ဝါရှင်တန် ဇန်နဝါရီ ၂၅
နည်းပညာက လူသားတို့ကို အချိန်ပြည့် ကယ်တင်နိုင်မည် မဟုတ်။ ဂျီပီအက်စ်လမ်းညွှန်စနစ်ကို ယုံမှတ်ပုံအပ်ကာ ကားမောင်းမိ၍ အမေရိကန်ပြည်ထောင်စုတွင် ရေကန်ထဲသို့ ကားတစ်စီးထိုးဆင်းသွားခဲ့ရသည်။
အသက်ရှင်
အမေရိကန်အရှေ့မြောက်ပိုင်း ဗားမွန့်ပြည်နယ် ဘာလင်တန်မြို့အနီး ရေခဲနေသော ရှမ်ပလင်ရေကန်ကြီးအတွင်းသို့ သူငယ်ချင်းသုံးယောက်မောင်းလာသောဂျစ်ကား ထိုးဆင်းသွားခဲ့ခြင်းဖြစ်သည်။ ငှားမောင်းလာကြသောကားသည် ရေကန်ထဲသို့ ထိုးကျနစ်မြုပ်သွားသော်လည်း သုံးဦးစလုံး အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ကြကြောင်း သိရသည်။
ဂျီပီအက်စ်စနစ်က တည့်တည့်ဆက်မောင်းရန် ညွှန်သဖြင့်မောင်းသွားရာ လှေများ ရေကန်ကြီးထဲလျှောချသော လျှောဆင်းလမ်းအတိုင်း မောင်းမိလျက်သား ဖြစ်သွားသောကြောင့် ရေကန်ကြီးထဲထိုးဆင်းသွားခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားချိန်တွင် မိုးသည်းကာ မြူခိုးများ ဆိုင်းပြီး မြင်ကွင်းမကောင်းကြောင်း သိရသည်။
အချိန်နှင့်တစ်ပြေးညီ
ကားမောင်းသူသည် ဂူဂဲလ်က ဝန်ဆောင်မှုပေးနေသော Waze လမ်းညွှန်စနစ်ကိုအသုံးပြုကာ မောင်းသွားခြင်းဖြစ်သည်။ ဂူဂဲလ်သတင်း ထုတ်ပြန်ရေးတာဝန်ရှိသူ ဂျူလီမိုဆလာကမူ Waze သည် ဂျီပီအက်စ် နည်းပညာအသုံးပြုကာ လမ်းသတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ဖော်ပြပေးလျက်ရှိကြောင်း၊ သို့သော် ကားမောင်းသူများ ကိုယ်တိုင်သည်လည်း ပတ်ဝန်းကျင်ကို မပြတ်သတိထားကာ ကားကို မောင်းနှင်ကြဖို့လိုမည်ဖြစ်ကြောင်း ဖြေရှင်းထားသည်။

















