စားသုံးသူများအနေဖြင့် အစားအသောက်များတွင်ဖြစ်စေ၊ ကုန်စည်တွင်ဖြစ်စေ ဝန်ဆောင်မှုပိုင်းနှင့်ပတ်သက်၍ စိတ်ကျေနပ်မှုမရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ online မှတဆင့် သတ်မှတ်ပုံစံ (Form) များဖြည့်သွင်းကာ တိုက်ရိုက်တိုင်ကြားနိုင်တော့မည်ဖြစ်သည်။
ထိုသို့တိုင်ကြားနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ လက်ရှိတွင် ဝက်ဘ်ဆိုက်တစ်ခုကိုဌာနတွင်း စမ်းသပ်လျက်ရှိပြီး အဆိုပါဝက်ဘ်ဆိုက်ကို တရားဝင်လွှင့်တင်ပြီးပါက သတင်းအချက်အလက်များကို ၎င်းဝက်ဘ်ဆိုက်မှသိရှိရမည်ဖြစ်ကာ စိတ်ကျေနပ်မှုမရှိသည့် အခြေအနေများကိုလည်း ပုံစံများဖြည့်၍ online မှတဆင့် www.doc.gov.mm ဝက်ဘ်ဆိုက်ဖြင့် တိုင်ကြားနိုင်မည်ဖြစ်သည်။
"ဒီဝက်ဘ်ဆိုက်ကို မတ်၊ ဧပြီလလောက်မှာ စတင်လွှင့်သွားနိုင်မှာပါ။ ဒီဝက်ဘ်ဆိုက်လွှင့်တင်ပြီးရင် ဖုန်းဆော့ဖ်ဝဲလ်နဲ့ပါသုံးလို့ရအောင် လုပ်ထားပါတယ်" ဟု စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး ကပြောသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လက်ရှိတွင် ၂၀၁၄ ခုနှစ် စားသုံးသူရေးရာဥပဒေကို ပြင်ဆင်ရေးဆွဲထားပြီးလက်ရှိတွင် Consumer Information Complaint Center (CICC) ရုံးခွဲများထံတိုင်ကြားနိုင်ပြီး တိုင်ကြားမှုပေါင်း ၈၆ ခုရှိကြောင်း၊ လက်ရှိချိန်တွင် အဆိုပါ CICC ရုံးခွဲပေါင်း ၄၈ ခုရှိကြောင်း သိရသည်။















