မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် သုံးဆင့်ရေတံခွန်အနီးရှိ ဝှက်ကားသုံးဆင့် ရေတံခွန်အပန်းဖြေဆင်စခန်းကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ၌ ဖွင့်လှစ်နိုင်ရေး စီစဉ်လျက်ရှိ ကြောင်း သစ်တောဦးစီးဌာန မြန်မာ့သစ်လုပ် ငန်းမှ သိရသည်။
ဝန်ဆောင်မှုပေးမည်
ယင်းဆင်စခန်းသည် မန္တလေးမြို့မှ ၂၇ မိုင်ခန့်အကွာတွင်ရှိပြီး ပြင်ဦးလွင်မြို့နယ် ကျောက်ချော-ရဲရွာကားလမ်းမှ ကိုးမိုင်ခန့် သွားရကာ ဝှက်ကား-ဒီးဒုတ်ကြိုးဝိုင်းအတွင်း၌ တည်ရှိကြောင်း၊ အကျယ်အဝန်း ၇၅ ဧကခန့် ရှိပြီး လာရောက်အပန်းဖြေသူများအား ဆင် ခြောက်ကောင်ဖြင့် ဝန်ဆောင်မှုပေးရန် စီစဉ် ထားသည်။
အပန်းဖြေလေ့လာနိုင်
ပြင်ဦးလွင်သို့ လာရောက်အပန်းဖြေသူ များအနေဖြင့် ခုနစ်မိုင်ကမ်းခြေခစန်း၊ ဒီးဒုတ် ရေပြာအိုင်စခန်း၊ သုံးဆင့်ရေတံခွန်အပန်း ဖြေစခန်းတို့အပြင် ယခုထပ်မံဖွင့်လှစ်မည့် ဝှက်ကားသုံးဆင့်ရေတံခွန်အပန်းဖြေ ဆင် စခန်း၌လည်း အပန်းဖြေလေ့လာနိုင်မည်ဖြစ် သည်။
ခရီးသွားအထောက်အကူပြု
''အစတုန်းကတော့ ဝှက်ကားသုံးဆင့် ရေတံခွန်အပန်းဖြေဆင်စခန်းကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာဖွင့်လှစ်ဖို့ စီစဉ်ထားတာပါ။ အချို့ကိစ္စတွေ အဆင်မပြေတာလေးတွေကြောင့် မဖွင့်ဖြစ်တော့ပါဘူး။ ဒါပေမဲ့ ဇန်နဝါရီလထဲ တော့ ဖွင့်ဖြစ်အောင်စီစဉ်ထားပါတယ်။ ယခု ဖွင့်မယ့်ဆင်စခန်းက ဆင်တွေကို စဉ့်ကူးမြို့နယ် မာလဲဆင်စခန်းမှာ ဒီဇင်ဘာ ၁၁ ရက်ကတည်း ကပြောင်းရွှေ့ထားတာပါ။ ဧည့်သည်တွေ ဆင် စီးတဲ့အခါမှာ လုံခြုံစိတ်ချရပြီး ထိခိုက်မှုမရှိ အောင် လေ့ကျင့်မှုပြုနေပါတယ်။ အယဉ်ပါးဆုံး ဆင်တွေနဲ့ ဝန်ဆောင်မှုပေးမှာပါ။ ဆင်တွေကို အစာကျွေးနိုင်အောင် အစာဆိုင်များလည်း ဖွင့်လှစ်မှာဖြစ်ပါတယ်။ ဒီဆင်စခန်းက ခရီးသွား လုပ်ငန်းကိုအထောက်အကူဖြစ်မယ့် ဆင်စခန်း တစ်ခုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်''ဟု မြန်မာ့သစ်လုပ်ငန်းမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးအောင်မြင့်ဌေးက ပြောဆိုသည်။
နေ့ချင်းပြန်သာအပန်းဖြေနိုင်
ယင်းဆင်စခန်းဝင်ကြေးနှုန်းထားမှာ ပြည် တွင်းခရီးသွားများအတွက် တစ်ဦးလျှင် ကျပ် ၁ဝဝဝ၊ ဆင်စီးခ ကျပ် ၅ဝဝဝ ဖြစ်ပြီး နိုင်ငံ ခြားသားတစ်ဦးလျှင် ကျပ် ၂ဝဝဝ၊ ဆင်စီးခမှာ ကျပ် ၂ဝ,ဝဝဝ သတ်မှတ်ထားကြောင်း၊ စား သောက်ဆိုင်များလည်း ဖွင့်လှစ်ရောင်းချပေး မည်ဖြစ်ပြီး ညအိပ်တည်းခိုရန် အဆင်သင့် မဖြစ်သေးသည့်အတွက် နေ့ချင်းပြန်သာ အပန်းဖြေနိုင်ကြောင်း သိရသည်။
ဖွင့်လှစ်ထား
မြန်မာနိုင်ငံတွင် လက်ရှိ ဝဂင်္ဘော်ဆင် စခန်း၊ ငလိုက်ဆင်စခန်း၊ ဖိုးကျားဆင်စခန်း၊ နတ်မှော်ဆင်စခန်း၊ နတ်မောက်ဆင်စခန်း၊ ဝေါ်ဆောင်ဆင်စခန်း၊ မှော်ယော်ကြီးဆင်စခန်း၊ ချောင်းသာဆင်စခန်း၊ မုက္ခာရေတံခွန်ဆင်စခန်း၊ ကြာစွယ်ဆင်စခန်း၊ ပေါ်လံဂျိုင့်ဘဆင်စခန်း၊ ဝါးဖြူတောင်ဆင်စခန်းတို့ကို ဖွင့်လှစ်ထားရှိ ကြောင်း သိရသည်။















