၂၀၁၇ ခုနှစ်အတွင်း မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားစမ်းသပ်မှု သတင်း များသည် မကြာခဏ ကမ္ဘာ့ထိပ်တန်းသတင်း ဖြစ်ခဲ့သည်။ အနည်းငယ်သော ကွန်မြူနစ်နိုင်ငံ လက်ကျန်များထဲ အပါအဝင်ဖြစ်ပြီး အထီးကျန် တံခါးပိတ်နိုင်ငံဖြစ်သည့်အပြင် ကင်အီဆွန်း၊ ကင်ဂျုံအီမှသည် ယခု ကင်ဂျုံအန်အထိ အဘိုးမှ သည် သားနှင့်မြေးလက်ထက်အထိ အာဏာ ဆင့်ကမ်း ပုဂ္ဂိုလ်ရေးစိုးမိုးမှုဖြင့် အုပ်ချုပ်နေသော မြောက်ကိုရီးယားသည် ဒုတိယကမ္ဘာစစ်ကြောင့် ကွဲပြားခဲ့ရသည့် ပြိုင်ဘက်တောင်ကိုရီးယား အပြင် အမေရိကန်ကဲ့သို့ စူပါပါဝါကိုပါ စိန်ခေါ် ခဲ့၍ လေ့လာသူများက အထူးစိတ်ဝင်စားခဲ့ကြ သည်။
စင်စစ် မြောက်ကိုရီးယားသည် ၂၀ဝ၆ ခုနှစ်၌ ပထမဆုံး နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ က စီးပွားရေးပိတ်ဆို့မှုအပါအဝင် ပြစ်ဒဏ်ခတ် သည့်ဆုံးဖြတ်ချက် ချမှတ်ခံခဲ့ရသည်။ သို့ဖြစ်လင့် ကစား ၁၀ နှစ်အကြာ ၂၀၁၆ ခုနှစ်၌ မြောက် ကိုရီးယား၏ ဂျီဒီပီသည် ၃ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့၍ ၁၇ နှစ်အတွင်း တိုးတက်မှု အမြန်ဆုံးဖြစ်ခဲ့သည်။ မြောက်ကိုရီးယား၏ ပြည်ပကုန်သွယ်မှု ရာခိုင်နှုန်း ၉၀ ကျော်မှာ တရုတ်နှင့်သာဖြစ်၍ တိုးတက်မှုသည် အဓိက အားဖြင့် တရုတ်ပေါ်သာ အခြေခံသည်။ ၂၀၁၇ ခုနှစ်အတွင်း၌ မြောက်ကိုရီးယား သည် ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်ပြု လုပ်ခဲ့သည့်အနက် နျူကလီယားထိပ်ဖူးတပ် ဆင်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်စွမ်းရည်သည် ဒေသတွင်းကိုကျော်လွန်ကာ အမေရိကန် ကိုပင် တိုက်ရိုက်ခြိမ်းခြောက်နိုင်ကြောင်း ထုတ် ဖော်ပြသခဲ့သည်။ ယင်းစွမ်းရည်သည် အမေရိကန်ထောက် လှမ်းရေး အသိုင်းအဝိုင်းက အစီရင်ခံသည်ထက် တိုးတက်မှု ပိုမိုမြန်ဆန်ခဲ့သည်။ ယင်းအဖြစ် နှင့်အတူ အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက် ပြောဆိုမှုများ လည်း ပေါ်ပေါက်ခဲ့၍ နိုင်ငံတကာက စိုးရိမ် ပူပန်မှုများ မြင့်မားခဲ့ရသည်။
၂၀၁၇ ခုနှစ် မြောက်ကိုရီးယား ဒုံးကျည် ပစ်ခတ်မှုများ
၂၀၁၇ ခုနှစ် နိဒါန်းအစ ဇန်နဝါရီ ၂ ရက်၌ပင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ၄င်းတို့သည် တိုက်ချင်းပစ်ဒုံးကျည် (အိုင်စီဘီအမ်)တစ်စင်း စမ်းသပ်ပစ်ခတ်ရန်ပြင် ဆင်မှု နောက်ဆုံးအဆင့် ရောက်ရှိနေပြီဟု ကြေညာခဲ့သည်။ ယင်းအတွက် အမေရိကန် အပါအဝင် နိုင်ငံတကာက သတိပေးခဲ့ပြီး မြောက်ကိုရီးယား၏ မဟာမိတ်တရုတ်ကလည်း ဖျောင်းဖျခဲ့သည်။ မည်သို့ဖြစ်စေ ၂၀၁၇ ခုနှစ်အတွက် ပထမ ဆုံးဒုံးကျည်ကို ဖေဖော်ဝါရီ ၁၁ ရက်၌ စတင် ပစ်လွှတ်ခဲ့သည်။ ပါခွတ်ဆန် ၂ အမျိုးအစား တာလတ်ပစ်ဒုံးကျည်သစ် ပထမဆုံး ပစ်ခတ် ခြင်းဖြစ်၍ ဂျပန်ပင်လယ်ထဲ ကျရောက်ခဲ့သည်။ တစ်ဖန် တစ်လမပြည့်မီ မတ် ၆ ရက်၌ပင် အနောက်မြောက်ဒေသမှနေ၍ ဒုံးကျည်လေးစင်း ပစ်ခတ်စမ်းသပ်ခဲ့ပြန်သည်။ ယင်းကြောင့် တရုတ်သည် ကုလဆုံးဖြတ်ချက်ကို လိုက်နာ၍ မြောက်ကိုရီးယားနှင့် ကုန်သွယ်မှုလျှော့ချ တော့မည်ဟု ပြောဆိုခဲ့သည်။ ယင်းအခြေအနေ၌ပင် ၂၀၁၇ ခုနှစ် ဧပြီလ အတွင်း၌လည်း မြောက်ကိုရီးယားသည် ဒုံးကျည် ပစ်ခတ်စမ်းသပ်မှု သုံးကြိမ်တိုင်တိုင် ပြုလုပ် ခဲ့ပြန်သည်။ ဧပြီ ၄ ရက်၊ ၁၆ ရက်နှင့် ၂၉ ရက်တို့၌ တာလတ်ပစ်ဒုံးကျည်တစ်စင်းစီ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၄ ရက် စမ်းသပ်မှုသာ အောင်မြင်၍ ဂျပန်ပင်လယ်ထဲ ကျရောက်ခဲ့ပြီး ကျန်နှစ်ကြိမ်၌ ဒုံးကျည်များသည် ကိုရီးယား ကျွန်းဆွယ်ပြင်ပပင် မရောက်ခဲ့ပေ။ မြောက်ကိုရီးယားကို တုံ့ပြန်ရန် နည်းလမ်းစုံ စားပွဲပေါ်ရှိနေကြောင်း အမေရိကန်အမျိုးသား လုံခြုံရေး အကြံပေး မက်မာစတာက ပြောဆို ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားကို ရှုတ်ချသည့်အပြင် တရုတ်ကိုပါ မြောက်ကိုရီးယားက မလေးမစား ပြုနေကြောင်းပြောခဲ့သည်။ ယင်းနောက် တရုတ် မီဒီယာများကလည်း မြောက်ကိုရီးယားကို ဝေဖန်ပြစ်တင်ခဲ့ကြသည်။
မေ ၃ ရက်၌မူ မြောက်ကိုရီးယားတို့သည် တရုတ်ကိုပါ ပြင်းထန်စွာတုံ့ပြန်ရှုတ်ချခဲ့သည်။ တရုတ်မီဒီယာတို့သည် အမေရိကန်တီးကွက် အတိုင်း လိုက်ကနေသည်ဟု မြောက်ကိုရီးယား မီဒီယာက ဝေဖန်ခဲ့သည်။ ထိုအခါ တရုတ်က မြောက်ကိုရီးယားနှင့် ကုန်သွယ်မှုလျှော့ချ မည်ဟု ကြေညာခဲ့သည်။ ဤသို့ပြောဆိုခဲ့သော် လည်း တရုတ်က မြောက်ကိုရီးယားမှ ကျောက် မီးသွေးတင်သွင်းမှုသည် ၂၀၁၆ ထက် ၂၀၁၇ ခုနှစ်တွင် တန်ဖိုးပိုမိုများပြားခဲ့သည်။ ယင်းအခြေ အနေမျိုးကြောင့်လည်း မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ပြီးတိုင်း အမေရိကန်က တရုတ် အား မြောက်ကိုရီးယားကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန် ဖိအားပေးခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားသည် မေလအတွင်း၌ လည်း ၁၃ ၊ ၂၁ နှင့် ၂၉ ရက်တို့တွင် ဟွာဆောင်း ၁၂၊ ပါခွပ်ဆန် ၂ နှင့် တာတိုပစ်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်ခဲ့ပြန်သည်။ ဇွန်လတွင်လည်း ဒုံးကျည်ကိစ္စနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ၈ ရက်တစ်ရက်တည်း၌ ဒုံးကျည်အများအပြားပစ်ခတ်ခဲ့ပြီး ၂၃ ရက်မှာ တော့ တိုက်ချင်းပစ်ဒုံးကျည်တွင် တပ်ဆင်မည့် ဒုံးအင်ဂျင်သစ်ကို စမ်းသပ်ခဲ့သည်။ ဇူလိုင်တွင်မူ တိုက်ချင်းပစ်ဒုံးကျည် နှစ်ကြိမ် စမ်းပစ်ပြန်သည်။ အမေရိကန်လွတ်လပ်ရေး နေ့ဖြစ်သည့် ဇူလိုင် ၄ ရက်၌ မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည်သစ် ဟွာဆောင်း ၁၄ ကို ပထမဆုံးအကြိမ် ပစ်ခတ်ပြခဲ့သည်။ ဇူလိုင် ၂၈ ရက်၌ နောက်ထပ် တိုက်ချင်း ပစ်ဒုံးကျည်တစ်စင်း ပစ်ခတ်သည်။ ယင်းဒုံး ကျည်ကို ဟော့ကိုင်းဒိုးကျွန်းပေါ်မှ မြင်လိုက် ကြရပြီး လော့စ်အိန်ဂျလိစ်၊ ဒင်ဗာ၊ ချီကာဂို၊ ဘော်စတွန်နှင့် နယူးယောက်သို့ လက်လှမ်းမီ သည်ဟုဆိုသည်။ သြဂုတ်၌လည်း နှစ်ကြိမ်ပစ်ခတ်သည်။ ၂၆ ရက်၌ တာတိုပစ်ဒုံးကျည်သုံးစင်း စမ်းပစ် သည်။ ၂၉ ရက်၌ ဂျပန်ပေါ် တစ်စင်းကျော်ပစ်ရာ တာလတ်ပစ် ဖြစ်နိုင်သည်။ စက်တင်ဘာအတွင်း ၃ ရက်၌ နျူကလီးယားစမ်းသပ်မှုတစ်ကြိမ်ပြုလုပ်ခဲ့ပြီး ၁၅ ရက်၌ ဟော့ကိုင်းဒိုးကျွန်းပေါ် ကျော်လွန်အောင် ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့ပြန်သည်။ အောက်တို ဘာလ၌ကာ ဒုံးကျည်ပစ်ခတ်မှုများ လုံးဝရပ်နား ခဲ့သည်။
နိုဝင်ဘာတွင်လည်း ၂၈ ရက်ရောက်မှ တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း စမ်းပစ်ပြန်သည်။ မိနစ် ၅၀ အတွင်း အမြင့်မိုင် ၂၈၀ဝ သို့ တက် ခဲ့ပြီး မိုင် ၆၀ဝ အကွာရှိ ဂျပန်ပင်လယ်ထဲ ကျခဲ့သည်။ ဟွာဆောင်း ၁၅ ဟု ကြေညာခဲ့သည့် ယင်းဒုံးကျည်သစ်သည် မိုင် ၈၀ဝ၀ အထိ ခြိမ်း ခြောက်နိုင်ပြီး ဝါရှင်တန်နှင့် အမေရိကန်တစ်ခွင် ရောက်ရှိနိုင်ကြောင်းလည်း မြောက်ကိုရီးယား တို့က ကြွားဝင့်ခဲ့သည်။
ဖမ်းဆီးခံ အမေရိကန်နိုင်ငံသားတစ်ဦး ပြန် လွှတ်ပေးခဲ့ခြင်း
မြောက်ကိုရီးယား၌ အကျဉ်းကျခံနေရသည့် အမေရိကန်တက္ကသိုလ်ကျောင်းသား အော်တို ဝမ်ဘီယာကို ၂၀၁၇ ခုနှစ် ဇွန်လတွင် ပြန်လွှတ် ပေးခဲ့သည်။ ၁၈ လကြာ အကျဉ်းကျခဲ့သည့် ဝမ်ဘီယာသည် ပြန်လွှတ်ပေးချိန်တွင် ကိုမာဝင် မေ့မြောနေပြီဖြစ်သည်။ ၄င်းသည် ဦးနှောက် ပျက်စီးခဲ့ရကာ သတိပြန်လည်မလာတော့ဘဲ အမေရိကန်သို့ ပြန်လည်ရောက်ရှိပြီး ခြောက် ရက်အကြာ ဇွန် ၁၉ ရက်၌ သေဆုံးခဲ့သည်။ ယင်းကြောင့် ဇူလိုင်တွင် အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ရက်စ်တီလာဆန်က အမေရိကန် နိုင်ငံသားများ မြောက်ကိုရီးယားသို့ သွားရောက် ခြင်းကို တားမြစ်ခဲ့သည်။
တောင်ကိုရီးယားနှင့် တက်ဒ်ဒုံးကျည်ပြဿနာ
မြောက်ကိုရီးယား၏ ဒုံးကျည်ခြိမ်းခြောက်မှု ကို အနီးဆုံးရင်ဆိုင်ရသည့် တောင်ကိုရီးယား တွင် အမေရိကန်က ကောင်းကင်အမြင့်မှာပင် ရန်ဘက်ဒုံးကျည်များကို ထောက်လှမ်းရှာဖွေဟန့်တားနိုင်သည့် ခေတ်မီ တက်ဒ်ဒုံးခွင်းဒုံးစနစ် များ ဖြန့်ချရန် စီစဉ်ခဲ့သည်။ ယင်းအစီအစဉ်ကို မြောက်ကိုရီးယားသာမက တရုတ်နှင့်ရုရှားကပါ အပြင်းအထန် ကန့်ကွက်ခဲ့သည်။ တရုတ်သည် ၄င်း၏အမျိုးသားလုံခြုံရေးကိုပါ ထိပါးနိုင်သည်ဟုဆိုကာ တောင်ကိုရီးယားကို တက်ဒ်ဒုံးခွင်းဒုံးအရေးနှင့်ပတ်သက်၍ စီးပွား ရေးပိတ်ဆို့မှုအချို့ ပြုလုပ်ခဲ့သည်။ တရုတ်ခရီး သွားအုပ်စုများ တောင်ကိုရီးယားသို့ သွားရောက် ခြင်းကို ပိတ်ပင်ခဲ့ပြီး ကေပေါ့ပ်ဖျော်ဖြေမှုများ ကိုလည်း ကန့်သတ်ခဲ့သည်။ အထိအနာဆုံးမှာ တက်ဒ်ဒုံးခွင်းဒုံးစနစ် ဖြန့်ချရန် ၄င်း၏ဂေါက် ကွင်းမြေနေရာလှူဒါန်းခဲ့သည့် လိုတဲစီးပွားရေး အုပ်စုဖြစ်သည်။ တရုတ်၌ဖွင့်လှစ်သမျှ လိုတဲ ကုန်တိုက်အားလုံး ပိတ်ပစ်ခဲ့ရသည်အထိ ရိုက် ခတ်ခဲ့သည်။ တက်ဒ်ဒုံးခွင်းဒုံးများကား ၂၀၁၅ ခုနှစ် မေလ၌ စတင်သက်ဝင်သည့်အခြေအနေ ရောက်ရှိခဲ့ပြီး နှစ်ကုန်ပိုင်းတွင်မူ တောင် ကိုရီးယားနှင့် တရုတ်တို့သည် ယင်းအရေးညှိနှိုင်း ဆွေးနွေးရန် သဘောတူခဲ့သည်။ ယင်းနောက် တရုတ်က တောင်ကိုရီးယားတို့အပေါ် ပိတ်ဆို့မှု များ ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။
အမေရိကန်လေယာဉ်တင်သင်္ဘော လှုပ်ရှားမှု
အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ် အက်စ် ကားလ်ဗင်ဆင်ဦးဆောင်သည့် တိုက်ခိုက် ရေးရေယာဉ်စုသည် မေ ၃ ရက်၌ တောင်ကိုရီးယား ရေတပ်နှင့်အတူ ပူးတွဲလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယားက ဒုံးကျည်များ ဆက်တိုက် ပစ်လွှတ်ခဲ့ပြီး အများစုသည် ဂျပန်ရေပြင်ထဲကျရောက်ခဲ့ပြီးနောက် အမေရိကန်ရေတပ်က ကားလ်ဗင်ဆင်နှင့် စစ်သင်္ဘောများ ကိုရီးယား ကျွန်းဆွယ်သို့ စေလွှတ်လိုက်ပြီဟု ဧပြီ ၉ ရက် ကတည်းကကြေညာခဲ့ကာ အနည်းဆုံးနှစ်ပတ် ကြာမြင့်ပြီးမှ ရောက်ရှိသွားခြင်းမှာလည်း သတင်းထူးဖြစ်ခဲ့သည်။ အိမ်ဖြူတော်နှင့် ရေတပ် အကြား နားလည်မှုနှင့် ဆက်သွယ်မှုလွဲမှားခြင်း များကြောင့် ထရမ့်အစိုးရ သိက္ခာကျစရာ ဖြစ်ခဲ့ရသည်။ မြောက်ကိုရီးယားတို့က ဧပြီ ၂၄ ရက်၌ စစ်တပ် (၈၅) နှစ်မြောက်အထိမ်းအမှတ် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက်တစ်ရက်တွင် အမေရိကန် တို့က တောင်ကိုရီးယား၌ တက်ဒ်ဒုံးခွင်းဒုံးစနစ်၏ အဓိကအစိတ်အပိုင်းများ စတင်တပ်ဆင်ခဲ့ သည်။ ယင်းနောက် မေ ၃ ရက်တွင် ကားလ် ဗင်ဆင် လေယာဉ်တင်သင်္ဘောနှင့် တောင် ကိုရီးယားရေတပ် ပူးတွဲလေ့ကျင့်ခဲ့ခြင်းဖြစ်သည်။
တိုက်ချင်းပစ်ဒုံးကျည်နှင့် အမေရိကန် လွတ်လပ်ရေးနေ
အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေး နေ့ဖြစ်သည့် ဇူလိုင် ၄ ရက်၌ မြောက်ကိုရီးယားက ဟွာဆောင်း ၁၄ တိုက်ချင်းပစ်ဒုံးကျည်ကို ပထမဆုံးအကြိမ် လူသိရှင်ကြားကြေညာ ပစ်လွှတ်ခဲ့ရာ ၉၃၃ ကီလိုမီတာပျံသန်းလျက် ဂျပန် ပင်လယ်ထဲ ကျရောက်ခဲ့သည်။ ပျံသန်းချိန် ၃၉ မိနစ်အတွင်း အမြင့် ၂၈၀၂ ကီလိုမီတာ အထိ တက်ရောက်ခဲ့သည့် ယင်းဒုံးကျည်က အမေရိကန်သို့ရောက်ရှိနိုင်သည့် နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သော ဒုံးကျည်အတွက် ကြီးမားသည့်ခြေလှမ်းဟု အမေရိကန်ကျွမ်းကျင် သူများကိုယ်တိုင် လက်ခံခဲ့သည်။ တောင်ကိုရီးယားရှိ အမေရိကန်စစ်တပ်နှင့် တောင်ကိုရီးယား စစ်တပ်ပူးပေါင်းစစ်ရေး လေ့ကျင့်မှုတစ်ရပ်ဖြင့် တုံ့ပြန်ခဲ့ပြီး ၄င်းတို့ ကလည်း စစ်မြေပြင်သုံး နည်းဗျူဟာမြောက် ဒုံးကျည်များ ပစ်ခတ်ပြသခဲ့ကြသည်။
စစ်ရေးတင်းမာမှုအမြင့်ဆုံး သြဂုတ်လ
သြဂုတ် ၈ ရက်၌ သမ္မတထရမ့်က မြောက် ကိုရီးယားသည် ကမ္ဘာတွင်မကြုံစဖူး မီးလျှံ၊ အမျက်ဒေါသနှင့် အပြင်းထန်ဆုံးစွမ်းပကား တို့နှင့်ရင်ဆိုင်ရမည်ဟု ပြောဆိုခဲ့သည်။ ထောက် လှမ်းရေးသတင်းများအရ မြောက်ကိုရီးယား တို့သည် ဒုံးကျည်များအတွင်း ထည့်သွင်းနိုင်သည့် နျူကလီးယားလက်နက်အသေးစားများ အောင် မြင်စွာ ထုတ်လုပ်နိုင်ပြီဟု သိရှိရပြီးနောက် ယင်းသို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။ ထိုအခါ နာရီအနည်းငယ်အတွင်း မြောက် ကိုရီးယားကလည်း အမေရိကန်၏ ဂူအမ်စစ် အခြေစိုက်စခန်းကို တိုက်ခိုက်ရန် စဉ်းစားနေ ပြီဟု တုံ့ပြန်ပြောဆိုခဲ့သည်။ သြဂုတ် ၁၀ ရက်၌ မြောက်ကိုရီးယားမှ ဒုတိယဗိုလ်ချုပ်ကြီး ကင်ရက်ဂွမ်က သမ္မတထရမ့်၏စကားလုံးသည် အဓိပ္ပာယ်မဲ့လွန်း၍ ၎င်းသမ္မတဖြစ်နေသမျှ ကြောင်းကျိုးညီညွတ်သည့် တွေ့ဆုံညှိနှိုင်းမှု ဖြစ်နိုင်ဖွယ်မရှိဟု ပြောဆိုခဲ့သည်။ မြောက် ကိုရီးယားနိုင်ငံပိုင်သတင်းဌာနကလည်း တိုက် ချင်းပစ်ဒုံးကျည် လေးစင်းပစ်ခတ်မည်ဖြစ် ကြောင်း၊ ဂူအမ်ကို တိုက်ခိုက်မည်ဖြစ်ကြောင်း ထုတ်လွှင့်ခဲ့သည်။
သြဂုတ် ၁၁ ရက်၌ သမ္မတထရမ့်က စစ်ရေးနည်းဖြင့်ဖြေရှင်းရန် ကျည်ထိုးမောင်း တင်ချိန်ရွယ်ပြီးအသင့်ဟု ရေးသားခဲ့သည်။ ထို့ကြောင့် ကျူးဘားဒုံးကျည်အရေးအခင်းကဲ့ သို့ပင်ဖြစ်နေပြီဟု အမေရိကန်ကာကွယ်ရေး ဝန်ကြီးဟောင်းတစ်ဦးနှင့် ကုလဆိုင်ရာ အမေ ရိကန် သံအမတ်ဟောင်းတစ်ဦးတို့က မှတ်ချက် ပြုကြသည်အထိ အခြေအနေတင်းမာခဲ့သည်။ သို့သော် သြဂုတ် ၁၅ ရက်၌မူ မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပစိဖိတ် သမုဒ္ဒရာတွင်းမှ ဂူအမ်ကျွန်းကို ဒုံးကျည်ပစ်ခတ် မည့်အစီအစဉ်ရွှေ့ဆိုင်းကြောင်းနှင့် ဒေါ်နယ် ထရမ့် ဘာဆက်လုပ်မည်ကို စောင့်ကြည့်ဦး မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သြဂုတ် ၂၁ ရက်မှ ၃၁ ရက်တွင်မူကား အမေရိကန်နှင့် တောင်ကိုရီးယားတို့က ၂၀၁၇ အူလ်ချီလွတ် မြောက်ရေး အစောင့်တပ်လေ့ကျင့်မှုအမည်ရှိ စစ်ရေးလေ့ကျင့်ပွဲတစ်ရပ် ဆင်နွှဲခဲ့ပြန်သည်။ ၂၀၁၆ အလားတူ လေ့ကျင့်ပွဲထက် အနည်း ငယ်မျှသေးငယ်သည့် ယင်းလေ့ကျင်ပွဲတွင် အမေရိကန်စစ်သည် ၁၇၅၀ဝ ပါဝင်ခဲ့ပြီး ရန်လိုသည့်အပြုအမူဟု မြောက်ကိုရီးယား တို့က ရှုတ်ချခဲ့သည်။
သြဂုတ် ၂၅ ရက်၌ မြောက်ကိုရီးယားတို့က ဒုံးကျည်သုံးစင်းပစ်လွှတ်ခဲ့ပြီး သုံးစင်းစလုံး ချောချောမွေ့မွေ့မဖြစ်ခဲ့။ ၂၉ ရက်တွင် တစ်စင်း ပစ်လွှတ်ပြန်၍ ဟော့ကိုင်းဒိုးကျွန်းပေါ်ကျော်ပြီး ဂျပန်ပင်လယ်ထဲကျကာ ကီလိုမီတာ ၂၇၀ဝ အထိရောက်ရှိခဲ့ကာ ပွဲဆူခဲ့ရပြန်သည်။ ယင်း သည်ကား ၁၉၉၈ နှင့် ၂၀ဝ၉ ခုနှစ်နောက်ပိုင်း ဂျပန်ပိုင်နယ်အပေါ်ကျော်၍ ပစ်ခတ်မှု တတိယ အကြိမ်မြောက်ပင်။
