ယခုနှစ် ပထမခြောက်လပတ် အခွန်ငွေ ယခင်ဘဏ္ဍာနှစ်ထက် ကျပ်ဘီလီယံ ၅၃၀ ကျော်ပိုရရှိ

ယခုနှစ် ပထမခြောက်လပတ် အခွန်ငွေ ယခင်ဘဏ္ဍာနှစ်ထက် ကျပ်ဘီလီယံ ၅၃၀ ကျော်ပိုရရှိ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ် အတွင်း ကောက်ခံရရှိသည့် အခွန်ငွေပမာဏသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမခြောက်လပတ် ကာလထက် ငွေကျပ်ဘီလီယံ ၅၃၀ ကျော် ပိုမိုရရှိ ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖေဖော်ဝါရီ ၂၈ ရက်၌ ပြောဆိုသည်။

"ယခင်နှစ် ပထမခြောက်လတာကာလက ငွေကျပ် ၂၅၄၈ ဒသမ ၄၀၁ ဘီလီယံ ကောက်ခံ ရရှိခဲ့သော်လည်း ယခုနှစ်ခြောက်လတာကာလအတွင်း ငွေကျပ် ၃၀၇၈ ဒသမ ၇၉၉ ဘီလီယံ ကောက်ခံရရှိခဲ့ပါတယ်"ဟု ၎င်းက ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၈ ရက်ကကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် လွှတ်တော်အတွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

"လျာထားချက်ထက်ပို၍ကောက်ခံနိုင်ခြင်းများမှာ တစ်နှစ်အတွင်းပေးရန်ရှိသည့် အခွန် ငွေကို ခြောက်လအတွင်းပေးဆောင်ကြခြင်း၊ အခွန်ပေးဆောင်ရန်ရှိသူတို့ ပေးဆောင်ကြခြင်း၊ အိမ်ခြံမြေအစရှိသည့် အခြေခံပစ္စည်းရောင်းဝယ်မှုမှ အခွန်ကောက်ခံရရှိခြင်း၊ နယ်စပ်ကုန် သွယ်ရေးစခန်းမှသွင်းကုန်များအပေါ် ကောက်ခံရရှိခြင်း၊ ကျပ် ၅၀ဝ တန် အောင်ဘာလေထီ ရောင်းချရာတွင် အက္ခရာများတိုးမြှင့်ရောင်းချနိုင်ခဲ့ခြင်း၊ သတ်မှတ်ကာလအတွင်း ဆုငွေလာ မထုတ်မှုများကို နိုင်ငံပိုင်အဖြစ်သိမ်းယူခဲ့ခြင်း၊ ဖုန်းဘေလ်အခွန် ယခင်ကထက် ပိုမိုရရှိခဲ့ခြင်း တို့ကြောင့်ဖြစ်ကြောင်း"ဟု ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ဆက်လက်ပြောဆိုသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လတာကာလအတွင်း အခွန်လျာထားချက်မှာ ၂၅၅၃ ဒသမ ၆၈၅ ဘီလီယံဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး