အိမ်အကူ ...

အိမ်အကူ ...

လင်မယားစုံတွဲတစ်တွဲဟာ သူတို့အိမ်မှာ အိမ်အလုပ်တွေ လုပ်ပေးဖို့ အိမ်အကူအနေနဲ့ မိန်းမပျိုတစ်ဦးကို အလုပ်ခန့်လိုက်ပါတယ်။

အမျိုးသမီးငယ်ဟာ ယဉ်ကျေး၊ အချက်အပြုတ်ကောင်းပြီး သူ့အလုပ်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါတယ်။ အလုပ်ဝင်ပြီး ခြောက်လလောက်အကြာ တစ်နေ့မှာတော့ အမျိုးသမီးငယ်ဟာ အလုပ်ကနေထွက်မယ်ဆိုတဲ့အကြောင်း ပြောလာပါတော့တယ်။

"ဘာကြောင့်လဲ"လို့ အလုပ်မထွက်စေချင်တဲ့ အိမ်ရှင်မက မေးလိုက်ပါတယ်။

"လွန်ခဲ့တဲ့ လအနည်းငယ်လောက်က အလုပ်နားရက်တစ်ရက်မှာ တခြားနိုင်ငံကနေလာတဲ့ ကိုလူချောတစ်ယောက်နဲ့ ဆုံခဲ့တယ်။ ဒီလိုနဲ့ အခုတော့ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ"လို့ မိန်းမပျိုက ပြောလိုက်ပါတယ်။

အဲဒီအခါ အိမ်ရှင်မက "အိုကေ.. ကောင်းပြီ။ အစ်မကတော့ မင်းကို လက်မလွှတ်ချင်ဘူး။ ပြီးတော့ အစ်မတို့မှာလည်း ကလေးမရှိကြဘူး။ ဒီတော့ ကလေးမွေးလာတဲ့အခါ အစ်မတို့က မွေးစားပေးမယ်။ အဲဒီအကြံဘယ်လိုလဲ"လို့ မေးလိုက်တဲ့အခါ သဘောတူညီမှုရသွားပြီး အမျိုးသမီးငယ်လည်း ပုံမှန်အတိုင်း အလုပ်ဆက်ဝင်ပါတော့တယ်။

နောက်လအနည်းငယ်ကြာတဲ့အခါ အမျိုးသမီးငယ်ဟာ သူ့မှာ ကိုယ်ဝန်ရှိနေပြီမို့ အလုပ်ထွက်ဖို့ ပြောလာပြန်ပါတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မဟာ သူ့အမျိုးသားနဲ့တိုင်ပင်တဲ့အခါ အမျိုးသားကလည်း ကျေနပ်တာကြောင့် ကလေးထပ်မွေးစားဖို့ သဘောတူလိုက်ပြန်ပါတယ်။ အိမ်အကူအမျိုးသမီးငယ်လည်း ပုံမှန်အတိုင်း အလုပ်ဆက်လုပ်ပါတယ်။

နောက်ထပ်လအနည်းငယ်အကြာမှာတော့ အလားတူအဖြစ်အပျက်ပဲ ထပ်ကြုံရပြန်တာကြောင့် အိမ်ရှင်လင်မယားဟာ သုံးယောက်မြောက်ကလေးကို မွေးစားလိုက်ရပြန်ပါတယ်။

အိမ်အကူဟာ ကလေးသုံးယောက်နဲ့ အလုပ်ဆက်လုပ်ပြီး နှစ်ပတ်လောက်အကြာမှာတော့ "ဒီတစ်ကြိမ်မှာတော့ မဖြစ်မနေကို အလုပ်ထွက်မှဖြစ်တော့မယ်"လို့ အိမ်ရှင်မကိုပြောပါတယ်။

"ထပ်ပြီး ကိုယ်ဝန်ရှိပြန်ပြီလို့တော့ ငါ့ကို မပြောနဲ့တော့"လို့ အိမ်ရှင်မက ပြောလိုက်တဲ့အခါ "ကိုယ်ဝန်ကြောင့်မဟုတ်ဘူး။ ဒီကလေး သုံးယောက်ဒဏ်ကို မခံနိုင်တော့ဘူး"လို့ အမျိုးသမီးငယ် တုံံ့ပြန်လိုက်ပါတယ်။

မြန်မာတိုင်းမ် ဘာသာပြန်သည်။