ယခင်နှစ်ကြိမ်က ဂြိုဟ်တုလွှတ်တင်ခြင်း သာဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောဆို ခဲ့သည်။ ယခုအကြိမ်၌မူ ကိုရီးယားကို ဂျပန်တို့ သိမ်းပိုက်ခဲ့ဖူးသည့် (၁၀၇) နှစ်မြောက် အမှတ် တရအဖြစ် ဂျပန်တို့ကို သတိပေးလို၍ ဒုံးကျည် ဖြတ်ကျော် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြောက် ကိုရီးယားက ကြေညာခဲ့သည်။ ယင်းပစ်ခတ်မှု ကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေး ပေါ်အစည်းအဝေး ခေါ်ယူဆွေးနွေးခဲ့သည်။ သြဂုတ် ၂၀ ရက်၌ သမ္မတထရမ့်က အမေရိကန်အနေဖြင့် မြောက်ကိုရီးယား ငွေ ညှစ်ခဲ့သမျှ ၂၅ နှစ်တာ ပေးကမ်းခဲ့သော်လည်း အဖြေမရခဲ့ကြောင်း တွစ်တာတွင်ရေးသားခဲ့ရာ စေ့စပ်မှုမပြုတော့ပြီလောဟု တွေးစရာဖြစ်ခဲ့ သည်။ သို့သော် အမေရိကန်ကာကွယ်ရေး ဝန်ကြီး ဂျိမ်းမက်တစ်က သံတမန်ရေးရာအဖြေ ရှာမှုကိုလည်း လက်မလွှတ်ဟု ရက်ပိုင်းအတွင်း ပြောခဲ့ပြန်သည်။ ၃၁ ရက်၌ကား အမေရိကန်၏ နျူကလီးယားလက်နက် သယ်ဆောင်နိုင်သည့် ဘီ ၁ ဘီ ဗုံးကြဲလေယာဉ်နှစ်စင်းနှင့် နောက်ဆုံး ပေါ် အက်ဖ် ၃၅ ရေဒါလှိုင်းဖျောက်တိုက် လေယာဉ်လေးစင်းတို့က ကိုရီးယားကျွန်းဆွယ် ပေါ် ဖြတ်ကျော်ပျံသန်းလျက် ဗုံးကြဲလေ့ကျင့်ခန်း ပြုလုပ်ပြခဲ့သည်။
ဆဌမမြောက် နျူကလီးယားစမ်းသပ်ဖောက်ခွဲမှု
စက်တင်ဘာ ၃ ရက်မှာတော့ အမေရိကန် ဘူမိလေ့လာရေးဌာနသည် မြောက်ကိုရီးယား၌ ရစ်ချ်တာစကေး ၆ ဒသမ ၃ အဆင့်ရှိ ငလျင် တစ်ခုလှုပ်ခတ်ခဲ့သည်ကို တိုင်းထွာသိရှိခဲ့ရ သည်။ မကြာပါချေ။ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်၌ တပ်ဆင်နိုင်သည့် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်အောင်မြင်ခဲ့ကြောင်း ကြေညာခဲ့သည်။ လွတ်လပ်သည့် စောင့်ကြည့်တိုင်းထွာသူ များက ကီလိုတန် ၁၂၀ ဝန်းကျင်ရှိ နျူကလီး ယားပေါက်ကွဲမှုဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ကြ သည်။ မြောက်ကိုရီးယားတို့ ဆဋ္ဌမမြောက် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲကြောင်း သေချာ၍ ဂူအမ်ကျွန်းအပါအဝင် အမေရိကန် နယ်မြေနှင့် မဟာမိတ်များအား မည်သည့်ခြိမ်း ခြောက်မှုမဆို ကြီးမားသည့်စစ်ရေးတုံ့ပြန်မှု နှင့်ရင်ဆိုင်ရမည်ဟု အမေရိကန်ကာကွယ်ရေး ဝန်ကြီးဂျိမ်းမက်တစ်က သတိပေးခဲ့သည်။
နောက်တစ်ရက်၌ တောင်ကိုရီးယားကလည်း ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုအပါအဝင် အက်ဖ် ၁၅ ကေ တိုက်လေယာဉ်များဖြင့် မြောက် ကိုရီးယား နျူကလီးယားလက်နက်ရပ်ဝန်းကို တိုက်ခိုက်ချေမှုန်းသည့်အသွင် စစ်ရေးလေ့ ကျင့်မှုပြုလုပ်တုံ့ပြန်ခဲ့သည်။ ထိုရက်၌ပင် ကုလ လုံခြုံရေးကောင်စီ၌လည်း မြောက်ကိုရီးယားကို ဆန်ရှင်ချမှတ်ရန် ဆွေးနွေးခဲ့ကြပြီးနောက် အမေရိကန်၊ တရုတ်၊ ရုရှားနှင့်တကွ ကမ္ဘာ့ နိုင်ငံအများ ခေါင်းချင်းဆိုင်ခဲ့ကြသည်။ ယင်းနောက် စက်တင်ဘာ ၁၁ ရက်၌ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယားကို ထပ်မံအရေးယူ ပိတ်ဆို့ မည့်ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့သည်။
