၂၀၁၇ ခုနှစ်အတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဆောင်ရွက်ချက်များ

၂၀၁၇ ခုနှစ်အတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဆောင်ရွက်ချက်များ

ဝါရှင်တန်ကဗွက်တွေကိုရှင်းမယ် စပြောသူ

"ဝါရှင်တန်က အခြေကျနေတဲ့ ဗွက်အိုင် ကြီးကိုဖယ်ရှားပစ်ရမယ်"  ဒီစကားကိုဆိုခဲ့သူက ၄၅ ဦးမြောက် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ဖြစ်သည်။ ဒေါ်နယ်ထရမ့်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ထရမ့်၏ သမ္မတ သက်တမ်းသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ၌ ကုန်ဆုံးမည်ဖြစ်သည်။

ဒုတိယသက်တမ်းအတွက် ရွေးကောက်ခံ ခွင့်ရှိပြီး ထို့အတွက် ရွေးကောက်ပွဲဝင်ဦးမည် ဟု ထရမ့်ကကြွေးကြော်ထားသည်။ ၂၀၁၇ ခုနှစ်အတွင်း နိုဝင်ဘာ ၆ ရက်အထိ ထရမ့်သည် သမ္မတဆိုင်ရာအမိန့်ဒီဂရီ ၅၁ ခုကို ထုတ်ပြန်ခဲ့ သည်။ ထရမ့်က ခန့်အပ်လိုကြောင်း ပထမဆုံး အမည်စာရင်းတင်သွင်းသည့်ရာထူးမှာ ရှေ့နေ ချုပ်ရာထူးဖြစ်သည်။ ထရမ့်သည် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခြင်းမပြုမီ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၈ရက်တွင် အယ်လ်ဘားမားပြည်နယ် မှ အထက်လွှတ်တော်အမတ် ဂျက်ဖ်ဆက်ရှင်စ်ကို ရှေ့နေချုပ်အဖြစ် အမည်စာရင်းတင်သွင်းလို ကြောင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ထရမ့်သည် ဝန်ကြီးနေရာများကို အမြန်ဆုံး ခန့်အပ်လိမ့်မည်ဟု ထင်ကြေးပေးခဲ့ကြသော် လည်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်အထိ သမ္မတထရမ့်သည် ဂျော့ဂျ်ဝါရှင်တန်မှလွဲပြီးအမေရိကန်သမ္မတများအနက် ဝန်ကြီးအဖြစ် အတည်ပြုခံရမှုအနည်းဆုံး သမ္မတဖြစ်ခဲ့သည်။

ဖြုတ်ထုတ်ဖယ်ရှား

သမ္မတထရမ့်၏ သမ္မတသက်တမ်းသည် ခန့်အပ်ထားသူများကို ဖြုတ်ထုတ်ဖယ်ရှားမှုဖြင့် စတင်သည်ဟုဆိုနိုင်သည်။ ၂၀၁၇ ခုနှစ် ဖေဖော် ဝါရီတွင် ထရမ့်သည် မိုက်ကယ်ဖလင်းအား အမျိုးသားလုံခြုံရေး အကြံပေးအရာရှိအဖြစ်မှ ဖယ်ရှားခဲ့သည်။ အကြောင်းမှာ ဖလင်းသည် အမေရိကန်ပြည်ထောင်စုဆိုင်ရာ ရုရှားသံအမတ် ကြီး ဆာဂေကီလ်စ်ယက်ခ်နှင့် ပတ်သက်ခဲ့မှုကို ဒုတိယသမ္မတမိုက်ခ်ပန့်စ်အား လိမ်လည်ခဲ့သော ကြောင့်ဟု ထရမ့်က ဆိုသည်။

ရာထူးမှဖယ်ရှားခံရသူ နောက်တစ်ဦးမှာ အက်ဖ်ဘီအိုင် ဒါရိုက်တာ ဂျိမ်းစ်ကိုမေဖြစ် သည်။ ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ပုဂ္ဂလိကအီးမေးလ်အသုံးပြုခဲ့မှုနှင့်ပတ်သက်ပြီး ကိုင် တွယ်ပုံမှားယွင်းသည့်အတွက်ကြောင့် ဒုတိယ ရှေ့နေချုပ် ရော့ဒ်ရိုဆန်စတိုင်း၏ အကြံပြုချက် အရ ကိုမေအား ဖယ်ရှားရခြင်းဖြစ်ကြောင်း ထရမ့်က ဆိုခဲ့သည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် အိမ်ဖြူ တော်၌တွေ့ဆုံမှုတွင် ထရမ့်သည် ဖလင်းအား ဆက်လက်စုံစမ်းစစ်ဆေးခြင်းမပြုရန် သူ့ကိုစည်း ရုံးခဲ့ကြောင်း ကိုမေကပြောဆိုခဲ့သည်။ ဖလင်း၏ အရှုပ်တော်ပုံသည် သမ္မတထရမ့်၏ သက်တမ်း ပထမနှစ်အတွင်း နောက်က တကောက်ကောက် လိုက်၍ ဒုက္ခပေးမည်ဖြစ်သည်။

မီဒီယာများနှင့် ဆက်ဆံရေး

သမ္မတထရမ့်သည် မီဒီယာများနှင့် အစေး မကပ်သောသမ္မတဖြစ်သည်။ မီဒီယာဆိုသည်မှာ ပြည်သူ့ရန်သူဟုပင် သူက ဆိုခဲ့ဖူးသည်။ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့၌ပင် မီဒီ ယာများနှင့် ထရမ့်ကြား စကားစစ်ထိုးခဲ့သည်။ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ လာရောက်သူဦးရေကို လျှော့ချပြောဆိုခဲ့သည်ဟု ထရမ့်အကြံပေးများက ဆိုခဲ့သည်။ သမ္မတဖြစ်ပြီးတစ်လမပြည့်မီ ဖေဖော် ဝါရီ ၁၆ ရက်တွင် ထရမ့်ကသတင်းစာရှင်းလင်းပွဲ ကျင်းပြီး မီဒီယာများသည် ပြည်သူ့အတွက် အလုပ်လုပ်နေသည်မဟုတ်ဘဲ အထူးအကျိုး စီးပွားအတွက် လုပ်ကိုင်နေခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ နောက်တစ်နေ့မှာတော့ နယူး ယောက်တိုင်းမ်၊ အင်န်ဘီစီ၊ အေဘီစီ၊ စီဘီအက်စ် နှင့် စီအင်န်အင်န်တို့သည် ပြည်သူ့ရန်သူဖြစ် ကြောင်း ထရမ့်က တွစ်တာ၌ဖော်ပြခဲ့ပြန်သည်။

တွစ်တာသာသုံးမည်

ထရမ့်သည် သမ္မတရွေးကောက်ပွဲမဲဆွယ် စည်းရုံးချိန်မှစပြီး တွစ်တာလူမှုကွန်ရက်သုံးစွဲ ခဲ့သူဖြစ်သည်။ တွစ်တာသုံးပြီး သူမုန်းသူများကို နှိပ်ကွပ်ကာ ချစ်ခင်သူများကို မြှောက်ပင့်ခဲ့သည်။ သမ္မတတစ်ဦးအနေဖြင့် ထူးခြားစွာပင် တွစ်တာ သုံးပြီး အငြင်းပွားစရာများဖြစ်အောင် ဖန်တီးခဲ့သူ ဖြစ်သည်။ မွတ်စလင်အများစုနိုင်ငံများမှ နိုင်ငံ သားများအား ဗီဇာပိတ်ပင်မှုနှင့် ပတ်သက်ပြီး တွစ်တာတွင် ရေးသားခဲ့မှုကို နိုင်ငံသားအခွင့် အရေးအဖွဲ့များက အသုံးချပြီး ယင်းပိတ်ပင် ချက် ယာယီမသက်ရောက်ရေး တရားရုံးများမှ တစ်ဆင့် ကြိုးပမ်းနိုင်ခဲ့သည်။

အစိုးရအရွယ်အစား

သမ္မတထရမ့်သည် အစိုးရလက်တံကို တို လိုသူတစ်ဦးဖြစ်သည်။ ဝန်ကြီးဌာနအများကြီးကို မြင်လိုသူမဟုတ်ချေ။ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ထရမ့်သည် အုပ်ချုပ်ရေးကဏ္ဍ၌ ဝန်ထမ်းထပ်မံခန့်ထားမှု ယာယီရပ်ဆိုင်းသည့် ဒီဂရီတစ်ရပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။ အမျိုး သားလုံခြုံရေး၊ စစ်ဘက်နှင့် အများပြည်သူ လုံခြုံရေးဌာနများရှိ လစ်လပ်နေသောနေရာ များတွင် အစားထိုးခန့်ထားခြင်းမပြုရန် အချက် လည်းပါဝင်ခဲ့သည်။ ဖေဖော်ဝါရီ ၂၅ ရက်အထိ လစ်လပ်နေသောအစိုးရဝန်ထမ်းနေရာ ၂çဝ၀ဝ ခန့် ရှိနေသေးကြောင်း စီအင်န်အင်န်သတင်း အရ သိရသည်။

ကျန်းမာရေးကဏ္ဍ

သမ္မတထရမ့်သည် ဘားရက်အိုဘားမား၏နိုင်ငံရေးအမွေကို အမြစ်ပြတ်ဖယ်ရှားလိုသူဟု ဆိုကြသည်။ အထူးသဖြင့် အိုဘားမားအစိုးရ အတည်ပြုခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို လုံးဝပျက်စီးစေရမည်ဟု ထရမ့်က ကြွေးကြော်ခဲ့ဖူးသည်။ ဘားရက်အိုဘားမား သမ္မတဖြစ်ချိန်တွင်အတည်ပြုခဲ့သည့်အတွက် အိုဘားမားကျန်းမာရေးစောင့်ရှောက်မှုဥပဒေ ဟု အမည်တွင်သည့် လူနာကာကွယ်စောင့် ရှောက်ရေးနှင့် ကုန်ကျစရိတ်သင့်တင့်ကျန်း မာရေးစောင့်ရှောက်မှုဥပဒေ (အေစီအေ) ကို ထရမ့်သမ္မတမဖြစ်မီကတည်းက ရီပတ် ဘလီကန်များက ဆန့်ကျင်ခဲ့ကြခြင်းဖြစ်သည်။ သမ္မတဖြစ်လာပါက အေစီအေကိုဖျက်သိမ်း နိုင်ရေး ကြိုးပမ်းမည်ဟု ထရမ့်က ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကတည်းက ပြောဆိုခဲ့သည်။ သမ္မတဖြစ်ပြီးနောက်တွင် ထရမ့်က ပိုမိုကောင်းမွန်ပြီး ကုန်ကျစရိတ်နည်း သည့် ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို အတည်ပြုမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

အောက်လွှတ်တော်ရှိ ရီပတ်ဘလီကန်များ က တင်သွင်းသည့် အမေရိကန်ကျန်းမာရေး စောင့်ရှောက်မှုဥပဒေကြမ်းကို ထရမ့်က ၂၀၁၇ ခုနှစ် မတ်တွင် ထောက်ခံခဲ့သည်။

ယင်းဥပဒေကြမ်းအရ လူပုဂ္ဂိုလ်များသည် ကျန်း မာရေးအာမခံကို လျှောက် ထားရမည်ဖြစ်ပြီး မလျှောက် ထားပါက ဒဏ်ငွေတပ်ခံရမည် ဆိုသည့် အေစီအေပါ အချက်ကို ပယ်ဖျက်မည်ဖြစ်သည်။ သို့သော် ရီပတ်ဘလီကန်ပါတီအမတ်တချို့ က ကန့်ကွက်မှုကြောင့် ၂၀၁၇ ခုနှစ် မတ် ၂၄ ရက်တွင် မဲခွဲသော် လည်း အတည်ပြုနိုင်ခြင်း မရှိ ခဲ့ချေ။ မေ ၄ ရက်တွင်မူ အောက် လွှတ်တော်တွင်း ထပ်မံမဲခွဲဆုံးဖြတ်ရာ အေစီအေကို ဖျက်သိမ်းရန်လိုလားသူ အနည်းငယ်ပိုများသောကြောင့် အတည် ပြုနိုင်ပြီး ဥပဒေကြမ်းကို အထက်လွှတ် တော်သို့ တင်သွင်းနိုင်ခဲ့သည်။ ယင်းနောက် အထက်လွှတ်တော်သည် အေစီအေကိုဖျက်သိမ်းပြီး ယင်းနေရာ၌ အမေရိကန် ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေဖြင့် အစားထိုးနိုင်ရန် ကြိုးပမ်းခဲ့ သည်။ သို့သော် ဇူလိုင်အကုန်ပိုင်း၌ မဲခွဲခဲ့ သော်လည်း အတည်ပြုနိုင်ခြင်း မရှိခဲ့ချေ။

လူဝင်မှုကြီးကြပ်ရေး

ဒေါ်နယ်ထရမ့်သည် လူမျိုးခြားများကို မလိုလားသော စိတ်ရှိသူတစ်ဦးဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ  တရားမဝင် ရွှေ့ပြောင်း ၁၁ သန်းကို မိခင်နိုင်ငံသို့ ပြန်ပို့ မည်ဟု ထရမ့်က သမ္မတမဖြစ်မီကတည်းက ပြောဆိုခဲ့သည်။ ထို့ပြင် အမေရိကန်နှင့် မက္က ဆီကိုနယ်စပ်တစ်လျှောက် တံတိုင်းဆောက်မည် ဟုဆိုခဲ့သည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၅ ရက် တွင် ထရမ့်သည် တံတိုင်းဆောက်ရန် အမိမြေ လုံခြုံရေးဝန်ကြီးကိုညွှန်ကြားသည့် သမ္မတဆိုင်ရာ အမိန့်ဒီဂရီတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထရမ့်အဆိုပြုသော တံတိုင်းစီမံကိန်းကြောင့် ဒေါ်လာ ၂၁ ဒသမ ၆ ဘီလီယံကုန်ကျပြီး ဆောက်လုပ်ချိန် ၃ နှစ်ခွဲ ကြာမြင့်မည်ဖြစ်ကြောင်း အမိမြေလုံခြုံရေးဌာနက တင်ပြခဲ့သည်။ ထရမ့် သည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်က တံတိုင်းဆောက်ရန် ဒေါ်လာ ၁၂ ဘီလီယံသာ ကုန်ကျမည်ဟု ဆိုခဲ့ဖူးသည်။     

အခြားကျွမ်းကျင်ပညာရှင်များကမူ တံတိုင်း ဆောက်ရန် ဒေါ်လာ ၂၅ ဘီလီယံကုန်ကျနိုင်ပြီး ပုဂ္ဂလိကပိုင်မြေများကိုသိမ်းယူမှုအတွက် နစ်နာ ကြေးပေးခြင်း၊ တံတိုင်းထိန်းသိမ်းစောင့်ရှောက် ခြင်းတို့ကြောင့် နောက်ထပ် ကုန်ကျစရိတ်များ ရှိလာနိုင်သည်ဟု သုံးသပ်သည်။ ယင်းနောက် တံတိုင်းဆောက်လုပ်ရန် ကုန်ကျစရိတ်ကို မက္က ဆီကိုဘက်မှလည်း ကျခံရမည်ဟု ထရမ့်ကပြော ဆိုခဲ့သဖြင့် မက္ကဆီကိုသမ္မတ အင်းနရီကာပဲ ညာနီတိုးအစိုးရ၏တုံ့ပြန်ခြင်းကို ခံခဲ့ရသည်။

ထရမ့်အစိုးရလက်ထက်တွင် မှတ်တမ်း မှတ်ရာမရှိသော ရွှေ့ပြောင်းများကို ဖမ်းဆီးမှု ရာခိုင်နှုန်း ၄၀ မြင့်တက်လာကြောင်း မီဒီယာ များက မေလတွင်ဖော်ပြခဲ့သည်။ ရာဇဝတ်မှုကျူး လွန်ကြောင်းမှတ်တမ်းရှိသည့် တရားမဝင် ရွှေ့ ပြောင်းများကိုဖမ်းဆီးမှုသည် ရာခိုင်နှုန်း ၁၅၀ အထိ မြင့်တက်ခဲ့သည်။ သြဂုတ်အကုန်ပိုင်းတွင် ထရမ့်သည် တရားမဝင် ရွှေ့ပြောင်းမိဘများနှင့် အတူ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ လာပြီး အမေရိကန်တွင်ကြီးပြင်းခဲ့သည့် လူငယ် များအား ယာယီနေထိုင်ခွင့် ပေးထားခြင်းကို ရပ်ဆိုင်းရန် စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်။

ကလေးငယ်ဘဝတွင် ရောက်ရှိလာသူများ အား အလုပ်လုပ်ကိုင်ခွင့်ပေးပြီး ယာယီနေထိုင် ခွင့်ပေးမှု (ဒီအေစီအေ) နေရာတွင် အစားထိုး ရမည့် ဥပဒေကြမ်းတစ်ခုကိုရေးဆွဲရန် ထရမ့်က ကွန်ဂရက်ကို ခြောက်လအချိန်ပေးခဲ့သည်။ ဒီအေ စီအေအရ အမေရိကန်ရှိ လူငယ် ၇၅၀çဝ၀ဝ ခန့် ပြည်နှင်ဒဏ်ခံရခြင်းမှကင်းလွတ်ပြီး အလုပ် လုပ်ခွင့်နှင့် ပညာသင်ယူခွင့် ရရှိခဲ့သည်။ အမေ ရိကန်တွင် ကြီးပွားချမ်းသာအောင်လုပ်မည်ဟု အားခဲစိတ်ကူးယဉ်ထားသောကြောင့် ယင်းလူငယ် များကို အိပ်မက်ရှင်များဟုခေါ်ဆိုပြီး ယင်းလူငယ် အများစုသည် မက္ကဆီကိုနှင့် လက်တင်အမေ ရိကနိုင်ငံများမှ အမေရိကန်ပြည်ထောင်စုသို့ လာရောက်သူများဖြစ်ကြသည်။

ဇန်နဝါရီ ၂၇ ရက်တွင် ထရမ့်သည် ဆီးရီး ယားပြည်တွင်းမှ ထွက်ပြေးတိမ်းရှောင်လာပြီး ခိုလှုံခွင့်တောင်းခံသူများအား လက်ခံမှုကို အချိန် ကာလအကန့်အသတ်မရှိ ရပ်ဆိုင်းပြီး အခြား ဒုက္ခသည်များအား လက်ခံမှုကို ရက် ၁၂၀ ရပ် ဆိုင်းထားကာ အီရတ်၊ အီရန်၊ လစ်ဗျား၊ ဆိုမာ လီယာ၊ ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်တို့ရှိ နိုင်ငံ သားများအား ဗီဇာထုတ်ပေးမှုကို ရက် ၉၀ ရပ် ဆိုင်းထားရန် ညွှန်ကြားချက်တစ်ခုကို လက်မှတ် ရေးထိုးခဲ့သည်။ ယင်းညွှန်ကြားချက်ကို ဖျက် သိမ်းပေးရန် ပြည်ထောင်စုတရားရုံးများသို့ လျှောက်ထားမှုများရှိခဲ့ရာ တရားသူကြီးတချို့က ညွှန်ကြားချက် ယာယီမသက်ရောက်စေရဟု ဆုံးဖြတ်ခဲ့သည်။

ထရမ့်သည် မတ်လ၌ နောက်ထပ်ညွှန်ကြား ချက်တစ်ခုကို ထုတ်ခဲ့ပြန်သည်။ ယင်းထုတ်ပြန် ချက်တွင် အီရတ်ကို ဖယ်ထုတ်ခဲ့သည်။ ဇွန်လတွင် တရားလွှတ်တော်ချုပ်က ညွှန်ကြားချက်တစ်စိတ် တစ်ပိုင်း သက်ရောက်စေဟု ဆုံးဖြတ်ခဲ့သည်။ သမ္မတထရမ့်သည် တတိယညွှန်ကြားချက်ကို စက်တင်ဘာတွင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ် ပြန်ချက်တွင် မွတ်စလင်အများစု မဟုတ်သည့် မြောက်ကိုရီးယားနှင့် ဗင်နီဇွဲလားတို့ကို ထည့် သွင်းခဲ့သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် တရားလွှတ်တော်ချုပ်က စက်တင်ဘာ၌ ထုတ် ပြန်ခဲ့သည့် ညွှန်ကြားချက် သက်ရောက်မှုရှိစေ မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

အကျိုးစီးပွားချင်းပဋိပက္ခ

စီးပွားရေးလုပ်ငန်းရှင်ဖြစ်ခဲ့သည့် ထရမ့် အတွက် သမ္မတဖြစ်ပြီးနောက် အဝေဖန်ခံရဆုံး မှာ စီးပွားရေးဆိုင်ရာအကျိုးစီးပွားနှင့်သမ္မတ တစ်ဦး၏ လုပ်ငန်းဆောင်တာများ ရောစပ်ပြီး အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်နိုင်သည်ဆိုသည့် အချက်ဖြစ်သည်။ ယင်းကဲ့သို့မဖြစ်အောင် စီးပွားရေးလုပ်ငန်း များကို နေ့စဉ်စီမံခန့်ခွဲမှုကနေ ရပ်ဆိုင်းပြီး သားတွေဖြစ်ကြသည့် အဲရစ်ထရမ့်နှင့် ဒေါ်နယ် ထရမ့် ဂျူနီယာတို့ကို လုပ်ငန်းများ စီမံခန့်ခွဲခိုင်း မည်ဟု ထရမ့်က မဲဆန္ဒရှင်များကိုပြောခဲ့ဖူးသည်။ မည်သို့ဖြစ်စေ ထရမ့်၏သားများသည် စီးပွားရေး လုပ်ငန်းများ၏ တိုးတက်မှုနှင့်ပတ်သက်ပြီး ထရမ့်ထံ လေးလတစ်ကြိမ် အစီရင်ခံနေကြဆဲ ပင်။ ထရမ့်သည် သမ္မတတစ်ဦး၏တာဝန်နှင့် စီးပွားရေးလုပ်ငန်းတွေကြား အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်နေသည်ကို လုံလောက်အောင် ဖြေ ရှင်းနိုင်ခြင်း မရှိကြောင်း ကိုယ်ကျင့်တရားရေး ကျွမ်းကျင်သူက သုံးသပ်ခဲ့သည်။ ။

လွန်ခဲ့သောနှစ်ပေါင်း ၄၀ အတွင်း တာဝန် ထမ်းဆောင်ခဲ့သည့် သမ္မတများနှင့်မတူသည်က ထရမ့်သည် စီးပွားရေးလုပ်ငန်းများကို ယုံကြည် ရသည့် ဘုတ်အဖွဲ့ဝင်များလက်ထဲတွင် မအပ်နှံ ခြင်းဖြစ်ကြောင်း ဂျော့ဂျ်ဒဗလျူဘုရှ်လက်ထက် တွင် အိမ်ဖြူတော် ကိုယ့်ကျင့်တရားရေးဆိုင်ရာရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ရစ်ချတ်ဒဗလျူပိန်တာက ဝေဖန်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတစ်ဦး သည် နိုင်ငံခြားအစိုးရများထံမှ လက်ဆောင်နှင့် ငွေကြေးပုံစံအပါအဝင် လာဘ်လာဘများကို လက်ခံခြင်းမပြုရဟုဖော်ပြထားရာ ထရမ့်သည် သူ၏ဟိုတယ်နှင့် အခြားစီးပွားရေးလုပ်ငန်းများမှ ယင်းလက်ဆောင်များ ရရှိခဲ့ကြောင်း အိုဘားမား အစိုးရလက်ထက်တွင် အိမ်ဖြူတော်ရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နော်မန် အယ်လ်အိုင် ဆန်က ပြောဆိုခဲ့သည်။

ရုရှားနှင့်ပတ်သက်မှု

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက် ပွဲတွင် ရုရှားဝင်ရောက်ခြေရှုပ်ခဲ့ကြောင်း အမေ ရိကန်ထောက်လှမ်းရေးအဖွဲ့များက ယူဆထား သည်။ ထရမ့်ကမူ မီဒီယာများလုပ်ကြံဖန်တီးပြီး အပုပ်ချခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။  ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလအတွင်း ထရမ့်၏မဲဆွယ်အဖွဲ့ဝင်များနှင့် ရုရှားတို့ကြား ပတ်သက်မှုရှိမရှိကို စုံစမ်းစစ်ဆေးရန် အမေရိ ကန်တရားရေးဝန်ကြီးဌာနက အက်ဖ်ဘီအိုင် အကြီးအကဲဟောင်း ရောဘတ်မြူလာအား အထူးစုံစမ်းစစ်ဆေးရေးမှူးအဖြစ် ၂၀၁၇ ခုနှစ် မေလတွင် ခန့်အပ်ခဲ့သည်။

ထရမ့်အစိုးရအဖွဲ့တွင်း ယခင်က ရာထူး ကြီးကြီးများ တာဝန်ထမ်းဖူးသည့် ပေါမာနာဖို့ဒ်နှင့် မိုက်ကယ်ဖလင်းတို့သည် ရုရှားနှင့်ပတ်သက်မှု ကြီးကြီးမားမားရှိခဲ့ကြောင်း စုံစမ်းဖော်ထုတ်နိုင် ခဲ့သည်။ သူတို့နှစ်ဦးသည်လည်း အက်ဖ်ဘီအိုင် ကိုလိမ်လည်ထွက်ဆိုမှုများဖြင့် အမှုဖွင့်ခံထား ရသည်။ ထရမ့်က ရှေ့နေချုပ်အဖြစ် အမည် စာရင်းတင်သွင်းခဲ့သည့် ဂျက်ဆက်ရှင်စ်ကိုယ် တိုင်က လိမ်လည်ထွက်ဆိုခဲ့သည်။

ထရမ့်ကို ရုရှားဘက်ယိမ်းသူဟုယူဆဖွယ်ရာ နောက်ဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့ပြန်သည်။ ၂၀၁၇ ခုနှစ် မေလ၌ ထရမ့်သည် အိမ်ဖြူတော်ရှိဘဲဥပုံ ရုံးခန်းတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေ လက်ဗ်ရော့ဗ်၊ သံအမတ်ကြီး ဆာဂေကီစ်ယက်ခ် တို့ကိုလက်ခံတွေ့ဆုံပြီး အကြမ်းဖက်နှိမ်နင်းရေး သတင်းအရင်းအမြစ်များ၊ ထောက်လှမ်းရေး လုပ်ဆောင်ပုံများကို ဖွင့်ချပြောဆိုခဲ့ပြန်သည်။

သမ္မတတစ်ဦးသည် လျှို့ဝှက်သတင်းအချက် အလက်များကို လျှို့ဝှက်အဆင့်မှလျှော့ချခွင့်ရှိ သော်လည်း သတင်းများကို ထောက်ပံ့ခဲ့သူသည် အရှေ့အလယ်ပိုင်းရှိ မဟာမိတ်နိုင်ငံဖြစ်သော ကြောင့် ယင်းနိုင်ငံနှင့် အမေရိကန်တို့ကြား ထောက်လှမ်းရေးသတင်းအချက်အလက်ဝေမျှမှု ထိခိုက်သွားနိုင်ကြောင်း နယူးယောက် တိုင်းမ် သတင်းစာက ဝေဖန်ရေးသားခဲ့သည်။ ထရမ့် ကလည်း စပ်စပ်ထိမခံဘဲ ရုရှားသည် အကြမ်း ဖက်နှိမ်နင်းရေးတွင် အရေးပါသောမဟာမိတ် ဖြစ်ပြီး သူ့တွင် သတင်းအချက်အလက်ဝေမျှခွင့် အပြည့်အဝရှိကြောင်း တွစ်တာ၌ တုံ့ပြန်ခဲ့သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလတွင်မူ ထရမ့်၏ရွေးကောက်ပွဲတာဝန်ခံဟောင်း ဂျော့ဂျ်ပါ ပါဒိုပေါလော့စ်သည် ရုရှားထောက်လှမ်းရေး များနှင့်ပတ်သက်မှုရှိသော်လည်း အက်ဖ်ဘီအိုင် ကိုလိမ်လည်ထွက်ဆိုမိခဲ့ကြောင်းဝန်ခံပြီး ပြစ် ဒဏ်မှလျှော့ပေါ့ပေးရန် လျှောက်ထားခဲ့သည်။ အပြောနှင့်အလုပ်မညီမှု၊ လက်လွတ်စပယ် ပြောဆိုမှုများကြောင့် ထရမ့်အပေါ် လူကြိုက် များမှုလည်း ကျဆင်းနေပြီဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၀ အတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတများအနက် ထရမ့်သည် လူကြိုက်များမှု အနည်းဆုံးသမ္မတဖြစ်ကြောင်း အေဘီစီသတင်း ဌာနနှင့်ဝါရှင်တန်ပို့စ်တို့က ပူးပေါင်းပြုလုပ်သော စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် ဂဲလပ်ကကောက် ယူသည့်စစ်တမ်းတွင် ထရမ့်၏လူကြိုက်များမှု နှုန်းသည် ၃၈ ရာခိုင်နှုန်းသာရှိနေကြောင်း ဖော်ပြထားသည်။ ၂၀၁၇ ခုနှစ် နှစ်စ ဝါရှင်တန်ရှိ  ရွှံ့ဗွက်အိုင် ကြီးကိုရှင်းထုတ်မည်ဟုပြောဆိုခဲ့သည့် ထရမ့် သည် ၂၀၁၇ ခုနှစ် နှစ်ကုန်ကာလ ဝါရှင်တန်၌ပင် ဗွက်အိုင်ကြီးကိုဖန်တီးနေပြီဟုတ်မဟုတ် တွေးဆ စရာများ ရှိနေပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါ သည်။