စစ်တမ်းအရ ဧရာဝတီမြစ်အတွင်း ကျက်စားနေထိုင်သည့် ဧရာဝတီလင်းပိုင်ကောင် ရေ ယခင်နှစ်ကထက် ခုနစ်ကောင်တိုးတက် တွေ့ရှိထားကြောင်း သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ ဒုတိယစီမံကိန်း မန်နေဂျာ ဦးကျော်လှသိန်းက ပြောဆိုသည်။
ပိုမိုတွေ့ရှိ
ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)တို့ပူးပေါင်း၍ မန္တလေးမှ ဗန်းမော်အထိ ဧရာဝတီ လင်းပိုင်ကောင်ရေ သုတေသနစစ်တမ်းပြုလုပ် ရာ၌ ယခုနှစ်တွင် ၇၆ ကောင် တွေ့ရှိထားပြီး ၂၀၁၇ ခုနှစ် စစ်တမ်းတွင် ၆၉ ကောင်တွေ့ရှိ ခဲ့ရာ ယခင်နှစ်ကထက် ဧရာဝတီလင်းပိုင် ခုနစ်ကောင်အထိ ပိုမိုတွေ့ရှိထားခြင်းဖြစ်သည်။
သားပေါက်တစ်ကောင်
ဖေဖော်ဝါရီ ၆ ရက်မှ ၁၇ ရက်အထိ ဧရာဝတီလင်းပိုင် သုတေသနစစ်တမ်းကောက် ယူခဲ့ရာ ယခင်နှစ်က မင်းကွန်းနှင့်ကျောက် မြောင်းကြားတွင် ၂၅ ကောင်တွေ့ရှိခဲ့ပြီး ယခု နှစ်၌ သားပေါက်တစ်ကောင်အပါအဝင် ၂၆ ကောင်တွေ့ရှိခဲ့ကြောင်း သိရသည်။
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာတိုးချဲ့နိုင်ရေး ဆောင်ရွက်နေသော ထီးချိုင့် မြို့နယ်နှင့် ရွှေကူမြို့နယ်ကြားတွင် ယခင် နှစ်က ၃၇ ကောင်တွေ့ရှိခဲ့ပြီး ယခုနှစ်တွင် ၃၇ ကောင်သာတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ဧရိယာကြား၌ ၂၀၁၇ ခုနှစ်အတွင်း လင်းပိုင် နှစ်ကောင် သေဆုံးခဲ့ပြီး ယခုနှစ်စစ်တမ်းတွင် သားပေါက်နှစ်ကောင်ပေါက်ထားသည်ကို တွေ့ရှိခဲ့ရသည်။
ဧရာဝတီလင်းပိုင် သုတေသနစစ်တမ်း ကောက်ယူခဲ့ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ရေလုပ်သားနှစ်ဦးနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီ အစဉ်)မှ ဝန်ထမ်းများ ပါဝင်ခဲ့သည်။
ငါးရှော့ခ်တိုက်ဖမ်းဆီးမှုအရေးယူ
ယခု ခရီးစဉ်တစ်လျှောက်တွင် တရားမဝင် ရှော့ခ်တိုက်ငါးဖမ်းဆီးသော စက်လှေ ၁၇ စင်းဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာမြို့နယ်များ တွင် ဥပဒေနှင့်အညီအရေးယူခဲ့ကြောင်း သိရ သည်။

















