နိဒါန်းအစ ကမ္ဘာ့စီးပွားရေးဖိုရမ်
နှစ်ဆန်းသည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီအတွင်း မှာပင် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ကမ္ဘာ့စူပါပါဝါအသစ်ဟု ရည်ညွန်းလာကြသည့် တရုတ်နိုင်ငံမှ သမ္မတ ရှီကျင့်ဖျင် ထူးထူးခြားခြား တက်ရောက်ခဲ့သည်။ ရှီကျင့်ဖျင်သည် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး ခေါင်းဆောင်များ၏ နှစ်ပတ်လည်အစည်းအဝေး သို့တက်ရောက်သည့် ပထမဆုံး တရုတ်သမ္မတ ဖြစ်နေခြင်းကြောင့် ထူးခြားသည်ဟု ဆိုရခြင်း ဖြစ်သည်။
ယင်းဖိုရမ်တွင် ရှီကျင့်ဖျင်က ကမ္ဘာ၌ ကုန်သွယ်ရေးစစ်ပွဲကြီး ပေါ်ပေါက်လာနိုင်သည့် အန္တရာယ်ရှိကြောင်း၊ ကိုယ်ကျိုးစီးပွား ကာကွယ် ရေးဝါဒ ကျင့်သုံးခြင်းသည် အမှောင်ခန်းထဲ၌ တံခါးပိတ်နေသည်နှင့်တူညီပြီး မိုးဒဏ်လေဒဏ်က လွတ်ကင်းကောင်း လွတ်ကင်းနိုင်သော်လည်း အလင်းရောင်နှင့် လေကောင်းလေသန့်မူ ရနိုင် မည်မဟုတ်ဟု ပြောဆိုသွားခဲ့သည်။ ယင်းပြော ဆိုချက်က တရုတ်ကုန်ပစ္စည်းများကို အခွန်တိုး ကောက်ရန် ကတိပေးထားသည့် ထိုအချိန်က ရွေးကောက်ခံပြီးစ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ကို သိသိသာသာ ရည်ညွှန်းခဲ့ခြင်း ဖြစ်သည်။
ရှုထောင့်တစ်ခုကကြည့်လျင် ကမ္ဘာ့သမိုင်း သည် ပြောင်းပြန်လည်ပတ်သည့်အလား ဖြစ် နေသည်။ အတိတ်က တံခါးပိတ်ထားသည့် တရုတ်ကို ဗြိတိန်က ဘိန်းစစ်ပွဲဆင်နွှဲခြင်း၊ ဂျပန်ကို အမေရိကန်က အမြောက်တင်သင်္ဘော ဖြင့် အင်အားပြပစ်ခတ်ခြင်းတို့ဖြင့် ဈေးကွက်တံခါး ဖွင့်လှစ်စေခဲ့ဖူးသည်။ ယခုမူ ကွန်မြူနစ်တရုတ်က အရင်းရှင်ထိပ်သီး အမေရိကန်ကို တံခါးမပိတ် နှင့်ဟု ပြန်ပြောင်းဆုံးမသကဲ့သို့ ဖြစ်ခဲ့သည်။ ရှီကျင့်ဖျင်က လာမည့် ၅ နှစ်အတွင်း တရုတ်သည် ဒေါ်လာ ၈ ဘီလီယံဘိုး ကုန်တင် သွင်းမည်၊ ပြည်ပလုပ်ငန်းများ၌ ဘီလီယံ ၇၅၀ ရင်းနှီးမြှုပ်နှံသွားမည်၊ တရုတ်လူမျိုး သန်း ၇၀ဝ ခန့် ပြည်ပခရီးထွက်မည်ဖြစ်၍လည်း ကမ္ဘာ့စီးပွားရေးကို အထောက်အကူဖြစ်စေ လိမ့်မည်စသဖြင့်လည်း ပြောဆိုခဲ့သည်။
သမ္မတဒေါ်နယ်ထရမ့်နှင့် အမေရိကန်ပထမမူဝါဒ
ရှီကျင့်ဖျင်၏ ဒါဗို့စ်မိန့်ခွန်းအပြီး ရက်အနည်း ငယ်အကြာ ဇန်နဝါရီ ၂၀ ရက်၌ ဝါရှင်တန်တွင် ရီပတ်ဘလီကန်သမ္မတဒေါ်နယ်ထရမ့် အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည်။ အမေရိကန်သည်သာ ပထမ မူဝါဒကို ကျင့်သုံး မည်၊ ကုန်သွယ်မှု၊ အကောက်ခွန်၊ လူဝင်မှုကြီး ကြပ်ရေး၊ နိုင်ငံခြားရေးတို့နှင့် ပတ်သက်သမျှ ဆုံးဖြတ်ချက်တိုင်းသည် အမေရိကန် အလုပ် သမားများ၊ အမေရိကန်မိသားစုများအတွက်သာ ဖြစ်လာလိမ့်မည်ဟု မိန့်ခွန်းပြောခဲ့သည်။ နိုင်ငံ တိုင်း ကိုယ်ကျိုးစီးပွားကို ပထမဦးစားပေးဆောင် ရွက်ခွင့်ရှိသည်ဟုလည်း သမ္မတထရမ့်က ထည့် သွင်းပြောဆိုခဲ့သည်။
ဇန်နဝါရီ ၂၁ ရက်၌ကား သမ္မတထရမ့်ကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် အမျိုးသမီးများ၏ အခွင့်အရေးကို လေးစားလိုက်နာရန် တောင်းဆို ကြောင်း ဆန္ဒပြပွဲများ ဝါရှင်တန်၌ လူအင်အား သိန်းချီဆန္ဒပြခဲ့ကြသည်။ ဒေါ်နယ်ထရမ့် စီးပွား ရေးလုပ်ငန်းရှင်ဘဝ၌ အမျိုးသမီးများအပေါ် ပုတ်ခတ်ပြောဆိုခဲ့သည်ကို ဒေါသထွက်ခဲ့ကြ သော အမျိုးသမီးများနှင့်အတူ နာမည်ကျော် အနုပညာရှင်များနှင့် နိုင်ငံရေးခေါင်းဆောင် များ၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီများ စုပေါင်းဆန္ဒပြခဲ့ကြခြင်း ပင်ဖြစ်သည်။ ဒေါ်နယ်ထရမ့် သမ္မတလောင်းအဖြစ်ရွေး ချယ်ခံရပြီး မဲဆွယ်စည်းရုံးကတည်းက ထရမ့် ဆန့်ကျင်ရေးလှုပ်ရှားမှုများ အမေရိကန်နှင့်ကမ္ဘာ တဝန်းတွင်ဖြစ်ပေါ်ခဲ့ရာ ရွေးကောက်ပွဲ၌ မမျှော် လင့်ဘဲ ထရမ့်အနိုင်ရသွားခဲ့ချိန်တွင် မကျေနပ် သူများသည် သမ္မတကျမ်းကျိန်သည့် နောက် တစ်ရက်မှာပင် အမျိုးသမီးများနှင့်အတူ အကြီး အကျယ် အင်အားပြခဲ့ကြခြင်းလည်း ဖြစ်သည်။ ဝါရှင်တန်နှင့်တစ်ပြိုင်နက် ယင်းအမျိုးသမီး ဆန္ဒပြပွဲများသည် နိုင်ငံ ၁၆၈ နိုင်ငံမှ မြို့ကြီး များ၌ ဖြစ်ပေါ်ခဲ့ရာ ကမ္ဘာ့သမိုင်းနှင့် အမေရိကန် သမိုင်းတွင် တစ်ရက်တည်းနှင့် အကြီးကျယ်ဆုံး ဆန္ဒပြပွဲစံချိန်ချိုးခဲ့လေသည်။
တရုတ်-အမေရိကန်ဆက်ဆံရေး
ဒါဗို့စ်၌ ရှီကျင့်ဖျင် မိန့်ခွန်းပြောကြားစဉ်က ဒေါ်နယ်ထရမ့်မှာ သမ္မတအဖြစ် ကျမ်းကျိန်ရန် ရက်အနည်းငယ် လိုသေးသည်။ ထရမ့်သည် ရွေးကောက်ပွဲနိုင်ပြီးနောက် ၂.၁၂.၂၀၁၆ ၌ ထိုင်ဝမ်(တရုတ်တိုင်ပေ)သမ္မတ ဆိုင်အန်းဝမ်နှင့် ဖုန်းဆက်စကားပြောခဲ့၍ ရှီကျင့်ဖျင် မိန့်ခွန်းပြော ချိန်သည် တရုတ် အမေရိကန် သံတမန်ရေးတင်းမာ နေချိန်ဖြစ်သည်။ ၁၉၇၉ ခုနှစ် နောက်ပိုင်း အမေရိကန် သမ္မတ(သို့) သမ္မတအရွေးခံရသူ တစ်ဦးက ထိုင်ဝမ်ခေါင်းဆောင်နှင့် ပထမဆုံး အကြိမ် ဖုန်းဆက်ပြောဆိုခြင်းကို တရုတ်တို့ အထူးဒေါသထွက်ခဲ့သည်။ ဇန်နဝါရီ ၂၀ ရက် ထရမ့် သမ္မတကျမ်းကျိန် သည့်ရက်၌ပင် အမေရိကန်တို့ အာရှတွင် စစ်ရေးတည်ဆောက်မှု၊ မြောက်ကိုရီးယားရန် အကြောင်းပြု၍ တောင်ကိုရီးယား၌ တက်ဒ် ဒုံးခွင်းဒုံးဖြန့်ချမှုတို့ကို ရန်စမှုဟု မှတ်ယူမည့် သဘော တရုတ်စစ်တပ်ဝက်ဘ်ဆိုက်က ရေး သားခဲ့သည်။ နောက်သုံးရက်အကြာ၌ တောင် တရုတ်ပင်လယ်အတွင်းမှ စပရတ်လီကျွန်းစုကို တရုတ်အချုပ်အခြာပိုင်ကြောင်း တောင်းဆို ထားမှုအပေါ် အိမ်ဖြူတော်က မေးခွန်းထုတ် တုံ့ပြန်ခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတင်းမာ လာခဲ့သည်။
သို့သော် ဖေဖော်ဝါရီ ၉ ရက်၌ ထရမ့်နှင့် ရှီကျင့်ဖျင် ဖုန်းဆက်ဆွေးနွေးဖြစ်ခဲ့ရာ ထရမ့်က တရုတ်တစ်နိုင်ငံတည်း မူဝါဒရှိမြဲအတိုင်း လက်ခံသည်ဟု အမေရိကန်က ထပ်လောင်း အတည်ပြုခဲ့၍ တင်းမာမှု စတင်လျော့ကျသွား ခဲ့သည်။ ယင်းနောက် ဇူလိုင် ၃ ရက်၌ တစ်ကြိမ် ဖုန်းပြောဖြစ်ကြပြန်တွင် ရှီက တရုတ်အမေရိကန် ဆက်ဆံရေးသည် မကြာမီရက်ပိုင်းအတွင်း သိသာစွာ တိုးတက်ခဲ့သည်၊ အနုတ်သဘောပြုမူ ချက်တစ်ချို့သာ သက်ရောက်ခဲ့သည်ဟုဆိုသည်။ အနုတ်သဘောပြုမူချက်တစ်ချို့ ဆိုသည်ကား တောင်တရုတ်ပင်လယ်တွင်းသို့ အမေရိကန်က စစ်သင်္ဘောများ ဖြတ်သန်းခုတ်မောင်းစေခဲ့ခြင်းကို ဆိုလိုဟန်ရှိသည်။
ပြဿနာစုံလင် ကမ္ဘာတစ်ခွင် (ကမ္ဘာ့ထိပ်တန်းသတင်းများ)
ကမ္ဘာတွင် ထူးခြားခဲ့သည့် အခြားဖြစ်စဉ်များ နှင့် ထိပ်တန်းသတင်းများကို ပြန်လည်သုံးသပ်ရ ပါလျှင်ကား ဖေဖော်ဝါရီ ၁၁ ရက်၌ မြောက် ကိုရီးယားသည် ၂၀၁၇ ခုနှစ်အတွက် ပထမဆုံး ဒုံးကျည်ကို ဂျပန်ပင်လယ်ဆီ ပစ်ခတ်စမ်းသပ်ခြင်း ဖြင့် အဓိကအားဖြင့် အမေရိကန်သမ္မတသစ်ကို စိန်ခေါ်ကာ ကိုရီးယားကျွန်းဆွယ်ပဋိပက္ခကို အရှိန်စမြှင့်ခဲ့သည်ကို ချန်ခဲ့နိုင်မည်မဟုတ်ပါ(၂၂.၁၂.၂၀၁၇ သတင်းစာ ပြည်ပထူးခြား ဖြစ်စဉ်တွင် အကျယ်ဖော်ပြပြီး)။
မတ် ၁၀ ရက်၌ကား ယီမင်၊ ဆိုမာလီယာ၊ တောင်ဆူဒန်နှင့် နိုက်ဂျီးရီးယားတို့၌ ပဋိပက္ခများ ကြောင့် စုစုပေါင်း လူ သန်း ၂၀ အထိ ငတ်မွတ် ခေါင်းပါးမည့်ဘေးနှင့် တွေ့ကြုံနေရ၍ ကမ္ဘာ ကြီးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီး မားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းနှင့် တွေ့ကြုံနေရပြီဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေးခဲ့ရသည်။ ဇွန် ၂၅ ရက်၌ကား ယီမင် တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ၂၀ဝ၀ဝ၀ ကျော်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဥရောပ၌မူ ဗြိတိန်သည် ဥရောပသမဂ္ဂမှ နှုတ်ထွက်ရေး ညှိနှိုင်းမှုများစတင်ရန် လစ္စဘွန်း သဘောတူညီချက် အပိုဒ် ၅၀ အရ ပထမဆုံး တောင်းဆိုမှုကို မတ် ၂၉ ရက်၌ ပြုလုပ်ခဲ့သည်။ သမိုင်းဝင်အပြောင်းအလဲတစ်ရပ် ပြင်ဆင်နေ သည့် ဗြိတိန်အတွက် ၂၀၁၇ ခုနှစ်အတွင်း အကြီးမားဆုံး အကြမ်းဖက်ရန်စွယ်အဖြစ်လည်း မေ ၂၂ ရက်၌ မန်ချက်စတာ၌ အဆိုတော် အရီယာနား ဂရန်ဒေး၏ဖျော်ဖြေပွဲတွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ၂၂ ဦး သေဆုံးပြီး ၁၀ဝ ကျော် ဒဏ်ရာရရှိခဲ့သည်။ ဆီးရီးယားစစ်ပွဲသည်ကား ၂၀၁၇ ခုနှစ် မြင်ကွင်းထဲတွင် အင်အားကြီးတို့ ပါဝင်ပတ် သက်မှုဖြင့် ရှုပ်ထွေးကျယ်ပြန့်ဆဲဖြစ်ပြီး အိုင် အက်စ်ကို ဘုံရန်သူအဖြစ် တိုက်ခိုက်ကြသည့် နည်းတူ အမေရိကန်နှင့် ရုရှားတို့၏ ကိုယ်စားပြု ပဋိပက္ခအသွင်လည်း ရံဖန်ရံခါ မြင်ခဲ့ရသည်။ အတိုက်အခံထိန်းချုပ်မြို့တစ်မြို့ကို ရုရှား ထောက်ပံ့သည့် ဆီးရီးယားလေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ၌ ဓာတုဗေဒလက်နက် အသုံးပြု ခဲ့သည်ဟူသည့် သံသယဖြင့် ဆီးရီးယားလေတပ် စခန်း တစ်ခုကို ဧပြီ ၆ ရက်၌ အမေရိကန်က တိုမဟော့ခ်ခရုဇ်ဒုံးကျည် ၅၉ စင်း ပစ်ခွင်း တိုက်ခိုက်ခြဲ့ခင်းသည် အမေရိကန်နှင့် ရုရှား ဆက်ဆံရေး ထိခိုက်စရာ ထင်ရှားသည့်ကိစ္စ တစ်ခု ဖြစ်ခဲ့သည်။
အာဖဂန်စစ်ပွဲ၌လည်း အမေရိကန်သည် အထူးတပ်အင်အား အတန်အသင့်ဖြင့် အာဖဂန် အစိုးရကို ကူညီလျက်ရှိရာ ဧပြီ ၁၃ ရက်၌ အာဖဂန်ရှိ အိုင်အက်စ်တို့၏အခြေစိုက်စခန်းကို နျူကလီးယားမဟုတ်သည့် သမားရိုးကျဗုံးတို့ တွင် အကြီးဆုံးဗုံး ကြဲချတိုက်ခိုက်ခဲ့သေးသည်။ ဆိုင်ဘာတိုက်ခိုက်မှုကြီးများလည်း ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ရာတွင် မေ ၁၂ ရက်၌ ကမ္ဘာတဝန်းရှိ ကွန်ပျူတာများကို ရန်ဆမ်ဝဲ ဆိုင်ဘာတိုက်ခိုက်မှုကြီးဖြစ်ပွားခဲ့ရာ အနည်းဆုံး နိုင်ငံ ၁၅၀ ကျော်တွင် ထိခိုက်နစ်နာမှုများဖြစ် ပွားခဲ့ပြီး တရားခံကို တိတိကျကျ ဖော်ထုတ်နိုင်ခဲ့ ခြင်းမရှိဘဲ နှစ်ကုန်ပိုင်းတွင် မြောက်ကိုရီးယားကို တရားခံအဖြစ် အမေရိကန်က စွပ်စွဲမှုများသာ ရှိခဲ့သည်။
တဖန် ဇွန် ၂၇ ရက်၌လည်း ပက်ထရာအမည်ရှိ မေးလ်ဝဲမှ စတင်သည့် ဆိုင်ဘာ တိုက်ခိုက်မှုများကြောင့် ယူကရိန်းမှအဖွဲ့အစည်း အများအပြား၏ လုပ်ငန်းများ ထိခိုက်ခဲ့ရပြန် သည်။ ၂၀၁၇ နှစ်လယ်ပိုင်းတွင် အာရှအနောက် ပိုင်းမှ ထူးခြားသည့်အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်အဖြစ် ဇွန် ၇ ရက်၌ တီဟီရန်ရှိ အီရန် ပါလီမန် အဆောက်အအုံနှင့် ခိုမေနီအထိမ်း အမှတ်ဗိမာန်တို့ကို အိုင်အက်စ်တို့က တိုက်ခိုက် ခဲ့ခြင်းမှာ ထင်ရှားသည်။ အီရန်၌ အိုင်အက်စ်တို့ ပထမဆုံးအကြိမ် တိုက်ခိုက်မှုများဖြစ်ပြီး ၁၇ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရခဲ့သည်။ ယင်း အတွက် တုံ့ပြန်မှုအဖြစ် ဇွန် ၁၈ ရက်၌ အီရန် တော်လှန်ရေးအစောင့်တပ်က တာလတ်ပစ်ပဲ့ ထိန်းဒုံးကျည်ခြောက်စင်းဖြင့် ဆီးရီးယား၊ ဒယ်လောက်ဇာအရပ်ရှိ အိုင်အက်စ်တပ်များကို ပစ်ခွင်းတိုက်ခိုက်ခဲ့သည်။
အင်အားကြီးနိုင်ငံတို့ ပယောဂဖြင့် နိုင်ငံငယ် အချို့ ဒုက္ခပင်လယ်ဝေနေစဉ် နိုင်ငံငယ်အများစု၏ဆန္ဒအဖြစ် ကုလသမဂ္ဂ၌ ဇူလိုင် ၇ ရက်တွင် ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၁၂၂ နိုင်ငံက နျူကလီးယားလက်နက်များ တားမြစ် ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်မှာလည်း ၂၀၁၇ ၏ မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။ စစ်သတင်းများ၊ အကြမ်းဖက်မှုသတင်း များနှင့် ငြီးငွေ့နေစဉ် ကမ္ဘာပေါ်တွင် အပြည့်အဝ နေကြတ်ခြင်းဖြစ်စဉ် တစ်ခုအဖြစ် ကြီးမြတ် သည့်အမေရိကန်နေကြတ်မှုဟု နာမည်ပြောင် တွင်သည့်နေကြတ်ခြင်းကို အမေရိကန် ပြည် ထောင်စုတဝန်းနှင့် ပစိဖိတ်မှသည် အတ္တလန္တိတ် ကမ်းခြေများမှ ရှုမြင်ခဲ့ကြရသည့် သတင်းမှာ လည်း အပြောင်းအလဲ သတင်းတစ်ပိုဒ်အဖြစ် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ စူပါပါဝါနိုင်ငံပင် ဖြစ်လင့်ကစား သဘာဝ ဘေးဆိုး အပြင်းအထန်ခံစားရပုံကိုလည်း အမေရိကန်မှာပင် တွေ့ခဲ့ရသည်။
အမေရိကန်သမိုင်း၌ ကုန်ကျ စရိတ်အများဆုံး သဘာဝဘေးအဖြစ် အဆင့် ၄ ပြင်းအားရှိ ဟာရီကိန်းမုန်တိုင်း ဟာဗေးသည် သြဂုတ် ၂၅ ရက်မှ ၃၀ အတွင်း ဟူစတန်မြို့ပြ ဧရိယာကို ဖြတ်သန်းတိုက်ခိုက်ခဲ့ရာ စံချိန်တင် ရေကြီးမှုများ ဖြစ်ပွားခဲ့သည်။ အနည်းဆုံး ၉၀ ဦး သေဆုံးပြီး ပျက်စီးမှုအဝ၀တန်ကြေး အမေရိကန်ဒေါ်လာ ၁၉၈ ဒသမ ၆ ဘီလီယံ ထိရှိ၍ သမိုင်းတွင် ခဲ့ခြင်းဖြစ်သည်။ တဖန် စက်တင်ဘာ ၆ ရက်မှ ၁၀ ရက် အတွင်းတွင်လည်း ပြင်းအားအဆင့် ၅ ရှိ ဟာရီ ကိန်းအီမာသည် ကာရစ်ဘီယံနှင့် အမေရိကန်ကို တိုက်ခိုက်ခဲ့ရာ ၁၃၄ ဦးသေဆုံးပြီး အမေရိကန် ဒေါ်လာ ၆၃ ဘီလီယံအထိ ကုန်ကျစေခဲ့ပြန် သည်။ စက်တင်ဘာ ၁၉ ရက်တွင်လည်း အီမာ တိုက်ခတ်ခဲ့သည့်ဧရီယာကိုပင် ပြင်းအားအဆင့် ၅ ရှိ ဟာရီကိန်းမာရီယာ တိုက်ခတ်ခဲ့ပြန်ရာ ၉၄ ဦး သေဆုံးပြီး အမေရိကန်ဒေါ်လာ ၁၀၃ ဘီလီယံဘိုးအထိ ပျက်စီးခဲ့ရပြန်သည်။
မက္ကဆီကို၌လည်း စက်တင်ဘာ ၁၉ ရက် တွင် ရစ်ချ်တာစကေး ၇ ဒသမ ၁ ရှိ ငလျင် ကြီးလှုပ်ခတ်ခဲ့မှုကြောင့် လူ ၃၅၀ ကျော်သေ ဆုံးပြီး ၆၀ဝ၀ ဒဏ်ရာရခဲ့ကာ ထောင်ပေါင်း များစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ သမ္မတထရမ့်လက်ထက် အမေရိကန်နှင့် ရုရှားဆက်ဆံရေးခေတ်သစ် ထူထောင်နိုင်မယောင် သုံးသပ်ချက်များမှာ မှားယွင်းခဲ့သည်။ ယူကရိန်း အရေးနှင့်ပတ်သက်၍ အမေရိကန်က ရုရှား အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ထပ်ခံချမှတ်ခဲ့ပြန်ရာ ယင်းကိုတုံ့ပြန်မှုအနေဖြင့် စက်တင်ဘာ ၁ ရက်၌ ရုရှားသမ္မတ ဗလာဒီမီယာပူတင်သည် အမေရိကန်သံတမန် ၇၅၅ ဦးကို တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။ ယင်းနောက် အမေရိကန်က လည်း ရုရှားသံတမန်များကို နှင်ထုတ်ခဲ့ပြီး နှစ်နိုင်ငံအကြား သံတမန်ရေးအငြင်းပွားမှု တစ်ရပ် ဖြစ်ပွားခဲ့သည်။
စစ်ရေးအနေဖြင့်ကား ရုရှားသည် ဘယ် လာရုစ်၌ နှစ်နိုင်ငံပူးတွဲစစ်ရေး လေ့ကျင့်မှုတစ်ရပ် ကို စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း ပြုလုပ်ခဲ့သည်။ အိမ်ရှင်ဘယ်လာရုစ်က ရုရှား စစ်သည် ၁၃၀ဝ၀ ကျော်သာ ပါဝင်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သော်လည်း အနောက်တိုင်း စစ်ရေးအကဲခတ်များကမူ အရပ်ဘက်ပညာ ရှင်များအပါအဝင် ရုရှား ၁၀ဝçဝ၀ဝ အထိ ပါဝင်၍ စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံး ရုရှားစစ်ရေးလေ့ကျင့်မှုအဖြစ် သတိနှင့်စောင့် ကြည့်ခဲ့ကြသည်။ စစ်ရေးလေ့ကျင့်နယ်မြေနှင့် နီးစပ်သည့် ယူကရိန်းနှင့်တကွ နေတိုးအဖွဲ့ကပါ စောင့်ကြည့်ခဲ့ကြခြင်းဖြစ်သည်။
အောက်တိုဘာ ၁ ရက်၌မူ အမေရိကန်၏နိုင်ငံ လာ့စ်ဗီးဂတ်စ်၌ မန္တလေးဘေးဟော်တယ် ၃၂ ထပ်မှနေ၍ စတီဖင်ပက်ဒေါ့က အောက် ဘက်ရှိ ကျေးလက်ဂီတပွဲခင်းထဲ ပစ်ခတ်မှု ကြောင့် ၅၈ ဦးသေဆုံးပြီး ၅၄၆ ဦး ဒဏ်ရာ ရခဲ့သည့် ပစ်ခတ်မှုကြီးသတင်းက ကမ္ဘာ့ထိပ်တန်း ဖြစ်ခဲ့ပြီး အမေရိကန်သမိုင်း၌ လူတစ်ဦးတည်း၏ပစ်ခတ်မှုကြောင့် အများဆုံးထိခိုက်သေကြေ သည့် စံချိန် သစ်တင်ခဲ့သည် (အပြည့်အစုံ ၂.၁၂.၂၀၁၇ သတင်းစာ၌ ဖော်ပြခဲ့ပြီး)။
အောက်တိုဘာ ၁၂ ရက် ထူးခြားသတင်း မှာမူ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု ကောင်စီ (ယူနက်စကို)မှ အမေရိကန် နှုတ်ထွက် ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ယင်းနောက်တွင် အစ္စရေးကလည်း အလားတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။ အောက်တိုဘာ ၁၄ ရက်တွင်ကား ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူး၌ ထရပ်ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် ၅၁၂ ဦး သေဆုံးပြီး ၃၁၆ ဦး သေဆုံးခဲ့သည့်သတင်းက ထိပ်တန်းဖြစ်ခဲ့ ပြန်သည်။ အောက်တိုဘာ ၁၇ ရက်၌မူ ဆီးရီးယားရှိ ရက်ပ်ဆာမြို့ အိုင်အက်စ်တို့လက်အောက်မှ လုံးဝလွတ်မြောက်ခဲ့ပြီ ဖြစ်ကြောင်း ဆီးရီးယား အစိုးရက ကြေညာခဲ့သည်။ နိုဝင်ဘာ ၃ ရက်၌ လည်း ဆီးရီးယားမှ ဒဲလောက်ဇာနှင့် အီရတ်မှ အယ်လ်ကွမ်းတို့ အိုင်အက်စ်လက်အောက်မှ အသီးသီးလွတ်မြောက်ကြောင်း ကြေညာနိုင်ခဲ့၍ အိုင်အက်စ်တို့သည် စတင် သန္ဓေတည်ရာဌာနေ တွင် အဓိကစစ်အင်အား ကျေပြုန်းသွားကြောင်း မှတ်တမ်းဝင်ခဲ့လေသည်။
တဖန် ကမ္ဘာ့သတင်းစာမျက်နှာများထက် ထိပ်တန်းသို့ တိုးထွက်လာသည့် အရေးတစ်ရပ် ကား စပိန်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာတာ လိုနီးယားဒေသက ခွဲထွက်ရန် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီး အောက်တိုဘာ ၂၇ ရက်၌ လွတ် လပ်ရေး ကြေညာခဲ့ခြင်းပင်။ သို့သော် စပိန် အစိုးရနှင့် အခြားနိုင်ငံများက အသိအမှတ် မပြုခဲ့ဘဲ ယင်းဒေသကို ဗဟိုမှ တိုက်ရိုက်ချုပ် ကိုင်လိုက်၍ ကာတာလန်ခေါင်းဆောင်များ ပြည်ပထွက်ပြေးရကာ ကာတာလိုနီးယားအကျပ် အတည်းအဖြစ် ထင်ရှားလာခဲ့ပေသည်။ နိုဝင်ဘာ ၁၂ ရက်၌ အီရန်နှင့် အီရတ် နယ်စပ်ဒေသ၌ ရစ်ချ်တာစကေး ၇ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အနည်းဆုုံး ၅၃၀ သေဆုံးပြီး ၇၀ဝ၀ဝ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရ သည်။ ကမ္ဘာပေါ်တွင် အုပ်ချုပ်မှုသက်တမ်းအကြာ မြင့်ဆုံး စံချိန်ထူခဲ့သည့် ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီကို နိုဝင်ဘာ ၁၅ ရက်၌ စစ်ဘက်က အကျယ်ချုပ်ချလိုက်ပြီးနောက် ခြောက်ရက်အကြာတွင် သမ္မတရာထူးမှ နှုတ် ထွက်ကာ ၃၇ နှစ်ကြာ စိုးမိုးမှုနိဂုံးချုပ်ခဲ့ခြင်း သည်လည်း တစ်ပတ်ကြာမျှ ကမ္ဘာ့ထိပ်တန်း သတင်း ဖြစ်ခဲ့ပြန်သည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၌ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက်သတ်ဖြတ် မှုဟု မှတ်တမ်းဝင်ခဲ့သည် ၁၉၉၀ ပြည့်လွန်နှစ် များဆီမှ ဘော့စနီးယားစစ်ပွဲအတွင်း ဆရီဘရဲ နီကားဒေသမှ လူမျိုးဖြုတ်သုတ်သင်မှုအတွက် တာဝန်ရှိသူ ရက်ကိုမလာဒိကို နိုဝင်ဘာ ၂၂ ရက်၌ နိုင်ငံတကာခုံရုံးက တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခဲ့သည့်သတင်းမှာလည်း စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။ နိုဝင်ဘာ ၂၄ ရက်၌ အီဂျစ်ထိန်းချုပ်သည့် ဆိုင်းနိုင်းဘက်ခြမ်းရှိ ဆူဖီဗလီတစ်ခုကို အိုင် အက်စ်တို့က ဗုံးခွဲတိုက်ခိုက်ခဲ့၍ ဝတ်ပြုသူ ၃၀၅ ဦးသေဆုံးပြီး ရာချီဒဏ်ရာရခဲ့သည့် သတင်းမှာလည်း မွတ်စလင်အချင်းချင်း ဂိုဏ်း မတူသူကို အစုလိုက်သတ်ဖြတ်ခြင်းဖြစ်၍ ထိပ်တန်းသတင်းတစ်ခု ဖြစ်ခဲ့သည်။
နိုင်ငံတကာအိုလံပစ်ကော်မတီသည် တောင်ကိုရီးယားနိုင်ငံ ပြုံချန်းမြို့၌ကျင်းပမည့် ၂၀၁၈ ခုနှစ် နွေရာသီ အိုလံပစ် အားကစားပွဲ တွင် ရုရှားနိုင်ငံအား ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင် ခဲ့ကြောင်း ဒီဇင်ဘာ ၅ ရက်၌ သတင်းထုတ်ပြန် ခဲ့သည်။ ရုရှားကစားသမားများ တားမြစ်ဆေး အသုံးပြုခြင်းကို အစိုးရကိုယ်တိုင် ထောက်ပံ့ ကူညီခဲ့မှုဖြင့် ယင်းကဲ့သို့ ပိတ်ပင်ခဲ့ခြင်းဖြစ်၍ သတင်းထူးတစ်ခု ဖြစ်ခဲ့ပြန်သည်။
ယင်းနောက်တစ်ရက်မှာပင် အရှေ့အလယ် ပိုင်းတစ်ခွင် လှုပ်ခတ်သွားစေမည့် ဆုံးဖြတ်ချက် တစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။ ယင်းသည်ကား ဒီဇင်ဘာ ၆ ရက်၌ ဂျေရုဆလင်ကို အစ္စရေး၏ မြို့တော် အဖြစ် အမေရိကန်ပြည်ထောင်စုက အသိအမှတ် ပြုလိုက်ခြင်းဖြစ်သည်။ ယင်းဆုံးဖြတ်ချက်ကြောင့် ပါလက်စတိုင်းနှင့်တကွ အာရပ်နိုင်ငံများ၊ ကျန်မွတ်စလင်နိုင်ငံများကပါ အမေရိကန်ကို အပြင်းအထန် ကန့်ကွက်ဆန့်ကျင်ခဲ့ကြပြီး အနောက်ဘက်ကမ်းဒေသ၌ကား ပါလက်စတိုင်း များနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များ သွေးထွက် သံယို ပဋိပက္ခ ဖြစ်ပွားခဲ့ကြပြန်လေသည်။
အမေရိကန်၏ မဟာမိတ်ဖြစ်သည့် တူရကီ ကပါ သမ္မတထရမ့်ကိုဝေဖန်ရှုတ်ချခဲ့ပြီး အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အထူးအစည်း အဝေးခေါ်ယူကာ ဂျေရုဆလင်အရှေ့ပိုင်းကို အနာဂတ်ပါလက်စတိုင်းနိုင်ငံ၏ မြို့တော်အဖြစ် သာ သဘောတူကြောင်း ထုတ်ပြန်ခဲ့ကြသည်။ ကုလသမဂ္ဂနှင့်တကွ ဥရောပနိုင်ငံများကလည်း အမေရိကန်ကို ပြစ်တင်ရှုတ်ချခဲ့ကြပြီး ဒီဇင်ဘာ ၂၂ ရက်၌မူ ဟွန်ဒူရပ်စ်နှင့် ပနားမား၊ ဒီဇင်ဘာ ၂၄ ရက်၌ ဂွာတီမာလာတို့သည် အမေရိကန် နည်းတူ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကာ ၄င်းတို့သံရုံးများ ဂျေရု ဆလင်သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ကြေညာ ခဲ့ကြလေသည်။
မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ် တစ်နှစ်တာအတွင်း တာတိုပစ်၊ တာလတ်ပစ်နှင့် တိုက်ချင်းပစ်ဒုံးကျည်များ အများအပြား ပစ် ခတ် စမ်းသပ်ခဲ့သည့်အပြင် ဆဌမမြောက်နှင့် ၄င်းစမ်းသပ်ခဲ့သမျှ၌ အင်အားအပြင်းထန်ဆုံး နျူကလီးယား စမ်းသပ်မှုကိုလည်း ပြုလုပ်ခဲ့၍ ကုလသမဂ္ဂက အရေးယူပိတ်ဆို့မှုများ အဆင့် ဆင့် ချမှတ်ခဲ့သည်။ အမေရိကန်က အဆိုမူကြမ်း တင်သွင်းလေ့ရှိသည့် မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုအား တရုတ်နှင့် ရုရှား တို့က ဈေးဆစ်လေ့ရှိသည်။ ဒီဇင်ဘာ ၂၂ ရက်၌မူ မြောက်ကိုရီးယား၏ ဒုံးကျည်စီမံကိန်းများကို တားဆီးရန်ရည်ရွယ်၍ မြောက်ကိုရီးယား၏ ရေနံတင်သွင်းမှုကို ၉၀ ရာခိုင်နှုန်းအထိ ကန့်သတ်မှုအပါအဝင် နောက် ထပ် ဒဏ်ခတ်ပိတ်ဆို့မှုပြုရန် ဆုံးဖြတ်ချက် တစ်ရပ်ကို တရုတ်နှင့်ရုရှားအပါအဝင် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံ စလုံးက တစ်ညီတစ်ညွတ်တည်း သဘောတူ ချမှတ်ခဲ့ကြ သည်။
မြောက်ကိုရီးယားကမူ ယင်းပိတ်ဆို့မှုဆုံး ဖြတ်ချက်သည် ၎င်းနိုင်ငံအပေါ် စစ်ကြေညာ သည့်အလား သဘောထားမည်ဟု ကြေညာ ခဲ့ပြီး လက်နက်စီမံကိန်းများကို လက်လျှော့မည့် လက္ခဏာမရှိသေးဘဲ ဂြိုဟ်တုများ လွှတ်တင် မည်ဟု စကားဦးသမ်း ပြောဆိုထားရာ လာမည့် ၂၀၁၈ ခုနှစ်၌လည်း ဒုံးကျည်ပစ်လွှတ်မှုဇာတ် လမ်း တစ်စခန်းထလာဦးမည်ဟု မျှော်လင့် ဖွယ်ရာ ဖြစ်နေပေသည်။
စူပါပါဝါနှစ်နိုင်ငံနှင့် ၂၀၁၇ နိဂုံး
၂၀၁၇ ခုနှစ် နှစ်မကုန်မီ နှစ်လနီးပါးအလို နိုဝင်ဘာ ၈ ရက်တွင်မူ သမ္မတထရမ့်သည် အာရှခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ် ကိုလည်း ရောက်ရှိခဲ့သည်။ အဓိကရည်ရွယ် ချက်ကား ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးနှင့် တရုတ်အမေရိကန်ဆက်ဆံမှု တည်ငြိမ်ရေးတို့ ဖြစ်သည်။ နှစ်နိုင်ငံကုန်သွယ် ရေးအရေးပါပုံနှင့် တရုတ်တစ်ပြည်တည်းမူဝါဒကို ထောက်ခံကြောင်း ထရမ့်က ထပ်လောင်း ပြော ခြင်းဖြင့် ၄င်းလက်ထက် တစ်နှစ်ပြည့်ခါနီး ဆက်ဆံရေးကို ငွေရောင် အနားကွပ်ပေးလိုဟန် ပြသခဲ့သည်။ တရုတ်အပါအဝင် မည်သည့်အာရှနိုင်ငံဒ လူ့အခွင့်အရေးအခြေအနေကိုမျှ ထည့်သွင်း ပြောဆိုမှုမပြုခဲ့သည့် ထရမ့်မှာ အမေရိကန် သမ္မတများထဲတွင် ဒီမိုကရေစီကို အလေးမထား သည့်သဘော သက်ရောက်နေ၍ လစ်ဘရယ် ဒီမိုကရက်များ အားကောင်းရာ ဥရောပအတွက် အမေရိကန်သည် စိတ်ပျက်စရာ ဖြစ်လာသည်။ ရာသီဥတုဆိုင်ရာ ပါရီသဘောတူညီချက်မှ အမေရိကန်နှုတ်ထွက်ခြင်းကြောင့် ဥရောပနှင့် တရုတ်က ရာသီဥတုအရေးတွင် မဟာမိတ် ဖြစ်လာပြီး အမေရိကန်က ဘေးရောက်သွာသည်။
တစ်နှစ်အတွင်း၌ပင် ထရမ့်၏ အမေရိကန် ပဓာနမူဝါဒကြောင့် အမေရိကန် အရှိန်အဝါ သည် အတွင်းပြန်ကျုံ့ဝင်သွားသည့် သဘော ရှိပြီး အမေရိကန်သြဇာလျော့ပါးသွားသည့် အာရှကဲ့သို့ နေရာများတွင် တရုတ်က အစားထိုး ဝင်ရောက်နိုင်ခဲ့သည်။ ပစိဖိတ်ဖြတ်ကျော်စီးပွား ရပ်ဝန်းကို ထရမ့်ဆုံးဖြတ်ချက်ဖြင့် အမေရိကန်က လက်ပြ နှုတ်ဆက်သွားချိန်သည် တရုတ်၏ဒေသဆိုင်ရာစီးပွားဖက်အစီအစဉ်များ သက် ဝင်လာချိန်နှင့်လည်း တိုက်ဆိုင်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက်က အောက်တိုဘာ ၂၅ ရက်၌ သမ္မတရှီကျင့်ဖျင်ကို ပါတီအထွေထွေ အတွင်းရေးမှူး ဒုတိယသက်တမ်းထမ်းဆောင်ရန် အတည်ပြုခဲ့သည်။ ထိုမျှမက ပါတီဖွဲ့စည်းပုံတွင် ရှီကျင့်ဖျင်၏ သဘောအမြင်ကို ထည့်သွင်းပေး ခြင်းအားဖြင့် ရှီကျင့်ဖျင်ကို မော်စီတုန်းနှင့် တိန့်ရှောင်ဖိန်ကဲ့သို့ ခေါင်းဆောင်ကြီးများနှယ် သဘောထားကြောင်း လေ့လာသူများက သုံးသပ်ကြပြီး သမ္မတရှီကျင့်ဖျင်ကိုယ်တိုင် စိတ်ကူးခဲ့သည့် ရပ်ဝန်းတစ်ခု လမ်းကြောင်း တစ်သွယ် စီမံကိန်းကြီးဖြင့် ပတ်ဝန်းကျင်တစ်ခွင် တရုတ်သြဇာ ဖြန့်ကြက်မှုအရှိန် မြင့်တက် လာခဲ့သည်။
ခေတ်ဟောင်း ပိုးလမ်းမ ကုန်းကြောင်းကို ပြန်လည်ဖော်ထုတ်ပြီး ခေတ်သစ် ပိုးလမ်းမ ရေကြောင်းလည်း ဖော်ဆောင်ကာ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်တည်း ဖြစ်စေမည့် စီမံကိန်းကြီးဖြင့် တရုတ်ကိုဗဟိုပြု၍ ကမ္ဘာကို စိုးမိုးရန် စိုင်းပြင်းလာချိန်တွင် အမေရိကန် သည်ကား အိမ်ဖြူတော်မှ ရုရှားအရေး အရှုပ် အထွေးများ၊ အငြင်းပွားစရာ လူဝင်မှုမူဝါဒ၊ ရာသီဥတုဆိုင်ရာပါရီစာချုပ်မှ နှုတ်ထွက်ခြင်းဖြင့် အထီးကျန်မှုတို့ကြောင့် ကမ္ဘာ့အလယ်၌ ပုံရိပ် နိမ့်ကျလာပြီး နှစ်ကုန်ခါနီးတွင်လည်း ဂျေရု ဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ် ပြုလိုက်ခြင်းဖြင့် အာရပ်ကမ္ဘာနှင့် နောက်ထပ် ရန်မီးပွားရမည့်အခြေ ဆိုက်နေသည်များကို ၂၀၁၇ ခုနှစ်အတွင်း အနှစ်ချုပ်မြင်ကွင်း ဖြစ် ပါကြောင်း စေ့ငုဖော်ပြလိုက်ရပါသည်။














