အဘိုးရဲ့ လျှို့ဝှက်ချက်

အဘိုးရဲ့ လျှို့ဝှက်ချက်

အဘိုးဟာ သူ့ရဲ့အသက် နှစ် ၁၀ဝ ပြည့်မွေးနေ့ကို ကျင်းပခဲ့ရာ ပွဲတက်ရောက်သူတိုင်းဟာ အဘိုးကျန်းမာရေးကောင်းပုံ၊ ကြံ့ခိုင်ဖျတ်လတ်ပုံနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်ပုံတို့ကို ချီးကျူးထောမနာပြုကြပါတယ်။

အဲဒီအခါ "ဒီလိုနေနိုင်တဲ့ လျှို့ဝှက်ချက်က ဘာလဲဆိုတာကို ငါပြောပြမယ်"လို့ အဘိုးက ပရိသတ်တွေကို ပြောလိုက် ပါတယ်။

"ငါ့မိန်းမနဲ့ ငါဟာ လွန်ခဲ့တဲ့ ၇၅ နှစ်က လက်ထပ်ခဲ့ကြတယ်။ အဲဒီနေ့မှာပဲ ကတိသစ္စာတစ်ခု ပြုခဲ့ကြတယ်။

အဲဒါကတော့ ငါတို့ကြားမှာ ဘယ်လိုအငြင်းပွားရတာမျိုးပဲဖြစ်ဖြစ်၊ စကားများရန်ဖြစ်ကြတာပဲဖြစ်ဖြစ် မှားတယ်လို့ သက်သေပြခံရတဲ့သူက အိမ်ပြင်ထွက်ပြီး ငါးကီလိုမီတာ လမ်းလျှောက်ရတယ်။

ကဲ.. ဒီတော့ ကိုယ့်လူတို့ရေ ကိုယ်ဟာ ၇၅ နှစ်လောက် တစ်ရက်ပြီးတစ်ရက် လမ်းတွေလျှောက်ခဲ့ရတယ်လေဗျာ" လို့လည်း အဘိုးက ထပ်ပြောလိုက်ပြန်ပါတယ်။

အဲဒီအချိန်မှာပဲ လူအုပ်ထဲက တစ်ယောက်က "ဒါပေမဲ့ အဘိုးရဲ့ဇနီး အဘွားကလည်း ပိန်ပိန်ပါးပါးရှိပြီး ကျန်းမာ သန်စွမ်းနေတာပဲ မဟုတ်လား"လို့ဆိုပြီး မေးခွန်းထုတ်လိုက်ပါတယ်။

အဘိုးက "အဲဒါက နောက်ထပ် လျှို့ဝှက်ချက်တစ်ခု ရှိတယ်ကွ။ ငါ့မိန်းမဟာ ငါတကယ်ပဲ ငါးကီလိုမီတာပြည့်အောင် လမ်းလျှောက်သလား၊ ပန်းခြံထဲမှာ ထိုင်နေသလားဆိုတာကို နောက်ကနေ လိုက်ချောင်းတာကွ"လို့ ပြောလိုက်ပါတယ်။

မို့မို့သော် ဘာသာပြန်သည်။