၂၀၁၇ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းထူးခြားဖြစ်စဉ်များ

၂၀၁၇ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းထူးခြားဖြစ်စဉ်များ

၂၀၁၇ ခုနှစ် အရှေ့အလယ်ပိုင်းမှာ မီး ကြီးကြီးမွှေးလိုက်သူကတော့ ဒေါ်နယ်ထရမ့်ဟု ဆိုရပေမည်။ ဂျေရုဆလင်ကို အစ္စရေးမြို့တော် အဖြစ် အသိအမှတ်ပြုနိုင်ခြေရှိကြောင်း သတင်း များထွက်လာစဉ်ကတည်းက နိုင်ငံတကာအသိုင်း အဝိုင်းကသတိပေးထားမြစ်ခဲ့သည့်တိုင် သမ္မတ ထရမ့်သည် ခေါင်းမာစွာပင် ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း နှင့် အမေရိကန်သံရုံးကို လက်ရှိ တဲလ်အဗစ်မှ ဂျေရုဆလင်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက် ကြောင်း ဒီဇင်ဘာ ၆ရက်တွင်ကြေညာခဲ့သဖြင့် ပါလက်စတိုင်းနှင့် အာရပ်ကမ္ဘာသည် ပွက်လော ရိုက်သွားခဲ့ကာ အစ္စရေးကို အကြမ်းနည်းဖြင့် တော်လှန်ချေမှုန်းရန် လှုံ့ဆော်အားထုတ်မှုများ အထိ ဖြစ်ပွားလျက်ရှိသည်။

 ပုပ်ရဟန်းမင်း ဖရန်စစ်၊ အီရန်မဟာခေါင်း ဆောင်ကြီး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ ဆော်ဒီအာရေဗျအပါအဝင် နိုင်ငံတကာအသိုင်း အဝိုင်းတစ်ရပ်လုံးက ထရမ့်သည် မီးမွှေးသူဖြစ် ကြောင်း တညီတည်း ရှုတ်ချခဲ့ကြသည်။

ဂျေရုဆလင်သည် ရှေးရှေးကတည်းက အစ္စရေးတို့၏မြို့တော်အဖြစ် သတ်မှတ်ခံထား ရသောမြို့ဖြစ်ကြောင်းပင် ထရမ့်က ထည့်သွင်း ပြောကြားခဲ့သည်။ ဂျေရုဆလင်ကို အစ္စရေး မြို့တော်အဖြစ် ကြေညာခြင်းမှာ ရွေးကောက်ပွဲ ကာလက ကတိပေးချက်ကို အကောင်အထည် ဖော်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ အစ္စရေး-ပါလက် စတိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း ၂၀၁၈ ခုနှစ်တွင် ချပြရန်ရှိကြောင်း ထရမ့်က ကြေညာ ထားသည်။ ဂျေရုဆလင်ကို အစ္စရေးမြို့တော် အဖြစ် သတ်မှတ်ပေးလိုက်ခြင်းသည် အစ္စရေး-ပါလက်စတိုင်းပြဿနာကို လတ်ဆတ်သော အမြင်သစ်ဖြင့် ရှုကြည့်ချဉ်းကပ်ရာ ရောက် ကြောင်းလည်း ပြောသည်။ ထရမ့်ကြေညာချက် ကို အားတက်သရောထောက်ခံသည့် တစ်ခု တည်းသောနိုင်ငံကား အစ္စရေးဖြစ်ပြီး သမိုင်း ဝင်နေ့ဖြစ်ကြောင်း၊ ထရမ့်ကို လွန်စွာကျေးဇူး တင်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဆိုခဲ့သည်။

ဒေးဗစ်ဘန်ဂူရီသည် ၁၉၄၉ခုနှစ်တွင် အစိုးရအဖွဲ့ကို ဂျေရုဆလင်သို့ ပြောင်းရွှေ့ခဲ့ ပြီးနောက်ပိုင်း အစ္စရေးသည် နိုင်ငံတကာက အသိအမှတ်မပြုသော မြို့တော်တည်ရှိရာ တစ်ခုတည်းသောနိုင်ငံအဖြစ် ယနေ့ထိတိုင် ရပ်တည်ခဲ့သည်။ ၁၉၆၇ ခုနှစ်အထိ ဂျေရု ဆလင်ကို အစ္စရေးနှင့် ဂျော်ဒန်တို့က ပူးတွဲ ပိုင်ဆိုင်ထားခဲ့ပြီး ခြောက်ရက်စစ်ပွဲအပြီးတွင် အစ္စရေးထိန်းချုပ်မှုအောက်သို့ ရာနှုန်းပြည့် ရောက်ရှိခဲ့သည်။ သို့တိုင် အစ္စရေး၏အနီးကပ် မဟာမိတ်များသည်ပင် ဂျေရုဆလင်ကို အစ္စ ရေးက တိုက်ခိုက်သိမ်းပိုက်ခြင်းကိုလက်မခံဘဲ သံရုံးများကိုလည်း တဲလ်အဗစ်မြို့တွင်သာထား ရှိကာ အစ္စရေး၏ ဂျေရုဆလင်ပိုင်ဆိုင်မှုကို အသိအမှတ်မပြုကြောင်း ပြသခဲ့ကြသည်။

သမ္မတ ထရမ့်သည် ဂျေရုဆလင် ကြေညာ ချက်ဖြင့် အမေရိကန်ကို အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရပ်တည်ချက် ပျောက်ဆုံးအောင်ဆွဲချခဲ့ပြီဖြစ်ကြောင်း အစ္စ ရေးငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါလက် စတိုင်းဘက်မှ ကိုယ်စားလှယ်ခေါင်းဆောင် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့အစည်း အထွေထွေအတွင်းရေးမှူး ဆက်ဘ်ရီကတ်က လည်း ဝေဖန်ခဲ့သည်။

သမ္မတ ထရမ့်ကမူ အစ္စရေး-ပါလက်စတိုင်း အပြီးသတ်ငြိမ်းချမ်းရေးရအောင် အားထုတ် မည်ဟု ကတိပေးထားသည့်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။ ဆုံးဖြတ် ချက်တစ်ရပ်ရပ်ကို အမေရိကန်က ဝင်ချမှတ် ပေးမည်မဟုတ်ကြောင်း၊ ဂျေရုဆလင်ကို အစ္စရေးပိုင်စိုးမှု နယ်နိမိတ် သတ်မှတ်ခြင်း၊ ပိုင်နက်နယ်မြေသတ်မှတ်ခြင်း စသည့်ကိစ္စ များကို အမေရိကန်က နောက်ဆုံး အဆုံး အဖြတ်ပေးမည်မဟုတ်ကြောင်းကိုကား သမ္မတ ထရမ့်က ရှင်းလင်းပြောကြားသည်။ သို့ဖြစ် သည့်တိုင် ဂျေရုဆလင်ကို အစ္စရေးမြို့တော် အဖြစ် သတ်မှတ်ပေးလိုက်ခြင်းကြောင့် လွန်ခဲ့ သောသုံးနှစ်ကတည်းက ဆွေးနွေးဝိုင်းမှ ထွက် သွားခဲ့သောပါလက်စတိုင်းကို ပြန်ခေါ်ရေးမှာ ပို၍ အလှမ်းဝေးခဲ့ရပြီဖြစ်သည်။ ပါလက်စတိုင်းများကတော့ အစ္စရေးနှင့် စစ်ဖြစ်ရမည်ကို စိတ်နှစ်ခွဖြစ်နေကြသည်။

"နောက်ထပ် စစ်ပွဲတစ်ပွဲဖန်တီးပြီး ဘာလို့ ကျုပ်တို့သားတွေကို တိုက်ပွဲမှာ အသေထပ်ခံ မှာလဲ။ ထရမ့်က ဂျေရုဆလင်မှာ အမေရိကန် သံရုံးပြောင်းဆောက်မယ်ဆိုတဲ့ စကားတစ်ခွန်း ကြောင့် ကျွန်တော်တို့ ထချကြမှာလား။ ထရမ့် သံရုံး ဆောက်ဖြစ်မလား အရင်စောင့်ကြည့် ပါဦး။ အခုအချိန်ထိ သူလုပ်ခဲ့သမျှပြန်ကြည့်ရင် အပြောတွေချည်းပဲ မဟုတ်လား" ဟု ဂျေရု ဆလင်မြို့ မွတ်စလင်ရပ်ကွက်မှ ကုန်သည် ဖိုဇီအီယက်က ပြောသည်။

ဆွန်နီရှီးယား ပဋိပက္ခ

အရှေ့အလယ်ပိုင်းမူဝါဒများ ချမှတ်သည့် အခါ မစ္စတာထရမ့်သည် ဆော်ဒီနှင့် သင့်တင့် ရေးကို ဦးစားပေး ချမှတ်ခဲ့သည်ကို တွေ့ရသည်။ သို့သော် ဂျေရုဆလင်ကိစ္စတွင်မူ ဆော်ဒီအပါ အဝင် အမေရိကန်၏ အာရပ်မဟာမိတ်အားလုံး ကပါ ထရမ့်ကို ခါးခါးသီးသီးပြစ်တင်ခဲ့ကြသည်။ သို့သော် ထရမ့် ထိုသို့လုပ်ရဲခြင်းမှာ မဟာမိတ် များတွင် ဂျေရုဆလင်ထက်ပို၍ စိုးရိမ်နေရ သည့် အရှေ့အလယ်ပိုင်းပြဿနာတစ်ရပ်ရှိနေ သေးခြင်းကို ကောင်းကောင်းသိထား၍သာ ဖြစ်သည်။ ဆွန်နီအာရပ်နိုင်ငံများအဖို့ အစ္စရေး -ပါလက်စတိုင်း ပြဿနာထက် ပိုစိုးရိမ်နေကြ သည်ကား ဒေသတွင်းပြိုင်ဘက် ရှီးယား အီရန် ကိစ္စဖြစ်သည်ကို ထရမ့်က ကောင်းကောင်း သဘောပေါက်သည်။

 အီရန်ကိုထိန်းထားနိုင်ရန်မှာ အမေရိကန် မပါလျှင် မပြီးနိုင်ကြောင်းကို ဆော်ဒီနှင့် မဟာ မိတ် အာရပ်များသိနေသဖြင့်လည်း ထရမ့်သည် ဂျေရုဆလင်အရေးကြောင့် အာရပ်မဟာမိတ် တပ်များ ၎င်းနှင့် အဆက်မဖြတ်ရဲကြောင်းကို ကောင်းကောင်းသိနေသဖြင့် တစ်ကမ္ဘာလုံးနှင့် တစ်ယောက်ဖြစ်စေမည့် ကြေညာချက်ကို ရဲရဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နောက်တစ်ချက်သည် ကား ဆွန်နီ-ရှီးယားပဋိပက္ခတွင် အစ္စရေးသည် လည်း အမည်မဖော်သည့်တိုင် မဟာဗျူဟာ အားဖြင့် ဆော်ဒီဘက်က ရှိနေသောကြောင့် ဆော်ဒီအပါအဝင် အာရပ်နိုင်ငံများသည် ဒေသတွင်းပြိုင်ဘက် အီရန်ကိုထိန်းချုပ်ရန် စစ် အင်အား မျှခြေအလျော့မခံနိုင်သဖြင့် အစ္စရေး ကို လုံးဝပစ်ပယ်မည် မဟုတ်ကြောင်းကိုလည်း ထရမ့်က ကောင်းကောင်းသိထားသည်။

သို့တိုင် တစ်ကမ္ဘာလုံးနှင့် တစ်ယောက်ဖြစ် ကာ အဖော်မဲ့လာနေသည့်ထရမ့်သည် ဂျေရု ဆလင်အရေးတွင် ၎င်းအလိုသို့ လိုက်ပါကြ စေရန် အနုနည်းနှင့်မရသည်တွင် အကြမ်းနည်း ခြိမ်းခြောက်ခြင်းဖြင့်လည်း သိမ်းသွင်းရန် ကြိုးပမ်းခဲ့ပြန်သည်။ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးနည်းဖြင့်မဟုတ်ဘဲ အခြားသောနည်းလမ်းမျိုးဖြင့် ဂျေရုဆလင်၏ ရပ်တည်ချက်ကို အပြောင်းအလဲဖြစ်အောင် လုပ်မည့် မည်သည့်လုပ်ရပ်ကိုမဆို လက်မခံ ကြောင်း အဆိုကို ကုလသမဂ္ဂတွင်  မဲခွဲဆုံး ဖြတ်ရန်ပြင်ဆင်နေစဉ် ထရမ့်က အမေရိကန် ကိုဆန့်ကျင်သည့်နိုင်ငံများကို ငွေကြေးအကူ အညီပေးနေမှုများ ဖြတ်တောက်မည်ဟု ခြိမ်း ခြောက်ခဲ့သည်။

ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် ထရမ့်ကြေညာချက်ကို  အသိအမှတ်မပြု ကြောင်း ဒီဇင်ဘာ ၂၁ရက်တွင်  ကုလသမဂ္ဂ၌ မဲခွဲအတည်ပြုခဲ့ကြသည်။ နိုင်ငံပေါင်း ၁၂၈ နိုင်ငံက ဂျေရုဆလင်အရေး အသိအမှတ်မပြုဟု မဲထည့်ခဲ့ပြီး ကြားနေမဲ ၃၅ မဲ၊ အသိအမှတ်ပြုမဲ ၉ မဲ ရှိခဲ့သည်။ အမေရိကန်ကိုဆန့်ကျင်ကာ ဂျေရုဆလင်အရေး သဘောမတူဟု မဲထည့်ခဲ့ သည့်နိုင်ငံများထဲတွင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် လေးနိုင်ငံဖြစ်သည့် တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်တို့ပါဝင်သကဲ့သို့၊ အမေ ရိကန်၏ အာရပ်မဟာမိတ်နိုင်ငံအများစုသည် လည်း အမေရိကန်ကိုဆန့်ကျင်ကာ မဲထည့်ခဲ့ ကြသည်။

အမြတ်ထွက်သူ ရုရှား

ဂျေရုဆလင်အရေးကြောင့် အရှေ့အလယ် ပိုင်းတွင် အမေရိကန်သည် သြဇာကျဆင်းခဲ့ချိန် တွင် မထင်မှတ်ဘဲ သြဇာတက်လာသူကား ရုရှား ဖြစ်သည်။ ဆီးရီးယားစစ်ပွဲထဲ ၂၀၁၅ခုနှစ်တွင် ရုရှားစဝင်စဉ်က အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက ရုရှားသည် "နွံထဲနစ်ပေတော့ မည်"ဟု ဟောကိန်းထုတ်ခဲ့သည်။ အိုဘားမား ၏ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက လည်း ရုရှား၏ချဉ်းကပ်နည်းသည် အကျအရှုံး ဆီသာ ဦးတည်လိမ့်မည်ဟု အပုပ်ချခဲ့သည်။

နှစ်နှစ်ကြာပြီးနောက်တွင်မှ ဟောကိန်း များမှားကြောင်း ရုရှားက သက်သေပြခဲ့သည်။ ဒီဇင်ဘာ ၁၁ တွင် ရုရှားသမ္မတ ဗလာဒီမာပူတင် သည် ဆီးရီးယားနိုင်ငံသို့ ရုတ်တရက်ရောက်ရှိ သွားခဲ့ပြီး ဆီးရီးယားတွင် ရုရှားတပ်ဖွဲ့များ ပြောင်မြောက်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ အောင်ပွဲနှင့်အတူ အိမ်ပြန်နိုင်ကြတော့မည်ဖြစ် ကြောင်း ကြေညာကာ ရုရှားတပ်ဖွဲ့ အစိတ်အပိုင်း အတော်များများကို စတင်ရုပ်သိမ်းသွားတော့ မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ စစ်ဆင်ရေး အောင်မြင်စွာ အဆုံးသတ်ပြီဟု သမ္မတပူတင်က ကြေညာခဲ့သည်။ နိုင်ငံတကာ အကြမ်းဖက်သမားများကို ချေမှုန်းရန်ဟုဆိုကာ ၂၀၁၅ စက်တင်ဘာတွင် ရုရှားသည် ဆီးရီးယားစစ်မြေပြင်သို့ စတင်ဝင် ရောက်ကာ ဆီးရီးယားသမ္မတ ဘာရှားအာ ဆတ်တပ်များဘက်က ကူညီတိုက်ခိုက်ခဲ့သည်။ ရုရှားလေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများ ကြောင့် အိုင်အက်စ်အကြမ်းဖက်အဖွဲ့သည် ဆီးရီးယားတွင် လုံးဝကျဆုံးခဲ့ရသည်။ အနောက် နိုင်ငံအစိုးရများကမူ ရုရှားသည် အိုင်အက်စ် ကိုသာမက သဘောထားသင့်တင့်မျှတသော ဆီးရီးယား အတိုက်အခံတပ်ဖွဲ့များကိုပါ ပစ်မှတ်ထား ချေမှုန်းခဲ့သည်ဟု စွပ်စွဲမှုများ ရှိနေသည်။

ရုရှားစစ်ဆင်ရေး၏ နောက်ထပ်ရည်ရွယ် ချက်တစ်ရပ်မှာ အဓိကမဟာမိတ်ဖြစ်သော ဆီးရီးယားသမ္မတ ဘာရှားအာဆတ်ကို ရာထူး ဆက်လက်မြဲမြံစေရန်ဖြစ်ရာ ထိုရည်ရွယ်ချက် တွင်လည်း ရုရှားက အောင်မြင်ခဲ့သည်။ ရုရှား အကူအညီကြောင့် သမ္မတအာဆတ်ကို ဖြုတ်ချ ရေးဟူသောအတိုက်အခံများနှင့် အနောက် နိုင်ငံအစိုးရများ၏ သဘောထားများကို ပြောင်း ပြန်လှန်ပစ်နိုင်ခဲ့သည်။  အမေရိကန်၊ တူရကီ၊ ဆော်ဒီအာရေဗျတို့ သည် ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲကို သမ္မတအာဆတ် နုတ်ထွက်ပေးမည်ဟု ကတိ ပြုမှကျင်းပရန် တောက်လျှောက် တင်းခံခဲ့သော် လည်း ရုရှားစစ်ကူကြောင့် ဆီးရီးယားစစ်မြေပြင် အနေအထားပြောင်းပြန်ပြောင်းသွားကာ သမ္မတ အာဆတ်ဘက်က အနိုင်ရလာချိန်တွင် ကား အာဆတ်နုတ်ထွက်ပေးရေး လေသံပင် မဟတော့ကြောင်းလည်း တွေ့ရသည်။

မစ္စတာ အာဆတ်သည် ၎င်းရာထူးဆက် ထိန်းထားနိုင်ခဲ့ခြင်းမှာ ရုရှားကျေးဇူးကြောင့် ဖြစ်ရာ အကျိုးဆက်အားဖြင့် ရုရှားသည်လည်း ဆီးရီးယားအပေါ် သြဇာညောင်းလာခဲ့သည်။ ရုရှားသည် ဆီးရီးယားအနောက်မြောက်ပိုင်းရှိ လာတာကီယာမြို့အနီး ဟိုင်မင်တွင် လေတပ် အခြေစိုက်စခန်းနှင့် တာတက်စ်တွင် ရေတပ် အခြေစိုက်စခန်း ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် ရုရှား၏ သြဇာသည် ဆီးရီးယားတွင်သာ မကသေး၊ ဆီးရီးယားအောင်ပွဲကြောင့် ရုရှားသည် ဒေသ တွင်းမှာပါ အဓိကသြဇာညောင်းသူအဆင့်ကို ရောက်ရှိခဲ့သည်။ ရုရှားကို ဝေဟင်ပိုင်နက်ပိတ် ထားသောအီဂျစ်နှင့် စေ့စပ်ဆွေးနွေးကာ အီဂျစ် ဝေဟင်နှင့် လေတပ်စခန်းများကို ရုရှား လေတပ်များအသုံးပြုခွင့်ရအောင် စေ့စပ်ဆွေး နွေးနိုင်ခဲ့သည်။ တူရကီနှင့်လည်း စေ့စပ်ဆွေး နွေးကာ ရုရှားလုပ် အက်စ်- ၄၀ဝ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်ကို ရောင်းချနိုင်ခဲ့သည်။ ဆော်ဒီအာရေဗျနှင့်လည်း ဆက်ဆံရေးတိုးမြှင့် နိုင်ခဲ့သလို ဆီးရီးယားနိုင်ငံရေးဖြစ်စဉ် ပုံဖော် ရာတွင် ဒေသတစ်ခုလုံး၏သဘောထားများ အပေါ် ရုရှား၏ သံတမန်ရေးသြဇာလည်း ညောင်းခဲ့သည်။

အရှေ့အလယ်ပိုင်းတွင် ဂျေရုဆလင် အရေးကြောင့် အမေရိကန်သြဇာကျဆင်းလာ ချိန်နှင့် ဆီးရီးယားအရေးကြောင့် ရုရှားသြဇာ တက်လာခြင်းကလည်း တိုက်ဆိုင်၍နေသည်။ ဂျေရုဆလင်အရေးကြောင့် အမေရိကန်သည် အာရပ်မဟာမိတ်များနှင့်ပါ မိတ်ပျက်ကာ အရှေ့အလယ်ပိုင်းတည်ငြိမ်ရေး ကြားခံထိန်း သိမ်းပေးနေသူအဆင့်မှသာ လျှော့ကျမည့် အန္တရာယ်ရှိနေသည်။

ဆီးရီးယားတွင် ရုရှားကြားဝင်ခဲ့ခြင်းက ရုရှားစစ်တပ်အတွက်လည်း အတွေ့အကြုံ ရစေခဲ့သည်။ ရုရှား၏နာမည်အကျော်ဆုံး သတင်းစာ ကွမ်ဆိုဆိုဆကာယာ ပရာဒါက ဆီးရီးယားစစ်ပွဲကြောင့် ထောင်သောင်းချီသည့် ရုရှားတပ်ဖွဲ့ဝင်များ ရှေ့တန်းအတွေ့အကြုံ ကောင်းများ ရရှိခဲ့သည်ဟု ရေးသားခဲ့သည်။ ဆီးရီးယားစစ်မြေပြင်သည် ရုရှားစစ်သားများ အတွက် ရှေ့တန်းစာမေးပွဲ ဖြစ်ခဲ့ရုံသာမက ရုရှားလက်နက်များ၏အစွမ်းကိုလည်း ပြသနိုင် ခဲ့သောကြောင့် ဆီးရီးယား အောင်ပွဲနောက်ပိုင်း ကမ္ဘာတစ်ဝန်းမှ ရုရှားလက်နက်ဝယ်ယူမှုများ သိသိသာသာ မြင့်တက်လာခဲ့သည်ဟုလည်း သတင်းစာက ရေးသားဖော်ပြခဲ့သည်။

ရုရှားရွေးကောက်ပွဲများ ကျင်းပရန်လည်း လပိုင်းခန့်သာ လိုတော့သည်ဖြစ်ရာ သမ္မတ အဖြစ် ထပ်မံရွေးကောက်ခံမည့် သမ္မတ ပူတင် သည် ဆီးရီးယားတွင် ကြွေးကြော်ခဲ့သော စစ် ဆင်ရေးအောင်မြင်စွာပြီးဆုံးဟူသော ကြွေးကြော်သံကို ရွေးကောက်ပွဲမှာသာ အသုံးပြု ကောင်း ပြုဖွယ်ရှိသည်။ ဆီးရီးယားတွင် အကြမ်းဖက်သမားများကို အမြစ်ဖြုတ်နိုင်ပြီဟု ရုရှားက ကြေညာခဲ့သည့် တိုင် အိုင်အက်စ်အဖွဲ့ငယ်လေးများက ပြောက် ကျားအနေဖြင့် ကျန်နေဆဲဖြစ်သလို ရုရှား ဦးဆောင်ကာ ဆီးရီးယားနိုင်ငံရေး စေ့စပ် ဆွေးနွေးမှုသည်လည်း မည်မျှအောင်မြင်မှုရ မည်ကို မည်သူမျှ အာမ မခံနိုင်သေးပေ။

ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်မည့် အဓိကအဖွဲ့အစည်းများကြား သဘောထားကွဲ လွဲမှုများရှိနေသေးသဖြင့်ဟုဆိုကာ ရုရှားနိုင်ငံ ဆိုချီတွင် ယခုနှစ်ကုန်ပိုင်းကျင်းပမည့် ဆီးရီး ယားပြည်သူ့ကွန်ဂရက် အစည်းအဝေးကိုလည်း နောက်နှစ်သို့ ရွှေ့ဆိုင်းထားရသည်။ စစ်ပွဲဟူ သည် တစ်ဖက်ကအောင်နိုင်ပြီဟု ကြေညာလိုက် ရုံနှင့် အဆုံးသတ်သွားရိုး မရှိ။ အထူးသဖြင့် ဆီးရီးယားစစ်ပွဲကဲ့သို့ ခါးသီးရှုပ်ထွေးသောအခြေ အနေကို လွယ်လွယ်နှင့်အဆုံးသတ်ဖို့ရန်မှာ ကြာမြင့်ကောင်း ကြာမြင့်လိမ့်ဦးမည်။ ဆီးရီးယား အရေးသည် ပြည်တွင်းရေးအဆင့်မဟုတ်ဘဲ နောက်ကွယ်မှ အင်အားကြီးနိုင်ငံများ ပတ်သက် နေသည့် ကိုယ်စားစစ်ပွဲမြေပြင်သဖွယ်လည်း ဖြစ်နေရာ အဆုံးသတ်ဖို့က ရှုပ်ထွေးလှသည်။

ယီမင်ပြည်တွင်းစစ်

အရှေ့အလယ်ပိုင်းနိုင်ငံများ ပါဝင်ပတ် သက်နေသော ကိုယ်စားစစ်ပွဲနောက်တစ်ပွဲကား ယီမင်ပြည်တွင်းစစ်ဖြစ်သည်။ ယီမင်သည် အာရပ်နိုင်ငံများထဲတွင် အဆင်းရဲဆုံးနိုင်ငံများ ထဲ၌ ပါဝင်သည်။ နိုင်ငံတကာက အသိအမှတ် ပြုထားသည့် သမ္မတ အဗ္ဗဒူရာဘက်မန်ဆာ ဟေဒီ၏တပ်များက တစ်ဖက်၊ အီရန်က ကျော ထောက်နောက်ခံပေးထားသော ဟူသီသူပုန် များက တစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်။ ၂၀၁၅ မတ်လကစတင်ခဲ့သော ယီမင်ပြည်တွင်း စစ်ကြောင်း လူပေါင်း ၈ç၆၀ဝ သေဆုံးကာ ၄၉çဝ၀ဝ ကျော် ဒဏ်ရာရရှိခဲ့သည်။ အများစုမှာ သမ္မတ ဟေဒီကို ထောက်ခံသည့်ဆော်ဒီလေ တပ်များ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံး ခြင်းဖြစ်သည်။

