ရန်ကုန်မြို့ဟာ မြန်မာပြည်မှာ လူဦးရေအထူထပ်ဆုံးနဲ့ စီးပွားရေးအဖွံ့ဖြိုးဆုံးမြို့ဖြစ်ပါတယ်။ အဲဒီလိုပဲ အမှိုက်သရိုက် အလွန်ထူပြီး ညစ်ပတ်တဲ့နေရာ အများအပြားရှိတဲ့မြို့လည်း ဖြစ်ပါတယ်။
ရန်ကုန်ကို အမွေအနှစ်တွေနဲ့ စိမ်းလန်းပြီး၊ နေချင်စဖွယ်ကောင်းတဲ့ စီးပွားရေးမြို့တော်တစ်ခု ဖြစ်လာစေဖို့အတွက် မျှော်လင့်ထားတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုလဆန်းက ကျင်းပခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခမ်းအနားတစ်ခုမှာ ဆိုပါတယ်။
စိမ်းလန်းပြီး နေချင်စဖွယ်ဖြစ်ဖို့ဆိုတာကတော့ သန့်ရှင်းသာယာမှုနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ လေထု၊ ရေထု၊ မြေထုသန့်ရှင်းဖို့အတွက် အမှိုက်ကင်းစင်အောင် ဆောင်ရွက်ရေးနဲ့ သစ်တောသစ်ပင်တွေ ဝေဝေဆာရှိနေဖို့က ရန်ကုန်ရဲ့ သန့်ရှင်းပြီး အစိမ်းရောင်မြို့တော်ဖြစ်လာရေး အိပ်မက်အတွက် အဓိကကဏ္ဍတွေအဖြစ် ပါဝင်နေပါတယ်။
''သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သော်လည်းကောင်း အမှိုက်နဲ့ပတ်သက်လို့သော်လည်းကောင်း နှစ်ပေါင်းများစွာ ကျွန်တော်တို့ ပြည်သူလူထုမှာ ဒီအသိမရှိခဲ့ပါဘူး။ ဒီဟာကိုလည်း ဆောင်ရွက်ခွင့် ကြီးကြီးမားမား မရခဲ့ပါဘူး။ မြို့တော်တစ်ခု နေချင်စဖွယ်ဖြစ်လာအောင် ဖန်တီးဖို့ဆိုတာ သန့်ရှင်းသာယာမှုနဲ့လည်း အများကြီး သက်ဆိုင်တယ်လို့'' ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။
ရန်ကုန်မြို့မှာ တစ်နေ့ကို အမှိုက်တန်ချိန် ၂,ဝဝဝ ကျော် သိမ်းဆည်းနေရပြီး နောက်ဖေးလမ်းကြားတွေနဲ့ ရေမြောင်းရှင်းလင်းချိန်တွေမှာဆိုရင် တန်ချိန်ပေါင်း ၂,၆ဝဝ ကျော်အထိ သိမ်းဆည်းနေရတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောပါတယ်။
''အဓိကအချက်မှာ အမှိုက်တွေကို ခွဲခြားပစ်နိုင်တဲ့ အခြေအနေထက် အမှိုက်ကို (အမှိုက်ပုံးထဲကို) ပစ်တတ်တဲ့ ယဉ်ကျေးမှုဖြစ်အောင် စတင်လုပ်ဆောင်ရမယ်''လို့ ဦးဖြိုးမင်းသိန်း က ပြောပါတယ်။
အများပြည်သူ အမှိုက်တွေကို သက်ဆိုင်ရာက လိုက်လံရှင်းလင်းပြီးရင်လည်း ချေဖျက်နိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေဘဲနဲ့ အမှိုက်တွေကို ရှင်းလင်းနိုင်တဲ့ နည်းလမ်းတစ်ရပ်နဲ့ ပလတ်စတစ်အိတ်အစားထိုး အသုံးပြုနိုင်မယ့် အိတ်တွေ ထုတ်လုပ်နိုင်ရေး နည်းစနစ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်နေတယ်လို့လည်း သူက ပြောပါတယ်။
အခုအခါမှာတော့ လမ်းသွားလမ်းလာတွေအနေနဲ့ အမှိုက်တွေကို အလွယ်တကူ ပစ်နိုင်စေဖို့အတွက် အဝါရောင်အဖုံး ပိတ်ထားတဲ့ အမှိုက်ပုံးကြီးတွေအပြင် အလွယ်တကူအမှိုက်ပစ်နိုင်တဲ့ အမှိုက်ပုံး ၂,ဝဝဝ ကျော်ကိုလည်း လူစည်ကားတဲ့ နေရာတွေမှာ ချပေးထားတယ်လို့ ဒေါက်တာအောင်မြင့်မော်က ပြောပါတယ်။
ဒါပေမဲ့လည်း အမှိုက်တွေကို စည်းကမ်းမဲ့စွန့်ပစ်နေတာ နေရာအနှံ့မှာ တွေ့နေရဆဲဖြစ်ပါတယ်။
''အစိမ်းရောင်မြို့၊ သန့်ရှင်းတဲ့မြို့ဆိုရင်တော့ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကို အထူးဆောင်ရွက်ဖို့ လိုတယ်''လို့ ဒေါက်တာအောင်မြင့်မော်က ဆိုပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကလည်း အများပြည်သူအပါအဝင် စာသင်ကျောင်းတွေမှာ အမှိုက်စနစ်စွန့်ပစ်ခြင်းနဲ့ ပတ်သက်ပြီးတော့ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း လျှော့ချရေး၊ အမှိုက်များကို စည်းကမ်းတကျထုပ်ပိုးချည်နှောင်ပြီး စွန့်ပစ်ရေး စတာတွေကို အသိပညာပေးခြင်း ဖြစ်ပါတယ်။
ယင်းအပြင် လေထုတိုင်းတာခြင်းနဲ့ မြေထုနဲ့ ရေထု သန့်ရှင်းရေးအတွက်လည်း အမှိုက်တွေကို စနစ်တကျ စီမံခန့်ခွဲခြင်းတို့ကို လုပ်ဆောင်ပေးနေပါတယ်။
''ဖြစ်ချင်တာက ကိုယ့်အိမ်ထောင်စုကထွက်တဲ့ အမှိုက်ကို အိတ်နဲ့ လုံခြုံစွာချည်နှောင်ပြီးတော့မှ ပုံးထဲကို ပစ်ပေးဖို့ပါ။ ကျွန်တော်တို့တာဝန်က ပုံးထဲက အမှိုက်ကို သယ်ပြီး အမှိုက်ပုံကို သွားပုံပါတယ်''လို့ ဒေါက်တာအောင်မြင့်မော်က ပြောပါတယ်။
မြို့တော်စည်ပင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ လေ့လာချက်အရ ဥရောပနိုင်ငံ များမှာ အမှိုက်တွေရဲ့ ၈ဝ ရာခိုင်နှုန်းခန့်ကို ပြန်လည် အသုံးပြုနိုင်ပြီး၊ ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံတွေမှာလည်း ထက်ဝက်ခန့်ကို ပြန်လည်အသုံးပြုနိုင်ကြောင်း၊ သို့သော် မြန်မာနိုင်ငံမှာတော့ ၁ဝ ပုံ တစ်ပုံခန့်ကိုပဲ ပြန်လည်အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
''ပလတ်စတစ်နဲ့ ရောင်းနေတဲ့ဆိုင်တွေမှာ အစားထိုးပစ္စည်း ပြင်ပေးချင်ပါတယ်။ ပလတ်စတစ် လုပ်ငန်းကိုသာ အခွန်တိုးမြှင့်ကောက်မယ်ဆိုရင် ဒီလုပ်ငန်းတွေ နည်းလာနိုင်တယ်။ ဒါပေမဲ့ ဒီဘက်က အစားမထိုးနိုင်ခင်မှာ တစ်ဖက်က လုပ်ငန်းကို ဆောင်ရွက်ဖို့က ပြည်သူလူထု အဆင်ပြေချောမွေ့ နေတာကနေ လုပ်ရကိုင်ရခက်သွားတာမျိုး မဖြစ်ဖို့ တဖြည်းဖြည်း ပြင်ဆင်သွားပါမယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်က ဒီနေ့ကနေစပြီးတော့ လုပ်ရမှာပါ'' လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။
အစိမ်းရောင်မြို့တော်ဖြစ်ရေး နောက်ထပ်လုပ်ငန်း တစ်ခုအနေနဲ့ ဒီရေတော ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ သစ်တောဦးစီးဌာနတို့က ပူးပေါင်းပြီးတော့ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဟာ ၂ဝဝ၈ ခုနှစ်၊ နာဂစ်မုန်တိုင်းဒဏ်ကို ခံခဲ့ရတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် နောင်လာမယ့် သဘာဝဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းနိုင်ရန်ရည်ရွယ်ပြီး ကျန်ရှိနေသေးတဲ့ ဒီရေတောတွေကို ထိန်းသိမ်းပြီး၊ လစ်လပ်နေရာတွေကို ပြန်လည်ဖြည့်စွက်စိုက်ပျိုးသွားမယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
''အနာဂတ်မှာ ရန်ကုန်မြို့ကို ကာကွယ် စောင့်ရှောက်နိုင်ဖို့ဆိုရင် ဒီရေတောတွေကို ပြန်စိုက်ရပါမယ်။ အစိုးရဘက်က ဒီရေတောစိုက်မယ့် ဧရိယာ အားလုံးကို သတ်မှတ်တားမြစ်လိုက်မှာ ဖြစ်ပါတယ်။ မုတ္တမပင်လယ်ကွေ့က သောင်ထွန်းတဲ့နေရာအားလုံးကို ဒီရေတောဧရိယာအဖြစ်ပဲ ဆက်ပြီးသတ်မှတ်သွား မှာပါ''ဟု ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ရန်ကုန်တိုင်းက ဒီရေတောမြေနေရာတွေကို အရင်က မှားယွင်းတဲ့ မြေအသုံးချမှုပုံစံတွေအဖြစ် မြေလွတ်မြေရိုင်းများအဖြစ် ချပေးခဲ့ခြင်းနဲ့ ကမ်းပတ်တာ ပြုလုပ်ခြင်းတွေကြောင့် ဒီရေတော ပြုန်းတီးမှုတွေဖြစ်ခဲ့တယ်လို့ တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောပါတယ်။
အခုအခါမှာ ကျန်ရှိနေတဲ့ ရန်ကုန်တိုင်းဒေသကြီး ထဲက လက်ကျန်ဒီရေတောတွေကို ဥပဒေအရ ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ဧကစုစုပေါင်း ၂၇,၇ဝဝ ကျော်ကို ကာကွယ်တောအဖြစ် လုပ်နိုင်ရန်လည်း ဆောင်ရွက်နေပါတယ်။
''ဒီရေတောတွေ စိုက်ပေးဖို့လိုတာပေါ့။ ဒါမှသာရန်ကုန်မြို့ကိုလည်း မုန်တိုင်းဒဏ်ကနေ ကာကွယ်နိုင်တယ်။ နောက်တစ်ဖက်ကနေလည်း ရန်ကုန်မြို့ Green City ဖြစ်ပေါ်မှုမှာလည်း ပံ့ပိုးမှုပေးနိုင်တယ်။ ရန်ကုန်က ယာဉ်၊ စက်ရုံတွေကနေ ထွက်လာတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေကို ထိန်းနိုင်ဖို့ သစ်ပင်အများ ကြီး စိုက်ပေးသွားဖို့ လိုတယ်''ဟု Myanmar Environmental Rehabilitation Network မှ အမှုဆောင် အရာရှိချုပ် ဦးအောင်သန့်စင်က ပြောပါတယ်။
မြို့ပြစီမံကိန်းတွေမှာ အစိမ်းရောင် ဧရိယာတွေ ထည့်သွင်းသွားဖို့လည်း ၄င်းက အကြံပြုပါတယ်။
ဒီရေတောများတိုးချဲ့ခြင်း၊ ပလတ်စတစ်အသုံးပြုမှုလျှော့ချခြင်းနဲ့ လေထုညစ်ညမ်းမှုဖြစ်စေသော ဓာတ်ငွေ့ထုတ်လုပ်မှုများ လျှော့ချခြင်းက စိမ်းလန်းသောမြို့ဖြစ်လာစေရေး ရည်မှန်းချက်ကို ကူညီပေးနိုင်လိမ့်မယ်လို့ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်ရဲ့ အမှုဆောင်ဒါရိုက်တာ Mr Erik Solheim က ပြောပါတယ်။
















