၂ဝ၁၈-၂ဝ၁၉ ပြည်ထောင်စုအခွန်အကောက်ဥပဒေ (မူကြမ်း)ထုတ်ပြန်နိုင်ရေး ၂ဝ၁၇ ပြည်ထောင်စု အခွန်အကောက်ဥပဒေအပေါ် အခြေခံသဘောထားမှတ်ချက်ပေး၍ ဆွေးနွေးခဲ့ ကြသော CFO Conference ကို ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ၌ ဒီဇင်ဘာ ၂၁ရက်က ကျင်းပခဲ့သည်။
ကဏ္ဍနှစ်ခုဆွေးနွေး
အဆိုပါကွန်ဖရင့်တွင် အခွန်အကောက်ဥပဒေနှင့်စပ်လျဉ်း၍ ဆွေးနွေးမှု၊ အခွန်အကောက် လုပ်ငန်းစဉ်နှင့် နည်းလမ်းများဆွေးနွေးမှု စသည်ကဏ္ဍနှစ်ခုဖြင့် ဆွေးနွေးခဲ့ကြသည်။ ''အခွန်အကောက်ဥပဒေမှာ ပုဂ္ဂလိက ကဏ္ဍရဲ့အကြံပြုချက်တွေထည့်သွင်းသုံးသပ်မယ်ဆိုရင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းအတွက် လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးဝန်းကျင်တစ်ခုကို ဖန်တီး နိုင်မှာဖြစ်ပါတယ်''ဟု UMFCCIအသင်းချုပ် ဒုတိယဥက္ကဌဦးရဲမင်းအောင်က ပြောဆိုသည်။
အကြံပြုဆွေးနွေး
လက်ရှိတွင် အခွန်များ ကြိုတင်ပေးဆောင်နေရသော်လည်းRefund Process ၌ နှောင့်နှေးကြန့်ကြာမှုများ လျော့နည်းပပျောက်စေလိုမှု၊ အထူးကုန်စည်ခွန်များအတွက် ပွင့်လင်း မြင်သာသောအခွန်စနစ်များထားရှိလိုမှု၊ အခွန်နှင့်ပတ်သက်သော ပညာပေးကာလများရှိစေမှု၊ တံဆိပ်ခေါင်းခွန်၊ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်တို့နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးခဲ့ကြသည်။
ယင်းကွန်ဖရင့်တွင် စီးပွားရေးလုပ်ငန်းအသီးသီး၏ ဘဏ္ဍာရေးနှင့် အခွန်ကဏ္ဍများ၌ အဓိကဆောင်ရွက်နေသော Chief Financial Officer(CFO)၊Chief Accountant နှင့် Finance Manager များက ထိထိရောက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပြီး အခွန်အကောက် ဥပဒေအတွက်ဆွေးနွေးချက်၊ အကြံပြုချက်များကို နိုင်ငံတော်အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း သိရသည်။

















