နေပြည်တော် ဟိုတယ်ဇုန်သင်္ကြန်မဏ္ဍပ် လျှောက်ထားမှု တစ်ခုသာရှိသေး

နေပြည်တော် ဟိုတယ်ဇုန်သင်္ကြန်မဏ္ဍပ် လျှောက်ထားမှု တစ်ခုသာရှိသေး

ယခုနှစ်သင်္ကြန်ကာလအတွက် နေပြည်တော် ဟိုတယ်ဇုန်အတွင်း ကုမဏီကြီးများမှ သင်္ကြန်ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်များ လျှောက်ထားမှုမှာ ယခုချိန်ထိ တစ်ခုသာရှိကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အစိုးရသစ်လက်ထက် ပြီးခဲ့သည့်သင်္ကြန်ကာလ၌ နေပြည်တော်ဟိုတယ်ဇုန်အတွင်း သင်္ကြန်ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခွင့်အတွက် လျှောက်ထားမှုများမရှိခဲ့ဘဲ နေပြည်တော်သင်္ကြန်ဖြစ်မြောက်မှုမရှိခဲ့ရာမှ ယခုနှစ်တွင်လည်း နေပြည်တော်ဟိုတယ်ဇုန် တွင် သင်္ကြန်ရေကစားမဏ္ဍပ်နှင့်ဖျော်ဖြေရေးကမဏ္ဍပ်လျှောက်ထားမှုမှာ ရွှေသံလွင်ကုမ္ပဏီလိမိတက်တစ်ခု သာ လာရောက်လျှောက်ထားပြီး လက်ရှိဆောက်လုပ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ယခင်အစိုးရလက်ထက်တွင် နေပြည်တော်ဟိုတယ်ဇုန်အတွင်း ကုမ္ပဏီကြီးများ၏ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ် စုစုပေါင်း ခုနှစ်ခုခန့်ထိ ရှိပြီးသင်္ကြန်တွင်းရေပက်ခံထွက်သူများ၊ ရေကစားကြသူများဖြင့် စည်ကားခဲ့သော်လည်း ယခုအစိုးရသစ်လက်ထက်တွင် နေပြည်တော်သင်္ကြန်ကာလတွင် အစည်ကားဆုံးနေရာတစ်ခုဖြစ်သည့် နေပြည်တော်ဟိုတယ်ဇုန်တွင် သင်္ကြန်ရေကစားမဏ္ဍပ်များ တည်ဆောက်မှုမရှိဖြစ်ခဲ့သည်။

" မနှစ်ကတော့ ဟိုတယ်ဇုန်မှာသင်္ကြန်မဏ္ဍပ်ဆောက်ခွင့်လာရောက်လျှောက်ထားမှု တစ်ခုမှမရှိခဲ့ပါဘူး။ ဒီနှစ်တော့ သင်္ကြန်မဏ္ဍပ်တည်ဆောက်ခွင့်ကတော့ လျှောက်သလောက်ခွင့်ပြုပေးသွားဖို့တော့ ရှိပါတယ်။ ဒါပေမဲ့ ခုချိန်ထိ တစ်ဦးတည်းပဲလျှောက်ထားမှုရှိပါသေးတယ်" ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူကပြောပြသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တစ်ခုလုံး မြို့နယ် ရှစ်ခုတွင် လက်ရှိချိန်ထိ ရေကစားမဏ္ဍပ်လျှောက်ထားမှု ၁၇ခု ထိရှိကြောင်း၊ ထို့ပြင် ပျဉ်းမနားမြို့တွင် ပထမဆုံးအနေဖြင့် ယခုနှစ်သင်္ကြန်တွင် ပထမဆုံးလမ်းလျှောက်သင်္ကြန်ကို ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

" ဒီနှစ် ကျွန်တော်တို့မြို့တော်ဝန်မဏ္ဍပ်မှ ထူးထူးခြားခြားအနေနဲ့ကတော့ ငြိမ်းချမ်းရေးဂီတပြိုင်ပွဲက အဆိုတော်တွေ ၁၀ ဦးလောက် လာရောက်ဖျော်ဖြေဖို့ရှိပါတယ်။ မြန်မာ့ရိုးရာသင်္ကြန်ပုံစံပြုလုပ်သွားမှာပါ။ မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့က တီးခတ်ပေးမှာပါ။ အခြားနာမည်ကြီးအဆိုတော်တွေလဲ ငှားထားပါတယ်။ ဘယ်သူတွေဆိုတာတော့ မသိရသေးပါဘူး" ဟု ဦးမင်းသူကပြောသည်။  



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး