ရခိုင်ပြည်နယ်  ကမ်းရိုးတန်းဒေသများမှရရှိသော  လိပ်ဥများ ၂ဝ၁၇  ခုနှစ်ကထက်  ရှားပါးလာပြီး  စျေးနှုန်းလည်းမြင့်တက်

ရခိုင်ပြည်နယ်  ကမ်းရိုးတန်းဒေသများမှရရှိသော  လိပ်ဥများ ၂ဝ၁၇  ခုနှစ်ကထက်  ရှားပါးလာပြီး  စျေးနှုန်းလည်းမြင့်တက်

ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသများရှိ ပင်လယ်နေသတ္တဝါလိပ်များမှ ရရှိသော လိပ်ဥ များသည် ၂ဝ၁၇ ခုနှစ်ကထက် ရှားပါးလာပြီး စျေးကွက်အတွင်း စျေးနှုန်းများမြင့်တက်လာ နေကြောင်း ဒေသခံများထံမှ သိရသည်။ ရခိုင် ပြည်နယ်အတွင်း လိပ်ဥရှားပါးလာရခြင်းမှာ ပင်လယ်နေလိပ်သတ္တဝါများကို စည်းကမ်းမဲ့ ဖမ်းဆီးခြင်း၊ သတ်ဖြတ်စားသောက်ခြင်းတို့ ကြောင့်ဖြစ်ပြီး စားသုံးရန်မသင့်ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

''လိပ်ဥစားတာမျိုးမလုပ်သင့်ဘူး။ ပင်လယ် လိပ်တွေက ကမ္ဘာပေါ်မှာ မျိုးသုဉ်းခါနီးသတ္တဝါ တွေ ဖြစ်နေကြပါပြီ။ ဒါကြောင့် လိပ်ကိုဖမ်းမိရင် ပင်လယ်ထဲပြန်လွှတ်ပေးပါ။ ဥချထားတဲ့ လိပ်ဥ တွေကို မစားကြပါနဲ့ဆိုတာ ညွှန်ကြားချက်တွေ ထုတ်တယ်။ လူတွေက နားမလည်ကြဘူး။ ပညာပေးနေပေမယ့် သူတို့က လိပ်ကိုတွေ့ရင် ဖမ်းတယ်။ သဲသောင်ပေါ် တက်ဥချကြတဲ့ လိပ်မကိုဖမ်းပြီး လိပ်ဥကိုတူးယူကြတယ်'' ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။

စျေးပေါက်

ရခိုင်ပြည်နယ်တွင် ၂ဝ၁၇ ခုနှစ်က လိပ်ဥ တစ်လုံးလျှင်ကျပ် ၆ဝဝ မှ ၇ဝဝ ခန့် စျေးပေါက် ခဲ့သော်လည်း ၂ဝ၁၈ ခုနှစ် ဧပြီတွင် လိပ်ဥ တစ်လုံး ကျပ် ၁,ဝဝဝ မှ ၁,၅ဝဝ ထိ စျေးပေါက် နေကြောင်း သိရသည်။''လိပ်ဥ ၂ဝဝ လောက်က နေ့တိုင်းရောင်း ရတယ်။ ပြီးခဲ့တဲ့လအထိ တစ်လုံးကို ကျပ် ၁ဝဝဝ နဲ့ ရောင်းခဲ့တယ်။ အခုတော့ ကျပ် ၁၅ဝဝ အထိ စျေးတက်သွားတယ်။ ကျွန်မတို့က လိပ်ဥရှာတဲ့ သူတွေဆီကတစ်ဆင့် ဝယ်တာပါ။ သူတို့က စျေးမြှင့်လိုက်တာပါ။ တခြားမြို့နယ် တွေကလာတဲ့ ဧည့်သည်တွေလည်း သီးသန့် လိပ်ဥ လာဝယ်ကြတယ်။ မိသားစုတွေအတွက် ဝယ်သွားလေ့ရှိကြတယ်'' ဟု စစ်တွေမြို့မှ လိပ်ဥရောင်းချသူ အမျိုးသမီးတစ်ဦးက ပြော ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လိပ်ဥများကို ပေါက်တောမြို့နယ်ရှိ ဖဒူကျွန်း၏ တောင်စူးစူး အရပ်တွင်ရှိသော ပန်းနီသာကျွန်း၌ ရှာဖွေ ရရှိနိုင်ပြီး ပင်လယ်ကမ်းခြေကမ်းစပ်၊ ရေစပ်နှင့် လူနှင့်ဝေးကွာသော ကျွန်းစုနေရာများတွင် ရှာဖွေတွေ့ရှိကြောင်း၊ လိပ်မများသည် တစ်ကျင်း လျှင် အနည်းဆုံး ၃ဝဝ၊ ၅ဝဝ မှ ၁,ဝဝဝ ကျော်အထိ ဥတတ်ကြပြီး ယခင်က ရခိုင်ပြည် နယ်အတွင်း လိပ်ဥများကို အလွယ်တကူရှာဖွေ ရရှိခဲ့သော်လည်း လက်ရှိတွင် လိပ်ဥတစ်ကျင်း ရရှိရန်ခက်ခဲလာသည်။

ရခိုင်အမျိုးသားများကြားတွင် လိပ်ဥစား သောက်ခြင်းသည် ကာမအားတိုးစေသည်ဟု အများအားဖြင့် ယူဆလက်ခံကြကာ စျေးကြီး ပေး၍ လိပ်ဥများအား စားသုံးကြလေ့ရှိကြ သည်။ လိပ်ဥများကို စစ်တွေမြို့ကမ်းနားလမ်းရှိ ကပါးကြော်ဆိုင် (ထမင်း၊ ခေါက်ဆွဲကြော်)များနှင့် စားသောက်ဆိုင်များတွင် အလွယ် တကူဝယ်ယူရရှိနိုင်ပြီး တခြားမြို့များတွင်လည်း ရောင်းချမှုများရှိနေကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး