ဒေတာသည် ပါဝါဖြစ်လာသည့် ၂၀၁၇
ဆိုရှယ်မီဒီယာဟူသည် ဒီမိုကရေစီမီးရှူး တိုင်ကြီးဟု ပြီးခဲ့သည့်နှစ်ပိုင်းများအထိ လူအများ မှတ်ယူခဲ့ကြသည်။ ဆိုရှယ်မီဒီယာပေါ်တွင် လွတ်လပ်စွာ အမြင်ချင်းဖလှယ်နိုင်မှု၊ သတင်း အချက်အလက်များ မျှဝေနိုင်မှုတို့ကြောင့် မတရားမှုများ၊ အကျင့်ပျက်မှုများ၊ လိမ်ညာမှုများ ကို အမှန်တရားဘက်တော်သားများက ဖော် ထုတ်ချေဖျက်ကာ ပိုကောင်းသော လူ့ဘောင် တည်ထောင်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် ယခုနှစ်အတွင်း အဖြစ်အပျက်များက မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။
၂၀၁၅ ဇန်နဝါရီမှ ၂၀၁၇ သြဂုတ်လအတွင်း အမေရိကန်ပြည်သူ ၁၄၆ သန်းနီးပါးသည် ရုရှားက ဖေ့စ်ဘွတ်ခ်ပေါ်မှ ဝါဒဖြန့်သည့်သတင်း မှိုင်းများမိခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်၏ ထုတ်ဖော် ချက်အရ သိခဲ့ရသည်။ အမေရိကန်လူထု ၄၀ ရာခိုင်နှုန်းနီးပါးအပေါ် သက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ယူကျုဗီဒီယိုလင့်ခ်ပေါင်း ၁၁၀၈ ခု၊ တွစ်တာပို့စ်ပေါင်း ၃၆၇၄၆ ခုသည်လည်း အမေရိကန်ပြည်သူများ၏ နိုင်ငံရေးအမြင်ကို လွှမ်းမိုးရန် ရုရှားက ရည်ရွယ်ချက်ဖြင့် ဝါဒဖြန့် သည့် ပို့စ်များဖြစ်ကြောင်း အမေရိကန်အထက် လွှတ်တော်စုံစမ်းစစ်ဆေးမှုက ဖော်ပြခဲ့သည်။ သို့ဖြစ်ရာ အမေရိကန်သမ္မတရွေးကောက်ပွဲ ရလဒ်ကိုလွှမ်းမိုးနိုင်အောင် ရုရှားသည် စောစီးစွာ ကတည်းက ဆိုရှယ်မီဒီယာများကို စနစ်တကျ အသုံးချကာပုံသွင်းယူခဲ့ကြောင်း မြင်သာလာ သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဒေတာကို အသုံးချကာ ပါဝါကိုတည်ဆောက်ယူခဲ့သည့် သဘော ဖြစ်သည်။
ရုရှားသာမက ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတစ်ခု လုံးသည် ဒေတာပေါ် ဗဟိုပြုလာသည်ကိုလည်း တွေ့ရသည်။ တောင်အာဖရိကမှသည် စပိန်အထိ နိုင်ငံရေးသည် ဒေတာနှင့် ထွေးရောယှက်တင် ဖြစ်လာသည်။ ဒေတာကိုအသုံးချကာ ဆိုရှယ် မီဒီယာများပေါ်ကနေ မဲဆန္ဒရှင်များ၏ သဘော ထားကို လိုရာဘက် တိမ်းညွတ်အောင် ဖန်တီး ခြင်းဖြင့် မဲရလဒ်အနည်းအများကို အဆုံး အဖြတ်ပေးခဲ့သည်။ ဆိုရှယ်မီဒီယာများကလည်း ဒေတာကို အရင်းတည်ကာ သုံးစွဲသူများကို ပဲ့ကိုင်ထိန်း ကျောင်းနိုင်အောင် ကြိုးပမ်းလာသည်။ သုံးစွဲသူ တစ်ဦးချင်း ကြည့်ရှုသည့် ဓာတ်ပုံ၊ ပို့စ်၊ သတင်း၊ ဗီဒီယိုမှသည် ကြော်ငြာများကိုပါမကျန် ဆိုရှယ် မီဒီယာများက နောက်ကွက်မှ ဒေတာကောက် ယူကာ တစ်ဦးချင်း၏ အကြိုက်နှင့် မကြိုက်များကို စာရင်းပြုစုသည်။ ထိုနည်းဖြင့် မည်သူကို မည်သည့်အကြောင်းအရာများ ပြသရမည်၊ မည်သည့်ကြော်ငြာများ ပေးပို့လျှင် ပိုမိုထိရောက် မည်ကို တွက်ချက်သည်။
လူတစ်ဦးချင်းစီ၏ အကြိုက်ကိုသိပါက ထိုလူကိုလွှမ်းမိုးရန် အလွန်လွယ်ကူသည်ဖြစ်ရာ ထိုဒေတာများကို ဆိုရှယ်မီဒီယာများသာမက နိုင်ငံရေးသမား၊ စီးပွားရေးသမားများကပါ ငမ်း ငမ်းတက် လိုချင်ခဲ့ကြသည်။ သို့ဖြင့် ဖေ့စ်ဘွတ်ခ် အပါအဝင် ဆိုရှယ်မီဒီယာများသည် ဒေတာ များကိုအရင်းပြုကာ ပစ်မှတ်ထားကြော်ငြာ ဝန်ဆောင်မှုမျိုးဖြင့် ငွေအများအပြား ရှာဖွေနိုင် ခဲ့ကြသည်။ နိုင်ငံရေးစိတ်ဝင်စားသူများဆီ နိုင်ငံရေးအကြောင်းအရာများ၊ ကြော်ငြာများ ပေးပို့ခြင်း၊ စီးပွားရေးစိတ်ဝင်စားသူများထံ သက်ဆိုင်ရာအကြောင်းအရာများ ပေးပို့ခြင်းဖြင့် ပစ်မှတ်ထား သြဇာလွှမ်းမိုးခဲ့ကြသည်။
သတင်းတု
ဆိုရှယ်မီဒီယာခေတ်ဦးပိုင်းတွင် ဖေ့စ်ဘွတ်ခ် အပါအဝင် ဆိုရှယ်မီဒီယာများသည် လူသားများ သဘောထားအမြင်ချင်း ဖလှယ်ကာ မှန်ကန် အားကောင်းသောသဘောထားများ အောင်ပွဲခံ နိုင်အောင် ကူညီပေးခဲ့သည်မှာ မှန်သည်။ သို့သော် ယခုနောက်ပိုင်း ဆိုရှယ်မီဒီယာပေါက် ကွဲကြီးထွားလာကာ အကြောင်းအရာတစ်ခု နှင့်ပတ်သက်ပြီး တစ်ချိန်တည်းတွင် မြောက်မြား လှစွာသော အမြင်များ၊ သဘောထားများ ဆိုရှယ်မီဒီယာပေါ်သို့ ပုံအောပြုံတက်လာသည် တွင်ကား သုံးစွဲသူများသည် အမှားအမှန်ကို ခွဲခြားရန်ပင် ခက်သွားပြီး များများမြင်၊ များများ ထိတွေ့မိသည့်အကြောင်းအရာကိုသာ အမှန်ဟု ထင်မှတ်လာသည့် ပြဿနာ ပေါ်လာတော့သည်။ အမေရိကန်တွင် ကောက်ထားသောစစ်တမ်း တစ်ရပ်အရလည်း အမေရိကန် ၃၇ ရာခိုင်နှုန်း အထိသည် ဆိုရှယ်မီဒီယာပေါ်၌ မြင်တွေ့သည် များကို ယုံကြည်ကြကြောင်း သိရသည်။
သို့ဖြစ်ရာ သတင်းတုပင်ဖြစ်စေကာမူ ဆိုရှယ်မီဒီယာပေါ်မှာ ကမ်ပိန်းလုပ်ကာ အား ကောင်းကောင်းဖြင့် သိုင်းဝိုင်းချဲ့ထွင် အဆက် မပြတ်တင်ပေးနေပါက လူအများသည် ထိုသတင်း များကို အမှန်ဟုထင်မှတ်သွားတတ်သည့် အန္တရာယ်ရှိလာသည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလတွင် ရုရှားသည် အွန်လိုင်းမှ တစ်ဆင့် ခြေဝင်ရှုပ်ခဲ့ကြောင်း စွပ်စွဲချက်များ ထွက်နေခြင်းကို ကြည့်လျှင်လည်း သတင်းတု များဖြင့် ကမ်ပိန်းလုပ်လာကြသည့် ယနေ့ခေတ် နိုင်ငံရေးလောကအခင်းအကျင်းသစ်ကို ကောင်း ကောင်းမြင်နိုင်သည်။ ရုရှားဟက်ကာများသည် ပြီးခဲ့သည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ကာလများတွင် ပြည်နယ် ၂၁ ခုထိကို ပစ်မှတ် ထားကာ အွန်လိုင်းကမ်ပိန်းများလုပ်ပြီး အမေ ရိကန်ပြည်သူများ၏ သဘောထားကို လိုသလို ပုံသွင်းနိုင်အောင် ကြိုးပမ်းခဲ့ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနမှ ဂျနက်တီမန်ဖရာ က စွပ်စွဲပြောကြားထားသည်။ အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင် နှစ်နှစ်အတွင်း ရုရှား တွင် အခြေစိုက်သော ဖေ့စ်ဘွတ်ခ်အကောင့် များက အမေရိကန်နိုင်ငံရေးနှင့် ဆိုင်သော ကြော်ငြာပေါင်း ၃၀ဝ၀ ခန့်အတွက် ဒေါ်လာ တစ်သိန်းကျော်ဖိုး အသုံးပြုခဲ့ကြောင်း ဖေ့စ်ဘွတ်ခ် က အထက်လွှတ်တော် ကြားနာမှုတွင် ဖော်ပြ ခဲ့သည်။ ကြော်ငြာကမ်ပိန်းများသည် ၂၀၁၇ မေလတွင် အဆုံးသတ်ခဲ့ကြောင်းလည်း သိရ သည်။
ကြော်ငြာများသည် နိုင်ငံရေးသမားတစ်ဦး တစ်ယောက်ကို အမွှမ်းတင်ခြင်းမျိုးမူကားမရှိဘဲ လူဝင်မှုကြီးကြပ်ရေးကိစ္စ၊ လူမျိုးရေးခွဲခြားမှု ကိစ္စနှင့် တန်းတူအခွင့်အရေးကိစ္စများကိုသာ ဇောင်းပေးဖော်ပြခဲ့ကြောင်း တွေ့ရသည်။ ထိုသို့ ဖော်ပြခြင်းဖြင့် သဘောထားအမြင်များအပေါ် လွှမ်းမိုးနိုင်ရန် ပစ်မှတ်ထားကြိုးပမ်းခဲ့မှု ပြယုဂ် ဖြစ်သည်။သတင်းတုများကြောင့် မဲဆန္ဒရှင် များ၏ သဘောထားများ ဘက်ပြောင်းခဲ့ရသည်ဟု အမေရိကန်သမ္မတ ရွေးကောက်ပွဲကိစ္စက စတင်ကာ အသံကျယ်လာခဲ့သည်။ ၂၀၁၇ တစ်နှစ်လုံးလည်း နိုင်ငံတကာ ရွေးကောက်ပွဲများကျင်းပတိုင်း သတင်းတုများက မဲဆန္ဒရှင်များ၏ သဘောထားအပေါ် လွှမ်းမိုး ခဲ့မှုစွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။ သို့ဖြစ်ရာ သတင်းတုများ ကပြအသုံးတော်ခံနေသော ဇာတ်ခုံကြီးဖြစ်သည့် ဖေ့စ်ဘွတ်ခ်သည်ပင် သတင်းတုတိုက်ဖျက်ရေးကို ဦးစားပေးဆောင် ရွက်လာရသည်။
ဖေ့စ်ဘွတ်ခ်ကသတင်းတုဟု သံသယရှိရ သည့် ပို့စ်များဘေးတွင် အနီရောင် အမှတ်အသား စနစ်ဖြင့် ပြသသတိပေးသည့်စနစ်ကို ရပ်ဆိုင်း မည်ဟု ယခု ဒီဇင်ဘာလဆန်းပိုင်းကပင် ကြေ ညာခဲ့သည်။ သတင်းတုဟုသတိပေးရန် ရည်ရွယ် သော်လည်း အနီရောင်သတိပေးစနစ်သည် သတင်းတုများကို လူအများပို၍ အာရုံစိုက်မိ အောင် လုပ်ရာရောက်နေသဖြင့် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်က ပြောသည်။
ထိုစနစ်အစား သတင်းတုဟုသံသယရှိသော ပို့စ်များဘေးတွင် အလားတူသတင်းလင့်ခ်များကို ဝန်းရံဖော်ပြသွားမည် ဖြစ်သည်။ ထိုနည်းဖြင့် သုံးစွဲသူများသည် အကြောင်းအရာတူသတင်း ချင်း နှိုင်းယှဉ်ကြည့်ကာ အမှားအမှန်ကို မိမိတို့ ဘာသာ ဆုံးဖြတ်နိုင်စေရန် ရည်ရွယ်ကြောင်း ဖေ့စ်ဘွတ်ခ်က ပြောဆိုသည်။
ဒေတာနှင့် ပါဝါ
ဒေတာကို ကောင်းစွာအသုံးချတတ်လျှင် အုပ်ချုပ်ရေးပါဝါကိုမြှင့်တင်နိုင်ကြောင်း သက်သေ ပြခဲ့သူကား တရုတ်နိုင်ငံဟုဆိုလျှင် မမှား။ အွန်လိုင်းဒေတာများကို ခွဲခြမ်းစိတ်ဖြာနိုင်ပါက လူတစ်ယောက်က သူ့ကိုယ်သူသိသည်ထက် ဒေတာကို ကိုင်ထားသူက ပိုသိနိုင်သောခေတ်ကို ရောက်နေပြီဖြစ်သည်။ တရုတ်အစိုးရ၏ မဟာ အင်တာနက်မီးတံတိုင်းသည် အာဏာပိုင်များ မလိုလားသော သတင်းအချက်အလက်များ နိုင်ငံတွင်းသို့ ဝင်လာမည်ကို တားဆီးထားသကဲ့သို့ နိုင်ငံတွင်းမှ သတင်းအချက်အလက်များ ထွက် သွားမည်ကိုလည်း တားဆီးထားပြီး၊ နိုင်ငံသား တစ်ဦးချင်းအကြား ဆက်သွယ်မှုကိုလည်း မီးတံတိုင်းက ဆင်ဆာဖြတ် ကန့်သတ်ထားသည်။
ပြည်သူလူထု၏ ဆက်သွယ်မှုပုံစံကို လိုသလို ထိန်းကျောင်းနိုင်လျှင် လူထု၏တွေးခေါ်ပုံ၊ ပြုမူ နေထိုင်ပုံများကိုပါ ထိန်းကျောင်းပုံသွင်းပြီးရာ ရောက်သည်ဟူသော သဘောတရားသည် တရုတ်အစိုးရ ဖော်ဆောင်နေသော ဒေတာအခြေခံ ဒစ်ဂျစ်တယ်အုပ်ချုပ်ရေးပုံစံနှင့် အံကိုက်ဖြစ်နေ သည်။ မဟာအင်တာနက်မီးတံတိုင်းစနစ်က အင်တာနက်နှင့် ဆိုရှယ်မီဒီယာပေါ် တက်လာ သည့် အဓိကစကားလုံးများကို စောင့်ကြည့်သည်။ ထိပ်ပိုင်းနိုင်ငံရေးပုဂ္ဂိုလ်များနှင့် နိုင်ငံရေး အကြောင်းအရာများကို ပုတ်ခတ်ရာရောက်သော စကားလုံးများတက်လာပါက ဖြုတ်ချပစ်သလို၊ ထိုအကြောင်းအရာများကို အွန်လိုင်းပေါ်တင်သူ များကိုလည်း အာဏာပိုင်များက ထောက်လှမ်း သိရှိနိုင်သည်။
ဥပမာ တရုတ်နိုင်ငံတွင် လူသုံးအများဆုံး WeChat ဆိုရှယ်မီဒီယာပေါ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အနောက်တိုင်းက ချစ်စနိုးခေါ်သော Winnie the Pooh့ စကားလုံးကို အင်္ဂလိပ် ဘာသာ၊ တရုတ်ဘာသာတို့ဖြင့် ရိုက်နှိပ်ပါက တားမြစ်ခံရမည်ဖြစ်ပြီး အဖွဲ့လိုက်ဆွေးနွေးနိုင် သည့် အွန်လိုင်းကဏ္ဍများ၌လည်း ထိုနာမည်မျိုး ဖော်ပြဆွေးနွေးခြင်းမျိုး ပြု၍မရအောင် ပိတ် ပင်ထားသည်။ အလားတူပင် သမ္မတရှီနှင့် ယခင်တရုတ်ခေါင်းဆောင်များကို ဟာသလုပ် လှောင်ပြောင်ထားသော စတစ်ကာများကိုလည်း သုံးစွဲ၍ ရလိမ့်မည် မဟုတ်ပါချေ။
သို့ဖြစ်ရာ တရုတ်သည် အပေါ်ယံအားဖြင့် တောက်ပြောင်သားနားသော မြို့ကြီးများ၊ ဟောလီးဝုဒ်ဇာတ်ကား ပိုစတာများ၊ ခေတ်မီ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကြောင့် ခေတ်မီပွင့်လင်းသော လူ့အဖွဲ့အစည်းအဖြစ် ရှုမြင်ရသော်လည်း အင်တာနက်လွတ်လပ်ခွင့် နှင့် ပတ်သက်လျှင်မူ အင်တာနက်အဆင့်ပင် မရောက်သေးဘဲ တရုတ်အင်တာနက် မဟာမီး တံတိုင်းဘောင်အတွင်းက အင်ထရာနက်အဆင့် သာရှိသေးကြောင်း တွေ့နိုင်သည်။
ဖေ့စ်ဘွတ်ခ်၊ တွစ်တာစသည့် ဆိုရှယ်မီဒီယာ မျိုးကို တရုတ်နိုင်ငံတွင် သုံးစွဲခွင့် ပိတ်ပင် ထားသည်။ သုံးစွဲလိုသူများ အနေဖြင့် ဗွီပီအင်န် များသုံးကာ ကျော်ရသည်။ တရုတ်အစိုးရသည် ယခုနှစ်အတွင်း ဗွီပီအင်န်များကိုပါ နှိမ်နင်းလာ ခဲ့ပြီး အက်ပဲကိုလည်း ၎င်းတို့၏ တရုတ်အွန်လိုင်း စတိုးပေါ်မှ ဗွီပီအင်န် ဝန်ဆောင်မှုများ ဖြုတ်ချရန် ညွှန်ကြားခဲ့သည်။ ကမ္ဘာ့အကြီးဆုံးဈေးကွက်ထဲမှ မထွက်လိုသဖြင့် အက်ပဲသည် တရုတ်အစိုးရညွှန်ကြားချက်ကိုလိုက်နာကာ ဗွီပီအင်န်များကို ဖြုတ်ချပေးခဲ့သည်။
လွန်ခဲ့သော နှစ်များကလည်း ဂူဂဲသည် အလားတူ ညွှန်ကြားခံခဲ့ရသည်။ ဂူဂဲတွင် အင်တာနက်ရှာဖွေမှုရလဒ်များကို ဖော်ပြရာ၌ တရုတ်အစိုးရ၏ မဟာမီးတံတိုင်းက ဆင်ဆာ ဖြတ်ထားပြီးသားများကိုသာဖော်ပြရန် ညွှန်ကြား ခဲ့ခြင်းဖြစ်သည်။ ဂူဂဲလ်မူကား ခေါင်းငုံ့မခံဘဲ တရုတ်ဈေးကွက်မှ ထွက်ခွာခဲ့သည်။ အွန်လိုင်း ပေါ်တွင် အဓိကစကားလုံးများသည် ပို့စ်များကို ဖြုတ်ချရန်၊ စောင့်ကြည့်ရန် အသုံးအဝင်ဆုံး ဂိတ်ပေါက်များ ဖြစ်လာသည်။ စကားလုံးတစ်လုံး ပို့စ်တစ်ခုကြောင့် ထောက်လှမ်းရေးကပင် ကိုယ့် အိမ်တံခါးလာခေါက်သည်အထိ အွန်လိုင်းပေါ်က စကားလုံးများက သက်ရောက်မှု ပြင်းထန်သည်။
တရုတ်နိုင်ငံတွင် အွန်လိုင်းဥပဒေသစ်များ အရလည်း အွန်လိုင်းချက်တင်ဂရု ထူထောင် သူများသည် ထိုဂရုအတွင်း ဆွေးနွေးမှုများ အတွက်ပါ တာဝန်ခံရမည်ဟုသတ်မှတ်ထား သလို၊ မလျော်ကန်သည်များ ဆွေးနွေးပါကလည်း သက်ဆိုင်ရာကို သတင်းပို့ရမည့် တာဝန်ပါခံယူ ကြရသည်။ ချုပ်၍ပြောရလျှင် တရုတ်နိုင်ငံ၏ မဟာအင်တာနက်မီးတံတိုင်းစနစ်က အလုပ်ဖြစ် နေပြီး အားကျကာအတုယူရန် ကြိုးပမ်းနေသည့် အစိုးရများပင် အများအပြားရှိလာသည်ကိုလည်း တွေ့ရသည်။
အုပ်ချုပ်ရေးယန္တရားဖြစ်လာတဲ့ ဒေတာ
တရုတ်အစိုးရသည် အုပ်ချုပ်ရေးပိုင်းတွင် နည်းပညာကို ထည့်သွင်းအသုံးချသည့်နေရာ၌ ရှေ့တန်း ရောက်သည်ဟုလည်း ဆိုနိုင်သည်။ မျက်နှာမှတ်သား ခွဲခြားဆော့ဖ်ဝဲများ အသုံးပြုကာ မှုခင်းသံသယရှိသူများကို စောင့်ကြည့်ထိန်းချုပ် ခြင်းမှသည် အွန်လိုင်းမှတစ်ဆင့် တက္ကစီငှားစီး ခြင်း၊ ကမ္ဘာလှည့်ခရီးသွားများကို သွားလာကြည့်ရှု ခွင့်နေရာစည်းကြပ်ခြင်းများ ထိရောက်စွာ အသုံးချလျက်ရှိသည်။ ၂၀၁၇ တွင် ထင်ပေါ်လာ သော နည်းပညာတစ်ခုမှာ အထက်ကပြောခဲ့သော မျက်နှာခွဲခြားမှတ်သားနိုင်သည့် နည်းပညာ ဖြစ်သည်။ ထိုနည်းပညာသည်လည်း ဒေတာကို အသုံးချခြင်းတစ်မျိုးသာ ဖြစ်သည်။ လူသား မျက်နှာသည် ခံစားချက်အမျိုးမျိုးကို ဖော်ကျူး နိုင်သော အလွန်ပြောင်မြောက်သည့် ဖန်တီးမှု အနုပညာပစ္စည်းတစ်မျိုးဖြစ်သည်။ မျက်နှာ သွင်ပြင်ပေါ်မူတည်ပြီး လူများတစ်ယောက်နှင့် တစ်ယောက် ခွဲခြားသိရှိကြခြင်းလည်း ဖြစ်သည်။
ယနေ့ နည်းပညာက လူတွေကို လိုက်တုပကာ မျက်နှာများကိုဖတ်သိ ခွဲခြားနိုင်အောင်လည်း ကြိုးပမ်းလာသည်။ ထိုနည်းပညာသုံးကာ ဖုန်းများတွင်လည်း ပိုင်ရှင်မျက်နှာပြလိုက်ရုံဖြင့် ဖုန်းပွင့်သွားသည့်စနစ်ကို ထည့်သွင်းလာသလို၊ ဈေးဆိုင်များသည်လည်း မျက်နှာခွဲခြားမှတ်တမ်း ဆော့ဖ်ဝဲများအသုံးပြုကာ ရဲမှတ်တမ်းဌာနနှင့် ချိတ်ဆက်ပြီး အလစ်သုတ်ရာဇဝင်ရှိသူများ ဆိုင်ထဲဝင်လာသည်နှင့် အချက်ပေးစနစ်က အလုပ်လုပ်ဆောင် ဖန်တီးလာကြသည်။ ဒေတာကိုအသုံးချသော ထိုနည်းပညာ သည် သုံးသူပေါ်မူတည်ပြီ းကောင်းဆိုးသက် ရောက်မှုလည်း ကွာခြားနိုင်သည်။ ဥပမာ မျက်နှာမှတ်သားခွဲခြား ဆော့ဖ်ဝဲသည် ပုံမှန် ယောကျာ်းတစ်ယောက်၏မျက်နှာနှင့် လိင်တူ နှစ်သက်သော ယောကျာ်းတစ်ယောက်၏ မျက်နှာကို ယှဉ်တွဲပြကာ လိင်တူနှစ်သက်သူကို ဖော်ထုတ်ခိုင်းလျှင် ၈၁ ရာခိုင်နှုန်းအထိ မှန်ကန်စွာ ဖော်ထုတ်နိုင်သည်။ လူသားသည်ပင် ၆၁ ရာခိုင်နှုန်းခန့်သာ မှန်ကန်စွာ ခွဲခြားနိုင် သည်ဖြစ်ရာ လိင်တူနှစ်သက်ခြင်းကို ရာဇဝတ်မှု အဖြစ် သတ်မှတ်သော နိုင်ငံများတွင် ထိုဆော့ဖ် ဝဲမျိုးသည် အစိုးရအတွက် ဖိနှိပ်ရေး လက်နက် ဖြစ်သွားနိုင်သည်။
အားတက်စရာသတင်းကား နည်းပညာကို အသုံးချပြီး လူသားများအား ခွဲခြားဖိနှိပ်ခြင်းမျိုး လုပ်ဆောင်၍မရအောင် တာဝန်သိသိဖြင့် ကြိုးပမ်းနေသည့် အစိုးရများလည်း ရှိနေခြင်း ဖြစ်သည်။ လူတစ်ဦးချင်းစီ၏ ဇီဝအချက်အလက် ဒေတာများကို သက်ဆိုင်သူထံမှ ခွင့်ပြုချက် မရဘဲ အသုံးချခြင်းမျိုးကိုကာကွယ်ရန် ဥရောပ သမဂ္ဂက ကြိုးပမ်းလျက်ရှိသည်။ လူတစ်ယောက် ၏ အသံ၊ ဟန်ပန်နှင့် မျက်နှာပုံစံ စသည့်အချက် အလက်ဒေတာများသည် ထိုလူပိုင်ဆိုင်သော သဘာဝပေးပစ္စည်းများဖြစ်သောကြောင့် နည်း ပညာလုပ်ငန်းများနှင့် အမျိုးမျိုးသောအဖွဲ့အစည်း များအနေဖြင့် ထိုလူ၏ခွင့်ပြုချက်မရဘဲ အသုံး ပြုခွင့်မရှိအောင် ဥရောပသမဂ္ဂက စည်းမျဉ်းများ ရေးဆွဲနေပေပြီ။
မျက်နှာမှတ်သား ခွဲခြားနိုင်သည့် ဆော့ဖ်ဝဲ များထုတ်လုပ်ရောင်းချသူများအနေဖြင့်လည်း ၎င်းတို့၏ ဆော့ဖ်ဝဲသည် လူတစ်ဦးဦး၊ အဖွဲ့ အစည်းတစ်ခုခုကို ခွဲခြားဆက်ဆံရာ မရောက် ကြောင်းကို သက်ဆိုင်ရာအဖွဲ့အစည်းများထံ ဦးစွာတင်ပြ စစ်ဆေးခံပြီးမှ ဈေးကွက်တင်ရောင်း ချခွင့်ရမည့် စည်းကမ်းများလည်း သတ်မှတ် သွားရန်ရှိသည်။
အချုပ်အားဖြင့် ဆိုရပါလျှင် ယနေ့လူ့အဖွဲ့ အစည်းကို ဒေတာများက မောင်းနှင်နေသည်။ လူသားများ၏ အွန်လိုင်းပေါ်နှင့် ပြင်ပက အပြုအမူများ၊ ဆုံးဖြတ်ချက်များအားလုံးသည် ဒေတာများအဖြစ် အသွင်ကူးပြောင်းသွားကြ သည်ဖြစ်ရာ ဒေတာလုံခြုံရေး အရေးကြီးကြောင်း ကို လူတစ်ဦးချင်းက သိရှိဖို့လိုသကဲ့သို့ အစိုးရ များအနေဖြင့်လည်း ဒေတာကိုမှန်ကန်စွာအသုံး ချကာ ပြည်သူအများ၏ လွတ်လပ်ခွင့်ကို ပိုမို မြှင့်တင်ပေးနိုင်သော အနေအထားမျိုး ရှိလာရန် ကြိုးပမ်းကြဖို့ လိုမည်ဖြစ်ပါကြောင်း။