နိုင်ငံတကာက ဝိုင်းဝန်းဝေဖန်ပိတ်ဆို့နေ သည့်ကြားမှ စက်တင်ဘာ ၁၅ ရက်၌ မြောက် ကိုရီးယားသည် ဂျပန် ဟော့ကိုင်းဒိုးကျွန်းပေါ် ကျော်လွန်အောင် ဒုံးကျည်တစ်စင်း ပစ်လွှတ် ခဲ့ပြန်သည်။ ကီလိုမီတာ ၃၇၀ဝ ရောက်ရှိခဲ့သည့် ယင်းဒုံးကျည်သည် ဂျပန်ပေါ်ဖြတ်ကျော်ပစ် ခတ်သည့်ဒုံးကျည်တို့အနက် တာဝေးအပြေး ဆုံးဖြစ်သည်။ စက်တင်ဘာ ၁၈ ရက်၌ မြောက် ကိုရီးယားက နောက်ထပ်ပိတ်ဆို့မှုမှန်သမျှ ၎င်းတို့၏နျူကလီးယားစီမံကိန်းကို လောင်စာ မြှင့်ပေးခြင်းဖြစ်မည်ဟု ပြောဆိုခဲ့သည်။
အပြန်အလှန် ပုတ်ခတ်ခြိမ်းခြောက်မှုအများဆုံး ကာလ
စက်တင်ဘာ ၁၈ ရက်တွင်မူ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတရှီကျင့် ဖျင်တို့သည် မြောက်ကိုရီးယားအပေါ် အများဆုံး ဖိအားပေးရန် သဘောတူခဲ့ကြပြီဟု အိမ်ဖြူ တော်က ကြေညာခဲ့သည်။ ၁၉ ရက်၌ (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ တွင် သမ္မတထရမ့်က မြောက်ကိုရီးယားကို လုံးဝဖျက်ဆီးရန်မှလွဲပြီး နည်းလမ်းမရှိ၊ ဒုံးပျံ လူသားကင်ဂျုံအန်သည် ၎င်းကိုယ်တိုင်နှင့် ၎င်းအစိုးရအတွက် အသေခံစစ်ဆင်နေပြီ၊ အမေရိကန်ကလည်း အသင့်ရှိသည်ဟု ပြော ဆိုခဲ့သည်။ ထရမ့်သည် တရုတ်ကိုလည်း မြောက် ကိုရီးယားနှင့် ဆက်ဆံနေခြင်းအတွက် ပြစ်တင် ဝေဖန်ခဲ့ပြီး ၂၀ ရက်၌ အမေရိကန်အစိုးရက မြောက်ကိုရီးယားအပေါ် ဘဏ္ဍာရေးပိတ်ဆို့ သည့်အမိန့်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။
နောက်တစ်ရက်တွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ထရမ့်ကို စိတ်မူ မမှန် သူငယ်ပြန်သူ၊ သမိုင်းတွင် သဘောထား အတင်းမာဆုံးသူဟု တုံ့ပြန်ခဲ့သည်။ ဆက် လက်၍ မြောက်ကိုရီးယားနှင့် အမေရိကန်တို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ရုန့်ရင်းစွာ ပုတ်ခတ် ပြောဆိုကြသည်။ စက်တင်ဘာ ၂၅ ရက်၌ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက သမ္မတထရမ့်သည် မြောက်ကိုရီးယားကို စစ်ကြေညာခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ထရမ့်က မြောက်ကိုရီးယားသည် ကြာကြာမခံနိုင်တော့ဟု တွစ်တာ၌ရေးသားခဲ့သည်ကို အကြောင်းပြု စွပ်စွဲခြင်းဖြစ်သည်။ ယင်းနောက် အိမ်ဖြူတော်က အမေရိကန်သည် စစ်မကြေညာခဲ့ကြောင်း ရှင်းလင်းချက်ထုတ်ပြန်ခဲ့ရသည်။ စက်တင်ဘာ ၃၀ ရက်မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က တရုတ်ပြည်ခရီးစဉ်အတွင်း အမေရိကန်နှင့် မြောက်ကိုရီးယားတို့ တိုက်ရိုက်အဆက်အသွယ် ရှိကြောင်း၊ အမှောင်မိုက်ဆုံးအခြေအနေမဟုတ် ကြောင်း၊ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းရန်ဖြစ် နိုင်ခြေကို အမေရိကန်က စူးစမ်းနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် နောက်တစ် ရက်၌ သမ္မတထရမ့်က တီလာဆန်သည် အချိန်ဖြုန်းနေကြောင်း၊ အမေရိကန်သည် လုပ်စရာရှိသည်များ၊ ပြောစရာရှိသည်များ အားလုံး ပြောဆိုခဲ့ပြီးပြီဟု ရေးသားခြင်းဖြင့် တီလာဆန်ကို သတိပြန်ပေးခဲ့သည်။ နိုဝင်ဘာ ၂၀ ရက်တွင်ကား သမ္မတထရမ့် သည် မြောက်ကိုရီးယားကို အကြမ်းဖက်ဝါဒ အားပေးသည့် နိုင်ငံများစာရင်းသို့ ပြန်လည် ထည့်သွင်းလိုက်ကြောင်း ကြေညာခဲ့သည်။