ဆော်ဒီဦးဆောင်သော အာရပ်မဟာမိတ် များက ဟူသီများကို ပိတ်ဆို့ထားခြင်းရလဒ် အဖြစ် ယီမင်ပြည်သူ သန်းနှစ်ဆယ်ခန့်သည် စားနပ်ရိက္ခာပြတ်လပ်ကာ အရေးပေါ် အကူ အညီများ လိုအပ်လျက်ရှိနေသည်။ လက်ရှိ အချိန်ထိ နှစ်ဖက်လုံးသည် အနိုင်ရမည့်အနေ အထားမမြင်သေး။

ယီမင်တွင် ရှီးယားအများစုဖြစ်သောဟူသီ များက နိုင်ငံကိုသိမ်းပိုက်ထားကာ ဒေသတွင်း ရှီးယားအင်အားကြီး အီရန်က ကျောထောက် နောက်ခံပေးထားသဖြင့် ဒေသတွင်း အီရန်၏ပြိုင်ဘက် ဆွန်နီဆော်ဒီအာရေဗျနှင့် အခြား ဆွန်နီ အာရပ်ရှစ်နိုင်ငံက သမ္မတ မန်ဆာဟေဒီ ကိုထောက်ခံကာ ဆော်ဒီဦးဆောင်သောအာရပ် မဟာမိတ်များသည် ဟူသီများကို လေကြောင်း တိုက်ခိုက်ချေမှုန်းခဲ့ပြီး နယ်မြေများကို ပြန်သိမ်း ယူခဲ့ကာ အာရပ်မဟာမိတ်များကို အမေရိကန်၊ ဗြိတိန်နှင့်ပြင်သစ်တို့ကလည်း ကျောထောက် နောက်ခံပေးခဲ့သည်။ သို့ဖြင့် ယီမင်သည် ဒေသတွင်း ရှီးယားအင်အားကြီး အီရန်နှင့် ဆွန်နီအင်အားကြီး ဆော်ဒီ ဦးဆောင်သော အာရပ်နိုင်ငံများ နှစ်ဖက်တိုက်ခိုက်ရာ စစ် မြေပြင်ဖြစ်ခဲ့ရပြီး နှစ်နှစ်ခွဲကြာမြင့်လာသည့်တိုင် နှစ်ဖက်လုံးသည် အောင်မြင်မှုမရဘဲ ကုလသမဂ္ဂ ဦးဆောင်ကာ ယီမင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သုံးကြိမ်ကျင်းပခဲ့သော်လည်း ပျက်ပြားခဲ့သည် ချည်းဖြစ်သည်။

ယီမင်ရှိ ဟူသီသူပုန်များကို အီရန်က ကူညီနေသည်ဟု ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံ များကစွပ်စွဲထားပြီး အီရန်ကမူ ငြင်းဆိုထား သည်။ ယီမင်သည် ပင်လယ်နီနှင့် အေဒင်ပင်လယ် ကွေ့ကို ချိတ်ဆက်ထားသည့် ကျဉ်းမြောင်းသော ဘက်ဘ်အယ်လ်-မန်ဒက် ရေလက်ကြားရှိရာ နိုင်ငံဖြစ်ပြီး ကမ္ဘာ့ရေနံတင် သင်္ဘောအများစု သည် ထိုရေလက်ကြားကို ဖြတ်သန်းသွားလာ နေရသည်ဖြစ်သောကြောင့် ယီမင်သည် မဟာ ဗျူဟာကျသော ဒေသဖြစ်နေခြင်းသည်လည်း ကမ္ဘာ့အင်အားကြီးအုပ်စုများ အားပြိုင်ကြရ သည့် အကြောင်းရင်းတစ်ချက်ဖြစ်သည်။

