လစ်လပ်သည့် မဲဆန္ဒနယ် ရှစ်နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ခုနှစ်အတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်အောင်က ဇန်နဝါရီလ ၁၅ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးအပြီး ပြောကြားလိုက်သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)အပါအဝင် လစ်လပ်နေသောမဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်တွင် နှစ်နေရာနှင့် တိုင်းဒေသကြီး( သို့မဟုတ် ) ပြည်နယ်လွှတ်တော်တွင် ခြောက်နေရာ၊ စုစုပေါင်း ရှစ်နေရာ ရှိသည်။
အဆိုပါကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်များရှိ မဲဆန္ဒနယ်များနှင့် ကွယ်လွန်သူ လွှတ်တော်ကိုယ်စားလှယ်များမှာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမဲဆန္ဒနယ် အမှတ်(၁)မှ ဦးအောင်ဆန်းဝင်း( အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ )၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဟွန်းခဲန်( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ )၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးမြင့်ဦး( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ )၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဖိုးမင်း(ခ) ဦးဘိုမင်း( ရခိုင်အမျိုးသားပါတီ )၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထန်ခိုဟောက်( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ )၊ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးစံခင်( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ )နှင့် ရှမ်းပြည်နယ်၊ လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းမွန်း( ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ )တို့ဖြစ်ကြ ပြီး မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးနေမျိုးကျော်( အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ )မှာ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
လစ်လပ်မဲဆန္ဒနယ်များအတွက် ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒရှင်များစာရင်းကို အိမ်တိုင်ရာရောက် ပြန်လည်စိစစ်ကောက်ယူခြင်းနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပြန်လည် ရွေးချယ်ခြင်းများ ပြုလုပ်ရမည် ဖြစ်သည့်အတွက် ကျင်းပမည့် အချိန်ကာလကိုမူ မခန့်မှန်းနိုင်သေးကြောင်း ဦးမြင့်အောင်က ဆိုသည်။ “ အဲ့ဒါက ကျွန်တော်တို့ ကြေညာပါ့မယ်၊ ကျန်တဲ့ အဖွဲ့အစည်းတွေနဲ့ ညှိရပါဦးမယ်၊ ၂၀၁၈ထဲတော့ ဖြစ်မယ် ” ဟု ၄င်းက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသ ကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်များတွင် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားသည့် မဲဆန္ဒနယ်များရှိ လွှတ်တော်ကိုယ်စားလှယ်နေရာများအား သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ များနှင့် အညီ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပ၍ အစားထိုးရွေးချယ်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း လည်း ဦးအောင်မြင့်က ဆိုသည်။
















