ဦးရွှေမန်းဦးဆောင်သည့် ကော်မရှင်ကို သက်တမ်းတိုးမြှင့်

ဦးရွှေမန်းဦးဆောင်သည့် ကော်မရှင်ကို သက်တမ်းတိုးမြှင့်

ပြည်သူ့လွှတ်တော်ဥက္ကဠဟောင်း သူရဦးရွှေမန်းဥက္ကဠအဖြစ် တာဝန်ယူထားသည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို သက်တမ်းတစ်နှစ် ထပ်မံတိုးရန် ဖေဖော်ဝါရီ ၂၈ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူညီမှု တောင်းခံခဲ့ရာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်ခဲ့သော်လည်း အတည်ပြုခဲ့သည်။ 

အဆိုပါ ကော်မရှင် သက်တမ်းတိုးရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံဆန္ဒမဲ ၂၉၅ မဲရှိပြီး ကန့်ကွက်ဆန္ဒမဲ ၁၇၉ မဲ ရှိခဲ့သည့်အတွက် သက်တမ်းတစ်နှစ် ထပ်မံတိုးရန် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဆုံးဖြတ်ခဲ့သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၃၈(က)(ခ)၊ ပုဒ်မ ၁၅၈(က)(ခ)နှင့် ပုဒ်မ ၁၉၈(က)တို့အရ ကော်မရှင်၏ လုပ်ပိုင်ခွင့်သည် ရောထွေးမှုများရှိနေခြင်းကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းကပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး ပြောသည်။

''ဒီကော်မရှင်အနေနဲ့ ဥပဒေကြမ်းတွေကို များသောအားဖြင့် ရေးဆွဲနေတယ်၊ ပြင်ဆင်နေတယ်၊ ပြဠာန်းနေတယ်၊ တင်သွင်းနေတယ်ဆိုတာကို တွေ့ရပါတယ်။အဲဒါက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာရှိတဲ့ ဥပဒေကြမ်းကော်မတီတွေရယ်၊ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ ဥပဒေကြမ်းပူးပေါင်းကော်မတီတွေလုပ်တဲ့ လုပ်ပိုင်ခွင့်တွေမှာ သွားပြီး ရောထွေးနေတယ်လို့ မြင်ပါတယ်''ဟု ၄င်းက ပြောသည်။

ကန့်ကွက်မှု ရှုံးနိမ့်ရခြင်းနှင့် ပတ်သက်ပြီး မည်သည့်မှတ်ချက်ကိုမျှ မပေးလိုဘဲ ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီသည့်အတွက် ထောက်ပြရခြင်းသာဖြစ်သည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။ အဆိုပါကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ လျှော့ချပယ်ဖျက်ရန် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းပြည်ထောင်စုလွှတ်တော်၌ အဆုံးအဖြတ်ခံယူရာတွင်ဥပဒေကြမ်းများရေးဆွဲပြုစုခြင်းသည် ဥပဒေကြမ်းကော်မတီများ၏ တာဝန်သာဖြစ်ပြီး ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ တာဝန်မှာအကြံပြုခြင်းသာဖြစ်သည်ဟုဆိုကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစိုးသိန်းက ကန့်ကွက်ခဲ့သည်။

သူရဦးရွှေမန်း ဦးဆောင်သည့် အဖွဲ့ဝင် ၃၈ ဦးပါ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို ၂ဝ၁၆ ခုနှစ်၊ မတ်လတွင်  ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ကော်မရှင်၏ သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။

ကော်မရှင်၏ ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး ၂ဝဝ၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅ဝ ဦးက ပြီးခဲ့သည့်နှစ် မေလတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးထံ လျှောက်ထားခဲ့သော်လည်း ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ခြင်း မရှိဟုဆိုကာ ခုံရုံးကပယ်ချခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး