ပြည်သူများ လိုလားတောင်းတနေကြသည့် အပြောင်းအလဲများကို မျက်ဝါးထင်ထင်တွေ့မြင်ရမည်ဟု သမ္မတသစ်ကတိပြု

ပြည်သူများ လိုလားတောင်းတနေကြသည့် အပြောင်းအလဲများကို မျက်ဝါးထင်ထင်တွေ့မြင်ရမည်ဟု သမ္မတသစ်ကတိပြု

ပြည်သူများမြင်တွေ့လိုသည့် အပြောင်းအလဲများကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ရန် ပြည်သူများနှင့်အတူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတသစ် ဦးဝင်းမြင့်က ကတိပြုပြောကြားလိုက်ပြီဖြစ်သည်။

မတ်လ ၃ဝရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ၄င်းက မိ်န့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူများ ယနေ့တွေ့ကြုံနေရသည့် အခက်အခဲများကို လွယ်လင့်တကူဖြေရှင်းနိုင်မည် မဟုတ်သော် လည်း အစွမ်းကုန်ကြိုးပမ်းအားထုတ်ပြီး ဦးစားပေးကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက်သွားမည်ဟု သမ္မတ သစ်က ဆိုသည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ဦးစားပေးရည်မှန်းချက်ပန်းတိုင်များဖြစ်သော တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်း ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် အခြေခံ ဥပဒေပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ၄င်းက ဆိုသည်။

ထို့အပြင် ယခုအချိန်ကာလသည် ဒီမိုကရေစီဖြစ်စဉ်ကြီး၏ ပြောင်းလဲမှုအစပင်ရှိနေသေးသည့်အတွက် နိုင်ငံသူနိုင်ငံသားများ၊ ပြည်သူ့ဝန်ထမ်းများအားလုံး၏ ပုံစံကျနေသောအတွေးအမြင်များ၊ ပုံသေကားချပ်အလေ့အထာများအားလုံးကို ပြုပြင်ပြောင်းလဲပေးကြရန် အထူးလိုအပ်သည်ဟု ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။

ပြုပြင်ပြောင်းလဲမှုနှောင့်နှေးနေသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများကို ကြပ်မတ်ရမည်၊ ယိမ်းယိုင်နေသည့် တရားစီရင်ရေးကို တည့်မတ်ရမည်၊ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရမည်၊ လူ့အခွင့်အရေးများကို မြှင့်တင်ကာကွယ်ရမည်၊ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရမည်၊ ပြည်သူ့ဘဏ္ဍာငွေများအလေအလွင့် ဆုံးရှုံမှုမရှိစေရန် စီမံခန့်ခွဲရမည်၊ ဥပဒေမဲ့သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများပြန်လည်ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးရရှိရေးတို့ကို ဥပဒေနှင့်အညီဆောင်ရွက်ရမည်၊ တောင်သူလယ်သမားများ၏ လူနေမှုဘဝမြင့်မားတိုးတက်ရေး၊ အလုပ်သမားများ၏ ဘဝသာယာစိုပြေရေးနှင့် ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များဆည်းပူးခွင့်ရရှိရေးစသည်တို့ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

“ ကျွန်တော်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားတဲ့ အခွင့်အာဏာကို တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံးနေကြတဲ့ မဏ္ဍိုင်ကြီး သုံးရပ်အကြားမှာ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုတွေနဲ့ ပြည်သူတွေအကျိုးအတွက် ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြော ကြားလိုပါတယ် ” ဟု သမ္မတက ပြောသည်။

ပြည်သူများ၏ နား၊ မျက်စိများဖြစ်သည့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍကိုလည်း အလေးအနက်ထား ကြရန် နိုင်ငံသူနိုင်ငံသားများ၏ ပြည်သူ့မဏ္ဍိုင်ကို အလေးအမြတ်ပြုကြရန်တိုက်တွန်းခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ အလယ်တွင် နိုင်ငံ၏ ပုံရိပ်ပြန်လည်တောက်ပမြင့်မားလာရန်၊ နိုင်ငံ သူနိုင်ငံသားများ၏ ဂုဏ်သိက္ခာ ပိုမိုမြင့်တက်လာရန် ဆက်လက်ကြိုးစားရဦးမည်ဟု ၄င်းက ဆိုသည်။
“ ကျွန်တော်တို့ ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ ကျွန်တော်တို့တွေ့ကြုံခဲ့ရတဲ့ အတိတ်ကအဖြစ်အပျက်တွေ၊ ကျော်လွှားဖြတ်သန်းခဲ့ရတဲ့ အကြပ်အတည်းတွေ၊ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် မိဘပြည်သူများ လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မျက်ခြေပြတ်မခံဘဲ အဂတိတရား ကင်းရှင်းစွာနဲ့ ကိုယ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ် ” ဟု ဦးဝင်းမြင့်က ပြောသည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ ရွေးချယ်ခြင်းခံထားရသည့် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်သည် မတ်လ ၃ဝရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ တာဝန်များအပေါ် ကတိသစ္စာပြုခဲ့သည်။

ကတိသစ္စာပြုရာတွင် ပြည်ထောင်စုလွှတ်တော်နာယကမန်းဝင်ခိုင်သန်းက အရှေ့မှ တိုင်တည်ရွတ်ဆိုပြီး ဦး ဝင်းမြင့်အပါအဝင် ဒုတိယသမ္မတများအဖြစ် ရွေးချယ်ခံထားကြရသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ တို့ကလည်း တစ်ပြိုင်နက်တည်း လိုက်ပါ ရွတ်ဆိုခဲ့ကြသည်။
သမ္မတနှင့် ဒုတိယသမ္မတများ၏ ကတိသစ္စာပြုခြင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့အပါအဝင် ပြည်ထောင်စု အဆင့် ဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသကြီးဝန်ကြီးချုပ်များက လေ့လာသူအဖြစ် တက်ရောက်ခဲ့ ကြသည်။

ဦးဝင်းမြင့်သည် တာမွေမဲဆန္ဒနယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ပြီး မတ်လ ၂၁ရက်နေ့က သမ္မတရာထူးမှ နှုတ်ထွက်သွားသည့် ဦးထင်ကျော်နှင့် အတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်မှ တစ်ပြိုင်နက်တည်း နှုတ်ထွက်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့အတူ ယခုနှစ် မတ်လသည် အစိုးရ သစ်သက်တမ်း နှစ်နှစ် တင်းတင်း ပြည့်မြောက်မည့် ကာလနှင့်လည်း တိုက်ဆိုင်နေသည်။

မတ်လ ၂၈ရက်နေ့က ပြည်ထောင်စုလွှတ်တော်၌ သမ္မတရွေးူချယ်ရာတွင် ဒုတိယသမ္မတများဖြစ်ကြသည့် ဦးမြင့်ဆွေက ထောက်ခံဆန္ဒမဲ ၂၁၁မဲနှင့် ဦးဟင်နရီဗန်ထီးယူက ၁၈မဲစသည့် ဆန္ဒမဲအသီးသီးရရှိကြပြီး ဦးဝင်းမြင့်ကမူ ထောက်ခံဆန္ဒမဲ ၄၀၃မဲ ရရှိခြင်းကြောင့် အနိုင်မဲအပြတ်အသတ်ဖြင့် သမ္မတအဖြစ် ရွေးချယ် တင် မြှောက်ခြင်းခံခဲ့ရသည်။
လစ်လပ်သွားသည့် သမ္မတနေရာအတွက် အစားထိုးခန့်အပ်ရန် ပထမအဆင့်အနေဖြင့် ဒုတိယသမ္မတ ရွေးချယ်ခြင်းကို မတ်လ ၂၃ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစည်းအဝေးခေါ်ယူပြီး ပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဆိုပြုသည့် တာမွေမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်က ထောက်ခံဆန္ဒမဲ ၂၇၃မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အဆိုပြုသည့် ပျော်ဘွယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးသောင်းအေးက ၂ရမဲ အသီးသီးရရှိခဲ့ကြသည့်အတွက် ဦးဝင်းမြင့်က ထောက်ခံဆန္ဒမဲ အပြတ်သတ်ဖြင့် ဒုတိယသမ္မတအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

ထို့နောက် သမ္မတအဖြစ်ဆက်လက်ရွေးချယ်ရန် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၂၆အရ နိုင်ငံတော်သမ္မတအရည်အချင်းနှင့် ပြည့်စုံမှုရှိမရှိ စိစစ်ရေးအဖွဲ့ကို မတ်လ ၂၃ရက်နေ့ကပင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဘက်က ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ အမျိုးသားလွှတ်တော်ဘက်က ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး စသည့် ခုနစ်ဦး အဖွဲ့ကို ဖွဲ့စည်းပြီး စိစစ်မှုများ ပြုလုပ်ခဲ့သည်။

စိစစ်မှုများအရ ဒုတိယသမ္မတအဖြစ်ရွေးချယ်ခြင်းခံထားရသူ ဦးဝင်းမြင့်သည် သမ္မတအရည်အချင်းနှင့် ပြည့်စုံသူဖြစ်ကြောင်း စိစစ်ရေးအဖွဲ့၏ သတ်မှတ်ချက်ကို မတ်လ ၂၆ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့ပြီး မတ်လ၂၈ရက်နေ့၌ ၄င်းအပါအဝင် ဒုတိယသမ္မတ သုံးဦးအနက် ဆန္ဒမဲစာရွက်ပေါ် ရေးသားရွေးချယ်ရသော လျှို့ဝှက်ဆန္ဒမဲပေးသည့် စနစ်ဖြင့် သမ္မတအဖြစ် တင်မြှောက်လိုသူကို လွှတ်တော် ကိုယ်စားလှယ်များက ရွေးချယ်ခဲ့သည်။
ဆန္ဒမဲများပေးပြီးနောက် ဆန္ဒမဲပေးခံထားသူ ဒုတိယသမ္မတ သုံးဦးအား တစ်ဦးချင်းစီ မဲရေတွက်ရာတွင် ပယ်မဲ လေးမဲ၊ ဦးမြင့်ဆွေက ၂၁၁မဲ၊ ဦးဟင်နရီဗန်ထီးယူက ၁၈မဲနှင့် ဦးဝင်းမြင့်ကမူ ၄၀၃မဲအထိရရှိခဲ့သည့် အတွက် နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။

နိုင်ငံတော်သမ္မတသစ်ဦးဝင်းမြင့်သည် မြန်မာနိုင်ငံ၏ ဒသမမြောက်သမ္မတတစ်ဦးဖြစ်ပြီး လက်ရှိ အရပ်သား အစိုးရသစ်လက်ထက် ငါးနှစ်တာကာလအတွင်း ဒုတိယမြောက်သမ္မတလည်းဖြစ်သည်။ ၄င်းကို ၁၉၅၁ခုနှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် မွေးဖွားခဲ့ ပြီး ၁၉၇၄ခုနှစ်တွင် ရန်ကုန်မြို့ရှိ ၀ိဇ္ဇာ/ သိပ္ပံတက္ကသိုလ်တွင် ဘူမိဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်သည်။

ဘွဲ့ရရှိပြီးနောက် အထက်တန်းတရားလွှတ်တော်ရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီစတင်ဖွဲ့စည်းသည့် ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ဇာတိမြို့ဖြစ်သော ဓနုဖြူမြို့နယ်၏ စည်းရုံး ရေးအဖွဲ့၊ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည့်အပြင် ဧရာဝတီတိုင်းဒေသကြီး၏ စည်းရုံးရေး ကော်မတီအတွင်းရေးမှူးနှင့် ပါတီဗဟိုကော်မတီအတွင်းရေးမှူးစသည့် တာဝန်များရယူခဲ့ရာမှ ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင်အဆင့်ထိ ဦးဝင်းမြင့်က တာဝန်ထမ်းဆောင်ခဲ့သည်။

၄င်းသည် ထိုစဉ်ကစတင်ကာ ပါတီ၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်မှု အပြည့်အဝရရှိသူ တစ်ဦးအဖြစ်ရပ်တည်ခဲ့ရာမှ ၁၉၉ဝခုနှစ်က ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင်လည်း ဓနုဖြူမြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားအဖြစ်လည်းကောင်း၊ ၂၀၁၂ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ပုသိမ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ၂၀၁၅ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကြီးတွင်လည်း တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း သက်ဆိုင်ရာမဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်များ၏ ရွေးကောက်တင် မြှောက်ခြင်းကို ခံခဲ့ရသူဖြစ်သည်။

၂၀၁၅ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယှဉ်ပြိုင်အနိုင်ရရှိပြီး အစိုးရသစ်တစ်ရပ် စတင်ဖြစ်ပေါ်လာသည့် အချိန်ကာလက စတင်ကာ ပါတီ၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်၏ ယုံကြည်စွာတာဝန်ပေးအပ်မှုကြောင့်ပင် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ၂၀၁၈ခုနှစ်၊ မတ်လ ၂၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး