်းရေးအတွက်သာမက ကျွန်မတို့ အားလုံးရှည်ကြာစွာ မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။NCA နဲ့ ပတ်သက်လို့ လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့တွေရှိ သလို အကြောင်းကြောင်းကြောင့် မထိုးရသေးတဲ့ အဖွဲ့တွေလည်းရှိနေပါတယ်။ နိုင်ငံရေး ဆွေးနွေး ပွဲတွေ ဆက်ပြီးပြုလုပ်တဲ့အခါ NCA ကို အခြေခံပြီး ဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် ကျွန်မတို့ အစိုးရသစ်လက်ထက်မှာ ဃြဗ လက်မှတ်ထိုးဖို့ ကျန်နေတဲ့အဖွဲ့တွေ ပါဝင်လာနိုင် အောင် အထူးအလေးထားပြီး ဆောင်ရွက်လျက် ရှိပါတယ်"ဟု ပြောကြားခဲ့သည်။

အဆိုပါ ညီလာခံတွင် အဖွဲ့အစည်းအသီး သီးက အဖွဲ့အလိုက် ကိုယ်စားလှယ်တစ်ဦးစီဖြင့် တစ်ဦးလျှင် ၁၀ မိနစ်ကြာ တင်ပြခွင့်ရရှိခဲ့သည်။  အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၈)ဖွဲ့အပါအဝင်  နိုင်ငံရေး ပါတီများနှင့် လူထုအခြေပြုအဖွဲ့အစည်း အသီး သီးမှ ကိုယ်စားလှယ် ၇၂ ဦးက ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်သော မူဝါဒ စာတမ်းများကို တင်သွင်းဖတ်ကြားခဲ့ကြသည်။ တင်ပြချက်များကို ရုပ်သံများမှ တိုက်ရိုက်ထုတ် လွှင့်ခဲ့သည်ဖြစ်ရာ အမြင်အမျိုးမျိုး ရပ်တည်ချက် အမျိုးမျိုးကို ပြည်သူတို့ သိခွင့်ရရှိခဲ့သည်။ ညီလာခံတွင် ဆွေးနွေး ချက်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က --

"အခုပြောသွားတဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန် တာတို့ တိုက်ခိုက်တာတို့လည်း ပါသွားပါတယ်။ ဒီကိုယ်စားလှယ်တွေထဲမှာ ကျွန်မကလည်း ဒီလို ဖြစ်တာဟာ ဘာမှ ကြောက်စရာမရှိဘူးလို့ ကျွန်မ ဒီလိုပဲယုံကြည်ပါတယ်။ စိုးရိမ်စရာ မရှိဘူး။ ပြဿနာကို စိုးရိမ်စရာမရှိပါဘူး။ ပြဿနာကို မရှိချင် ယောင်ဆောင်နေရတာဟာ ဒါကသာ စိုးရိမ်စရာဖြစ်ပါတယ်။ ပြဿနာမရှိ ချင်ယောင်ဆောင်နေရင် ပြဿနာတွေဖြေရှင်း နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သတ္တိရှိရှိနဲ့ ဒီပြဿနာတွေကို ရင်ဆိုင်မယ်ဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေ မွေးထုတ်မယ်။ တစ်ဦးကိုတစ်ဦး ကူညီမယ်ဖေး မမယ်။ တစ်ဦးရဲ့ အမြင်တစ်ဦးက လေးစားမယ်၊ နားထောင်မယ်။ သဘောထားချင်း မတိုက်ဆိုင် ရင်တောင်မှ ဘာကြောင့်မတိုက်ဆိုင်တဲ့ သဘော ထားတွေရှိနေလဲဆိုတာ စဉ်းစားရမယ်။ ဒါမှကျွန်မတို့အားလုံးညီညီညွတ်ညွတ်နဲ့ လိုချင်တဲ့ ငြိမ်းချမ်းရေး ပန်းတိုင်ကို ရောက်နိုင်မှာ ဖြစ်ပါ တယ်"ဟု ပြောကြားခဲ့သည်။

ညီလာခံကျင်းပနေပုံ တိုက်ရိုက်တင်ဆက် ထုတ်လွှင့်ခြင်းသည်  ပြည်သူများအနေဖြင့်ငြိမ်း ချမ်းရေးဖြစ်စဉ်သည်  မည်မျှခက်ခဲသည်ဆိုသည် ကို သိရှိနိုင်ရန်နှင့် မည်သူတို့က ပြည်သူများ အပေါ် စေတနာထားတယ်ဆိုသည်ကို ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ်နိုင်ဖို့ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အဆိုပါ ပထမအကြိမ် (၂၁)ရာစု ပင်လုံညီလာခံ သည် အစိုးရသစ်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ခြေလှမ်း စတင်လိုက်ပြီဆိုသည်ကို ပြသသည့် သဘောသက်ရောက်ခဲ့ပြီး နိုင်ငံရေး မူဘောင် ပြန်လည်ပြင်ဆင်ရန် နိုင်ငံရေးဆွေးနွေး မှုများကို စတင်ခဲ့ခြင်းလည်းဖြစ်သည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်မှ စက်တင် ဘာ ၃ ရက်အဖိ ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၂၁ ဖွဲ့အနက် ၁၈ ဖွဲ့ တက်ရောက်ခဲ့သည်။ ညီလာခံကျင်းပရခြင်းကို ကျေနပ်ကြောင်း၊အကျိုး ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က --

"အခုဆိုရင် ကျွန်မတို့ ဒီညီလာခံဟာ ညီ လာခံရဲ့ နိဒါန်းပဲဖြစ်ပါတယ်။ ပထမအစည်း အဝေးပါ။ ပထမ အစည်းအဝေးပြီးရင် နောင် လည်း အစည်းအဝေးတွေ လာဦးမှာပါ။ အစည်း အဝေးတွေကြားထဲမှာပဲ လုပ်စရာတွေက အများ ကြီးရှိပါတယ်။ အမျိုးသားအဆင့်ဆွေးနွေးပွဲ များလုပ်ဖို့ဆိုတာဟာ လက်ရှိ ဒီညီလာခံပြီး တာနဲ့ အစည်းအဝေးပြီးတာနဲ့ စတင်ပြီးတော့ ကျွန်မတို့ ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ CSO ဖိုရမ်တွေ ဖြစ်မြောက်ဖို့အတွက်လည်း ကျွန်မတို့ စတင်ပြီး တော့ ပြင်ဆင်ရမှာဖြစ်ပါတယ်။ လုပ်စရာအလုပ် တွေကတော့အများကြီးပါပဲ။ ဒါပေမယ့် လုပ်ရကျိုး နပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တော့ ကျွန်မတို့ လုပ်နေတာဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် လုပ်နေတာ ဖြစ်ပါတယ်။ နိုင်ငံရဲ့  အနာဂတ်ဆိုတာဟာ  အင်မတန်မှ ကြာရှည်တဲ့ကာလကြီးပါ။ နိုင်ငံရဲ့အနာဂတ်မှာ ဒီနိုင်ငံရဲ့ အရိပ်ကို ခိုလှုံသွားရမယ့် ပြည်သူ ပြည်သားများဆိုတာ မရေမတွက်နိုင်အောင်လို့ ရှိလာပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

၂၀၁၇ အတွင်း ကျင်းပမည့် ဒုတိယအကြိမ် (၂၁)ရာစုပင်လုံညီလာခံအကြို ပြင်ဆင်မှုများ

ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁)ရာစုပင်လုံကျင်းပနိုင်ရေးအတွင် အကြိုပြင်ဆင်မှုအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ကိုယ်စားပြု ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  PPST တို့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်က နေပြည် တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့်  ငြိမ်းချမ်းရေးဗဟိုဌာနတွင် တွေ့ဆုံခဲ့ပြီး ထိုနေ့ မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံမှုတွင် အဓိကဆွေးနွေး ခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်၍ PPST အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက -- "အဓိကတော့ ၂၀၁၇ က 'ငြိမ်းချမ်းရေးနှစ်'လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောထား တော့ ဒီငြိမ်းချမ်းရေးနှစ်၊ ငြိမ်းချမ်းရေးရရှိဖို့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ ပေါ့နော်။ ပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းရှာတာပေါ့ နော်။ ဒါနံပါတ် (၁) ပေါ့။ နံပါတ် (၂) ကတော့ လာမယ့် (၂၁) ရာစုပင်လုံက မကြာခင် ကျင်းပ မယ်ဆိုတော့ အားလုံးပါဝင်နိုင်ဖို့နဲ့ အောင်အောင် မြင်မြင်ဖြစ်ဖို့ ဘယ်လိုလုပ်မလဲပေါ့။ နံပါတ်(၃) ကတော့ အဖွဲ့ဝင်ရှစ်ဖွဲ့ထဲမှာ တစ်ဖွဲ့၊ နှစ်ဖွဲ့က အမှုအခင်းနည်းနည်းပါးပါးရှိတော့ အဲဒါလေးတွေ ကို ဘယ်လိုနည်းနဲ့ အဖြေရှာမလဲ၊ ကူညီဆောင် ရွက်ပေးရမလဲပေါ့ အဲဒါပါပဲ အဲဒီ သုံးခု ဒီမနက် ဆွေးနွေးကြပါတယ်" ဟု ပြောဆိုခဲ့သည်။ ဆွေး နွေးပွဲမှ ရရှိလာသည့် ရလဒ်များနှင့်ပတ်သက် ၍လည်း - 'NCA မထိုးရသေးတဲ့ အဖွဲ့တွေ (၂၁)ရာစု ပင်လုံမှာဖြစ်ဖြစ် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာပဲဖြစ်ဖြစ် ပါဝင်လာနိုင် အောင် ကျွန်တော်တို့ ပူးပေါင်းဆောင် ရွက်ဖို့လို တယ်ပေါ့။ဒါကို ဝိုင်းပြီးတာဝန်ယူကြဖို့လိုတယ် ပေါ့။ ဒီအချက်ကို ကျွန်တော်တို့ ဆွေးနွေးပါတယ်။ နောက်ပြီးတော့ အမှုအခင်းတွေနဲ့ပတ်သက်ပြီး တော့ Rule of law Principle အောက်မှာမှ  ဖြစ်နိုင်ခြေရှိတဲ့ သက်သာခွင့်တွေ၊ ကင်းလွတ် ခွင့်တွေကို ရှာဖွေ မယ်ဆိုပြီးတော့ ကျွန်တော်တို့ အဲလိုဆုံးဖြတ်တော့ အစိုးရဘက်က ရှေ့နေချုပ် ဦးထွန်းထွန်းဦးရဲ့ အကြံဉာဏ်တွေကိုလည်း ရယူတာရှိပါတယ်။ အဲဒီလိုနည်းနဲ့ ကြိုးပမ်းနေ တာဖြစ်ပါတယ်" ဟု ဗွီအိုအေသို့ ဖြေကြားခဲ့သည်။

၂၀၁၇ ခုနှစ်၊ မတ်လ ၃ ရက်တွင် ငြိမ်းချမ်း ရေးကော်မရှင်နှင့် အပစ်ရပ်စာချုပ် NCA ကို လက်မှတ်မရေးထိုးသေးသည့် 'ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ နိုင်ငံရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့  DPN တို့ ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနတွင် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် UNFC က တင်ပြထားသည့် အဆိုပြုချက်များ ကို မူအားဖြင့် သဘောတူညီခဲ့ကြပြီး အသေး စိတ်အချက်အလက်များကို ဆွေးနွေးညှိနှိုင်းရန် သဘောတူခဲ့ကြသည်။

(၂၁) ရာစုပင်လုံညီလာခံ ဒုတိယအစည်း အဝေးကို မေလတွင်မှ ကျင်းပနိုင်မည်

ပြည်ထောင်စုငြိမ်းချမ်းရေး- (၂၁)ရာစု ပင်လုံညီလာခံ၊ ဒုတိယအစည်းအဝေးကို မေလ တွင်မှသာ  ကျင်းပနိုင်လိမ့်မည်ဖြစ်ကြောင်း  ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC က ပြောဆိုခဲ့သည်။ ဤ အတောအတွင်း NCA  လက်မှတ်ထိုးနိုင်ရေး အတွက် အစိုးရနှင့်ညီညွတ်သောတိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC တို့ကြားဆွေး နွေးမှုများပြေလည်ပါက  ဒုတိယအကြိမ် (၂၁) ရာစုပင်လုံညီလာခံတွင် နောက်ထပ်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ တက်ရောက်လာ နိုင်လိမ့်မည်ဟုလည်း မျှော်လင့်ခဲ့ကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ၏ အတွင်းရေးမှူး အဖွဲ့အစည်းအဝေးကို မတ်လ ၁၁ ရက်က နေပြည်တော် NRPC အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနချုပ် ရုံး၌ကျင်းပခဲ့ပြီး ဒုတိယအကြိမ် (၂၁) ရာစု ပင်လုံညီလာခံ ပြန်လည်ကျင်းပနိုင်မည့် ကာလ ကို ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။ UPDJC အစည်းအဝေးကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့များက UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ၁၅ ဦး တက်ရောက်ခဲ့ပြီး ၎င်းတို့၏ဆွေးနွေးချက်များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အပါအဝင် သက်ဆိုင်ရာ ဦးဆောင်သူ များထံ တင်ပြခဲ့ကြသည်ဟုလည်း ဆိုသည်။ (၂၁)ရာစုပင်လုံညီလာခံကို (၆)လ တစ်ကြိမ် ကျင်းပရန် သတ်မှတ်ထားခဲ့ပြီး၊ ဒုတိယအကြိမ် ညီလာခံကိုဖေဖော်ဝါရီ ၂၈ ရက်တွင် အစောဆုံး ကျင်းပရန်   UPDJC က ရည်မှန်းထားသော် လည်း NCA လက်မှတ်ရေးထိုးပြီးသောအဖွဲ့ များ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များကျင်းပမှုမပြီးပြတ်သည့်အတွက် မတ်လလယ် တွင်ကျင်းပနိုင်ရန်  ရွှေ့ဆိုင်းခဲ့ပြီးနောက် အခြား အကြောင်းများကြောင့် မေလတွင်းမှသာကျင်းပ ရန် ထပ်မံရွှေ့ဆိုင်းခဲ့ခြင်းလည်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေး ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ၂၀၁၇ ခုနှစ်၊ ဧပြီ ၁၀ ရက်တွင် ကျင်းပခဲ့သည်။ ယင်းအစည်း အဝေးမှ  'ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အတွက် အခြေခံမူများနှင့် ပင်လုံလက်စွဲစာတမ်း' ကို အတည်ပြုနိုင်ခဲ့ကြောင်း အဖွဲ့ပြောခွင့်ရ CNF ချင်းအမျိုးသားတပ်ဦး ခေါင်းဆောင် ဆလိုင်းထလာဟေးက ဆွေးနွေးပွဲအပြီး၌ ပြောကြားခဲ့သည်။

ယင်းအစည်းအဝေးသို့ NCA အပစ်ရပ် အဖွဲ့ခုနစ်ဖွဲ့နှင့် NCA ကို လက်မှတ်မထိုး ရသေးသည့် UNFC မှ ခုနစ်ဖွဲ့တို့၏ ခေါင်း ဆောင် ၆၂  ဦး တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။ (၂၁)ရာစုပင်လုံ ဒုတိယညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး တန်းတူဂုဏ်သိက္ခာရှိရှိတက်ရောက် နိုင်အောင် ကြိုးပမ်းမည်ဟုလည်း ဆလိုင်း ထလာဟေးက ပြောကြားခဲ့သည်။

သဘောတူညီချက် ၄၁ ချက် ရရှိခဲ့

 ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ (၁၀)ကြိမ် မြာက်အစည်းအဝေးကို မေ ၁၂ ရက် နံနက် ပိုင်းတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ယနေ့ကျင်းပသည့် အစည်းအဝေး၌ အဓိကအားဖြင့် မေ ၂၄ ရက်တွင်စတင်မည့် ညီလာခံအတွက် ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ ယင်းနှင့်ဆက်နွှယ်နေသည့် အခြားကိစ္စများကို လည်း ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ယခု ဆိုလျှင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့ ကြိုးပမ်းခဲ့သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ပါ ကြောင်း၊ တစ်နှစ်ကျော်ကာလအတွင်း အားလုံး ခြုံကြည့်လျှင် တိုးတက်မှုရှိသည်ဟု ယူဆပါ ကြောင်း၊ ဒုတိယအကြိမ်ကျင်းပမည့် (၂၁) ရာစုပင်လုံညီလာခံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးကို အောင်မြင်အောင် လုပ်ဆောင် ရန်အတွက် အားလုံးတွင် တာဝန်ရှိသည်ဟု ယူဆပါကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ ခေါင်းစဉ်ကြီး ခြောက်ခု၌ အချက်ပေါင်း ၂၁ ချက်ကို သဘောတူညီမှု ရရှိသည်။ အဆိုပါ သဘောတူညီချက်များမှာ အချုပ်အခြာ အာဏာ၌ တစ်ချက်၊ အချုပ်အခြာ အာဏာကျင့်သုံးမှု၌ တစ်ချက်၊ တန်းတူရေး၌ နှစ်ချက်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၌ ငါးချက်၊ ဖက်ဒ ရယ်ပြည်ထောင်စုမူ (ဖွဲ့စည်းမှုနှင့် အာဏာခွဲ ဝေမှု) ၌ ၁၀ချက်၊ ပါတီစုံဒီမိုကရေစီစနစ်၌ နှစ်ချက် စုစုပေါင်း ၂၁ ချက်ကို နိုင်ငံရေးကဏ္ဍတွင် အတည်ပြုနိုင်ခဲ့သည်။

ထို့ပြင် စီးပွားရေးကဏ္ဍ ခေါင်းစဉ်ကြီး ခုနစ်ခု၌ အချက်ပေါင်း ၁၀ချက်၊ လူမှုရေးကဏ္ဍ၌ အချက်ပေါင်း လေးချက်၊ မြေယာနှင့် သဘာဝ ပတ်ဝန်း ကျင်ကဏ္ဍ၌ အချက်ပေါင်း ခြောက်ချက် စုစုပေါင်း ၄၁ချက်ကို သဘောတူညီမှုရရှိခဲ့သည်။ ယခုရရှိခဲ့သည့် နိုင်ငံရေးကဏ္ဍ ခေါင်းစဉ်ကြီး ခြောက်ခု၌ သဘော တူညီခဲ့သည့် အချက်ပေါင်း ၂၁ ချက်၌ မြန်မာ့သမိုင်းတွင် မရှိခဲ့ဖူးသည့် ဖက်ဒရယ်ဆိုင်ရာ သဘောတူညီချက်များကို ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါ သဘောတူညီချက် ၄၁ ချက်အား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံသို့ တင်သွင်းပြီး အတည်ပြုချက်များ ရယူသွားမည် ဖြစ်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို မေ ၂၄ ရက်မှ ၂၈ ရက်အထိ ငါးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေးကျင်းပ ရာတွင်ကဏ္ဍအလိုက် ဆွေးနွေးပွဲများ၊ အစု အဖွဲ့အလိုက် ဆွေးနွေးပွဲများနှင့် ညီလာခံတွင် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ထိုအတောအတွင်း မေလ ၁၆ ရက် သတင်းများအရ 'မေလ ၂၄ ရက်တွင် ကျင်းပ မည့် ဒုတိယပင်လုံညီလာခံသို့ အစိုရအနေဖြင့် တိုင်းရင်းသား အဖွဲ့အားလုံးကို ဖိတ်ကြားသွား မည်ဆိုလျှင်ပင် အပစ်ရပ်လက်မှတ်မရေးထိုး ရသေးသည့် UNFC အဖွဲ့အနေဖြင့် ဆွေးနွေး တင်ပြခွင့်မရရှိပါက  တက်ရောက်ရန် မသေ ချာကြောင်း' UNFCဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ဗီအိုအေသို့ ပြောကြားခဲ့သည်။ " ဒီ ဒုတိယ ပင်လုံညီလာခံအနေ အထား ကတော့  UNFC လည်း တက်မယ်၊ မတက်ဘူးဆို တာက မသေချာဘူး ၊ နောက်ပြီးမြောက်ပိုင်း 'ဝ' အဖွဲ့တွေလည်း တက်ဖို့အလားအလာ နည်းတယ်လို့ပဲ ကျွန်တော်တွေ့ရတယ်။ ဒီအဖွဲ့ တွေမပါဘူးဆိုရင် လက်မှတ်ထိုးထားတဲ့ ရှစ်ဖွဲ့ ကနေပဲ လုပ်မယ်ဆိုရင်တော့ ဒါက ဘာမှ ထိရောက်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့က မြင်တယ်။ ဒီ ဒုတိယ ပင်လုံညီလာခံကလည်း ဆုံးဖြတ်လို့မရတဲ့ အဓိပ္ပာယ်နည်းနည်း သက် ရောက်မှု အနေအထားမျိုးမှာပဲ ရှိနေမယ်လို့ ကျွန်တော်မြင်တယ်}} ဟု ပြောဆိုခဲ့သည်။ UNFC အဖွဲ့ဝင်များအနက်မှ ကချင်လွတ် လပ်ရေးအဖွဲ့ KIO နှင့် 'ဝ' အမျိုးသားအဖွဲ့ချုပ် (WNO)တို့က နုတ်ထွက်ကြောင်း တင်ပြထား သော်လည်း နုတ်ထွက်ခွင့် ပြုရေး၊ မပြုရေးကို ဇွန်လဆန်း၌  ကျင်းပမည့်  ညီလာခံမှသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းလည်း နိုင်ဟံသာ က ပြောကြားခဲ့သည်။

UNFC အဖွဲ့အတွင်းမှာပင် NCA လမ်း ကြောင်းကိုလက်ခံသည့်အဖွဲ့၊  NCA လမ်းကြောင်း ကို လက်မခံသည့်အဖွဲ့ဟူ၍ အမြင်ကွဲပြားနေ သည့်အနက် မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ KNPP ၊ ရခိုင်အမျိုး သားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU  ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA စသည့် အဖွဲ့(၅)ဖွဲ့မှာ NCA လမ်းကြောင်းကိုသဘောတူခဲ့သည်ဟုလည်း သိရသည်။  'ဝ'  ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA)မှဦးဆောင်ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော် ဝါရီနောက်ဆုံးပတ်ကကျင်းပခဲ့သည့် ပန်ခမ်း ညီလာခံအပြီး UWSA 'ဝ' ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့၊   KIO ကချင်လွတ်လပ်ရေး အဖွဲ့၊TNLA တအာန်းပလောင်တပ်ဖွဲ့၊ မိုင်း လားတပ်ဖွဲ့(NDAA)၊ ရခိုင်တပ်မတော်(AA)၊ ကိုးကန့်အဖွဲ့ (MNDAA) တို့သည် NCA ကို လက်မခံဘဲ ငြိမ်းချမ်းရေးလမ်းကြောင်းသစ်တစ်ခုကိုဖော်ဆောင်သွားမည်ဟုလည်း ကြေညာ ချက်ထုတ်ပြန်ထားသည်။ မေလ ၂၀ ရက် သတင်းများတွင် မကြာမီကျင်းပမည့် (၂၁) ရာစုပင်လုံ ဒုတိယညီလာခံသို့ တက်ရောက်ရန် ဃြဗ လက်မှတ်မရေးထိုးရသေးသည့် မြောက် ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သော တအာန်းပလောင် NLA ၊ AA  နှင့် ကိုးကန့်အဖွဲ့တို့ကို ဖိတ်ကြား မှုမရှိကြောင်း ဖော်ပြခဲ့သည်။

(၂၁)ရာစုပင်လုံဒုတိယညီလာခံကျင်းပ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်သည် မြန်မာပြည်သူတို့အတွက် ငြိမ်းချမ်းရေးနှစ် ဖြစ်ရမည်ဟု ဆိုခဲ့သော်လည်း ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်တွင် ကျင်းပခဲ့သော (၂၁)ရာစု ပင်လုံ ဒုတိယညီလာခံသည် မေ ၂၉ ရက်တွင် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက် ၃၆ ချက် ဖြင့် အပြီးသတ်ခဲ့ရပြီး (၂၁)ရာစုပင်လုံ တတိယ ညီလာခံကိုမျှော်မှန်းထားသည့်အတိုင်း ခြောက်လ တစ်ကြိမ် မကျင်းပနိုင်ခဲ့ပေ။ နိဂုံးချုပ်အားဖြင့်ဆရာ မျိုးရန်နောင်သိမ်း၏ 'ငြိမ်းချမ်းရေးဖြစ်စဉ်သုံးသပ်ချက်'ပါ တင်ပြချက် များဖြင့် ဤဆောင်းပါးကို အဆုံးသတ် တင်ပြ လိုပါသည်။

"ညီလာခံပြီးနောက် ၂၀၁၇ ခုနှစ် ဇွန်လနှင့် ဇူလိုင်လ၌ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ထူးခြားသောဖြစ်ရပ်များမရှိခဲ့ပါ။ UPDJC သည်လည်း သိသာထင်ရှားသော ကိစ္စရပ်များ လုပ်ဆောင်ခဲ့ခြင်းမရှိပါ။ NCA လက်မှတ်ထိုး ထားသည့် လက်နက် ကိုင်အဖွဲ့အစည်း (၈)ဖွဲ့သည်လည်း ငြိမ်းချမ်းရေးဖြစ်စဉ် ပြန်လည်သုံး သပ်သည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများမှ လွဲ၍ အခြားသောကိစ္စရပ်များ လုပ်ဆောင်နိုင် ခဲ့ခြင်းမရှိခဲ့ကြပါ။ သြဂုတ်လအတွင်းမှသာ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC တို့ဆွေးနွေး ပွဲများ ပြန်လည်စတင် နိုင်ခဲ့သည်။ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံပြီးနောက် သိသာထင်ရှားပြီး ကြီးမားသော ဖြစ်ပေါ်တိုး တက်မှုတစ်ခုမှာUNFC က NCA လက်မှတ် ရေးထိုးတင်ပြတောင်းဆိုထားသည့် အချက် ရှစ်ချက်အနက်  ခြောက်ချက်ခန့်  ရရှိခဲ့ပြီး နှစ်ချက်ခန့်သာ ညှိနှိုင်းရန်ကျန်ရှိတော့သည့် အနေအထားဖြစ်သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ရှစ်ကြိမ်မြောက် တွေ့ဆုံခဲ့သော ငြိမ်းချမ်းရေးကော်မရှင်နှင့်  DPN တို့တွေ့ဆုံ ဆွေးနွေးရာမှ ထွက်ပေါ်လာခဲ့သော တိုးတက် မှုလည်း ဖြစ်သည်။UNFC သည်လည်း NCA လက်မှတ်ရေးထိုးတော့မည့် အခြေအနေဖြစ် ခဲ့သည်။ တစ်နှစ်ကျော်ကြာ ညှိနှိုင်းဆွေးနွေး လာခဲ့ပြီးနောက် ထိုသို့တိုးတက်မှုရရှိခဲ့ခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အားတက်စရာ ဖြစ်ခဲ့သည်။

သို့သော် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ကျန်ရှိနေ သော အချက်နှစ်ချက်ကို ဆက်လက်ဆွေးနွေး ရန် စီစဉ်ခဲ့ကြသော်လည်း ဆွေးနွေးပွဲကျင်းပရန် နာရီပိုင်းအလိုရောက်မှ ဆွေးနွေးပွဲပျက် သွား ခဲ့ရသည်။ ပျက်သွားခဲ့ရသည့်အကြောင်းမှာလည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုသော ဝေါဟာရကြောင့် ဖြစ်ခဲ့သည်။ အစိုးရဘက်မှ NCA ပါအတိုင်း လက်ခံသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စု နှင့် UNFC ဘက်မှ အဆိုပြုသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဟု သုံးနှုန်းလိုသည်။ ထိုစကားလုံးအသုံးအနှုန်းအပေါ် သဘောတူညီ မှုမရ၍ ဆွေးနွေးပွဲပျက်ခဲ့ရခြင်းဖြစ်သည်။

မည်သို့ဆိုစေ အစိုးရနှင့် UNFCတို့သည် ဆက်လက်ဆွေးနွေးရမည်ဖြစ်ပါသည်။ ဆွေးနွေး ပွဲ ပျက်သွားခဲ့သည့်အတွက် စိတ်ပျက်လက်ပျက် ဖြစ်သည့် အသံများ ကြားမိသည်။ သို့သော် အစိုးရအနေဖြင့်လည်း  UNFC ကို လက်မလွှတ် သင့်ဘဲ သဘောတူညီချက်ရသည် အထိ ဆက် လက်ကြိုးစားရမည်ဖြစ်ပါသည်။ UNFC အဖွဲ့ ဝင်များNCA လက်မှတ်ရေးထိုးရန်နှင့် ငြိမ်း ချမ်းရေးညီလာခံသို့တက်ရောက်လာရန် အရေး ကြီးပေသည်။ အထူးသဖြင့် UNFCအဖွဲ့ကို ဦးဆောင်နေသည့် KNPP နှင့် NMSP တို့ ပါဝင်လာရေးသည် ပိုမိုအရေးပါပါသည်။ ယခု အနေအထားအရ ညီလာခံသို့တက်ရောက် နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှာ ရှမ်း(RCSS/SSA)၊ ချင်း (CNF)၊ ကရင် (KNU, DKBA, KNU /KNLA-PC) နှင့် ရခိုင်(ALP)တို့ ပါဝင်ပြီးဖြစ် သည်။ ကယား(KNPP)နှင့် မွန်(NMSP)တို့သာ ပါဝင်လာပါက ပြည်နယ်(၇)ခုအနက် ခြောက်ခုက ညီလာခံ၌ ပါဝင်ပြီးဖြစ်သွားပေမည်။ ကျန်တော့မည့်ပြည်နယ်မှာ ကချင် (KIO/KIA) တစ်ခုသာ ဖြစ်ပါလိမ့်မည်။ ကယားနှင့် မွန်တို့သာ ညီလာခံအတွင်း ပါဝင်ဆောင်ရွက် လာကြမည်ဆိုလျှင် ညီလာခံသည် တရားဝင်မှု ပိုမိုရရှိလာမည်ဖြစ်ပြီး၊ ညီလာခံမှထွက်ပေါ် လာမည့် သဘောတူညီချက်သည်လည်း ပိုမို ခိုင်မာအားကောင်းပါလိမ့်မည်။ ညီလာခံမှရရှိ ခဲ့သောသဘောတူညီချက်များအပေါ် ထောက်ခံ မှု ပိုမိုအားကောင်းလေ၊ အဆိုပါသဘောတူညီ ချက်များကို အကောင်အထည်ဖော်ရန် ပိုမို အလားအလာကောင်းလေးဖြစ်ပါသည်။"

သို့ဖြစ်ရာ (၂၁)ရာစုပင်လုံ ဒုတိယညီလာ ခံသည် မြန်မာနိုင်ငံအတွက် ၂၀၁၇ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ် မဖြစ်ခဲ့ပါသော်လည်း လာမည့် နှစ်များတွင်မူ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင် မည့် အလားအလာကောင်းများကိုမူ သယ်ဆောင် နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါသည်။

ရည်ညွှန်း-

(၁) ငြိမ်းချမ်းရေးဖြစ်စဉ်သုံးသပ်ချက် (မျိုးရန်နောင်သိမ်း)

(၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး (ကျော်လင်းဦး)(မြန်မာ့ရေးရာ အမှတ်-၂၊ ဇန်နဝါရီ)

(၃) ဗွီအိုအေမြန်မာပိုင်းအစီအစဉ်အသံ လွှင့်အစီအစဉ်မှ အသံလွှင့်သတင်းများ

(၄) အွန်လိုင်းစာမျက်နှာများမှ ငြိမ်းချမ်း ရေးသတင်းများကို ကိုးကားကောက်နုတ် ရေးသားပါသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်