ကာတာအကျပ်အတည်း

၂၀၁၇ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်း၏ အားပြိုင်မှုကို ကာတာတွင်လည်း ကောင်းကောင်း မြင်နိုင်သည်။ ကာတာသည် အကြမ်းဖက်အဖွဲ့ အစည်းများကို အားပေးနေသည်ဟုဆိုကာ အိမ်နီးချင်း ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းတို့က ဇွန် ၅ ရက်ကစတင်ကာ ကာတာနှင့် ဘက်စုံအဆက် ဖြတ်ခဲ့ကြပြီး ကာတာနိုင်ငံသားများကိုလည်း ၁၄ ရက် အတွင်း ၎င်းတို့နိုင်ငံများမှ နှင်လွှတ်ခဲ့သလို၊ ၎င်းတို့နိုင်ငံ သားများကိုလည်း ကာတာသို့သွားရောက်ခြင်း၊ ကာတာ တွင်နေထိုင်ခြင်းများ ပိတ်ပင်ခဲ့သည်။ အီဂျစ်သည်လည်း ကာတာနှင့်အဆက်ဖြတ်ခဲ့သော်လည်း ကာတာတွင် နေထိုင် နေသော အီဂျစ်နိုင်ငံသား ၁၈၀çဝ၀ဝ ကိုမူ ကန့်သတ်ချက် မထုတ်ပြန်ခဲ့ကြောင်း တွေ့ရသည်။ ယီမင်၊ မော်လ်ဒိုက်နှင့် လစ်ဗျားတို့သည်လည်း အလားတူပင် ကာတာနှင့် အဆက် ဖြတ်ခဲ့ကြသည်။

ပင်လယ်ကွေ့နိုင်ငံများထဲမှ ကူဝိတ်နှင့် အိုမန်တို့သာ ကာတာနှင့်အဆက်အသွယ်မဖြတ်ခဲ့ကြဘဲ ကူဝိတ်ကကြားခံ ညှိနှိုင်းသူ နေရာယူခဲ့သည်။ ကာတာသည် ပြည်သူ ၂ ဒသမ ၇ သန်းအတွက် ဘက်စုံလိုအပ်ချက်များကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ပြီး စားနပ်ရိက္ခာလိုအပ်ချက် ၄၀ ရာခိုင်နှုန်းကို ဆော်ဒီနှင့် ကုန်းမြေနယ်စပ်မှ တင်သွင်းနေရ ခြင်းဖြစ်သည်။ ပဋိပက္ခအစပိုင်းတွင် ဆော်ဒီက နယ်စပ်ဂိတ် ပိတ်လိုက်သဖြင့် ဒိုဟာမြို့ စူပါမားကတ်များ၌ စားသောက် ကုန်များ ပြတ်လပ်သည်အထိဖြစ်ပွားခဲ့ပြီး အီရန်နှင့်တူရကီ တို့က လေကြောင်း၊ ရေကြောင်းတို့မှ စားနပ်ရိက္ခာများပို့ပေး သည်တွင်မှ ပြေလည်ခဲ့သည်။

ကာတာအား ပိတ်ပင်ထားမှုများ ပြန်ဖွင့်ပေးစေလိုပါက တောင်းဆိုချက် ၁၃ ချက်ကို လိုက်လျောရန် အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများက တောင်းဆိုခဲ့ရာ ကာတာက တစ်ချက်မှမလိုက်လျောနိုင်ဟု တုံ့ပြန်ခဲ့သည်။ တောင်းဆို ချက်များထဲတွင် ကာတာသည် ဒေသတွင်းပြိုင်ဘက် အီရန် နှင့်သံတမန်ဆက်ဆံရေးလျှော့ချကာ သံရုံးကိုလည်း ပိတ် ပစ်ရန်၊ အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ နေခြင်းရပ်ဆိုင်းကာ အကြမ်းဖက်သမားများ၏စာရင်းများ ပေးအပ်ရန်၊ အိမ်နီးချင်း အာရပ်နိုင်ငံများက အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားသောအဖွဲ့များအား ငွေကြေး ထောက်ပံ့ခြင်း တစ်နည်းနည်းဖြင့် ထောက်ပံ့နေခြင်းများ ရပ်ဆိုင်းရန်၊ အယ်လ်ဂျာဇီးယားအပါအဝင် ကာတာက ရန်ပုံငွေ ထောက်ပံ့နေသောသတင်းလုပ်ငန်းများ ရပ်ဆိုင်း ရန် စသည့်အချက်များပါဝင်သည်။

အိမ်နီးချင်းများ၏ တောင်းဆိုချက်သည် ကာတာကို အချုပ်အခြာအာဏာပါစွန့်လွှတ်ရန် တောင်းဆိုသည်နှင့် မခြား ရှိလှသည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့ပြီး တောင်းဆိုချက်များကိုလည်း မလိုက်လျောနိုင် ဟုဆိုခဲ့သည်။ မျက်နှာချင်းဆိုင်တွေ့ဆုံကာ ပြဿနာအဖြေ ရှာမည်ဟု ကာတာက တောင်းဆိုထားသည်။ ကာတာအရေးသည်လည်း လက်ရှိအချိန်ထိ မပြေလည် နိုင်သေးဘဲ ၂၀၁၈ ခုနှစ်အထိ ကူးသွားမည့်အနေအထား၌ ရှိနေကြောင်း ဖော်ပြလိုက်ရပါသည်။