သို့ဖြင့် နိုဝင်ဘာ ၂၈ ရက်၌ကား မြောက် ကိုရီးယားသည် နှစ်လမျှရပ်နားထားသည့် ဒုံးကျည်စမ်းသပ်မှု ပြန်လည်စတင်ကာ ဟွာ ဆောင်း ၁၅ တိုက်ချင်းပစ် ဒုံးကျည်သစ်ကို ပစ်ခတ်ခဲ့ပြန်သည်။ ယင်းဒုံးကျည်သည် အမြင့် မိုင် ၂၈၀ဝ အထိ တက်ရောက်ခဲ့ပြီးမှ မိုင် ၆၀ဝ အကွာရှိ ဂျပန်စီးပွားရေးရေပိုင်နက်ထဲ ကျရောက်ခဲ့သည်။ မြောက်ကိုရီးယား စမ်းသပ် ခဲ့သမျှ အမြင့်ဆုံးရောက်ခဲ့သည့် ဒုံးကျည်ဟု ပင်တဂွန်က အတည်ပြုခဲ့သည်။ ယခုနောက်ဆုံး ဒုံးကျည်ပစ်ခတ်မှုအပြီး တွင်ကား ထရမ့်က မြောက်ကိုရီးယားကို ရှည် ရှည်ဝေးဝေး ပြစ်တင်ပြောဆိုမှု မပြုခဲ့ချေ။ ယင်းကိစ္စကို မိမိတို့ ကိုင်တွယ်နိုင်ပါသည်ဟုသာ တုံ့ပြန်ပြောဆိုခဲ့သည်။
၂၀၁၇ ခုနှစ် နိဂုံးနှင့် ၂၀၁၈ နိဒါန်း
၂၀၁၇ ခုနှစ် ဒီဇင်ဘာအတွင်းမှာတော့ (ဒီဇင်ဘာ ၂၀ ရက်အထိ) မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှု မရှိသေးချေ။ ထူးခြားချက်မှာ ကုလသမဂ္ဂကိုယ်စားလှယ်တစ်ဦး ပြုံယမ်းသို့ ရောက်ရှိခဲ့ပြီး မြောက်ကိုရီးယားအထက်တန်း အရာရှိတချို့နှင့် ဆွေးနွေးခွင့်ရခြဲ့ခင်းဖြစ်သည်။ ကုလလက်ထောက်အတွင်းရေးမှူးချုပ် ဂျက်ဖရီ ဟဲ့လ်တ်မန်းသည် အဆင့်အမြင့်ဆုံး မြောက် ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်။ ဆွေးနွေးမှုအသေးစိတ်ကို မထုတ်ပြန်ခဲ့သော် လည်း အခြေအနေက ငြိမ်သက်နေပြန်သည်။ အမေရိကန်တို့ဘက်ကတော့ ဂူအမ်ကျွန်းမှ ဘီ ၁ ဘီ ဗုံးကြဲလေယာဉ်များနှင့် အက်ဖ် ၃၅ တိုက်လေယာဉ်များ ကိုရီးယားကျွန်းဆွယ်ပေါ် ပျံသန်းခြင်းမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်ကဲ့သို့ ဖြစ် လာသည်။ ဂျပန်ကလည်း မြောက်ကိုရီးယား ဒုံးကျည်ရန် ကာကွယ်ရေး ကမ်းခြေတစ်လျှောက် ဒုံးခွင်းဒုံးများ ထပ်မံချထားရန် အတည်ပြုလိုက် ပြီဖြစ်သည်။ အနီးဆုံးတောင်ကိုရီးယားသည် လည်း အစဉ်အမြဲတပ်လှန့်ထားသည်။
မဆင်မခြင် ပြောတတ်ရေးတတ် ခြိမ်းခြောက် တတ်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် အသက် (၃၅) နှစ် မကျော်နိုင်သေးသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ မည်သို့မည်ပုံ ဆက်လက်စကားစစ်ထိုးကြဦး မည်နည်း။ ကိုရီးယားကျွန်းဆွယ်နှင့်တကွ နီးစပ်ရာဒေသတစ်ခွင်သာမက ကမ္ဘာကပါ စိုးရိမ်ပူပန်ရဦးမည့် နျူကလီးယားအန္တရာယ်နှင့် မည်မျှနီးစပ်ဦးမည်နည်း၊ မဝေးတော့သည့် ၂၀၁၈ ခုနှစ်က ကြိုလင့်နေမည်ဖြစ်ပါကြောင်း။













