ကျိုင်းတုံ တာချီလိတ်ကားလမ်းပေါ်တွင် ထော်လာဂျီယာဉ်တိမ်းမှောက် ၂ ဦးသေ ၆ ဦးဒဏ်ရာရ

ကျိုင်းတုံ တာချီလိတ်ကားလမ်းပေါ်တွင် ထော်လာဂျီယာဉ်တိမ်းမှောက် ၂ ဦးသေ ၆ ဦးဒဏ်ရာရ

ကျိုင်းတုံ တာချီလိတ်ကားလမ်းပေါ်တွင် ထော်လာဂျီယာဉ်တိမ်းမှောက်ကာ လူ ၂ ဦးသေဆုံးခဲ့ပြီး  ၆ ဦးဒဏ်ရာရခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ မေ ၁၁ ရက်က သိရသည်။

မေ ၁၀ ရက်နေ့  နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ တာချီလိတ်ကားလမ်း မိုင်းဇင်း(အထက်)ကျေးရွာအနီး ထော်လာဂျီယာဉ်တိမ်းမှောက်မှု  ဖြစ်ပွား ကြောင်းသတင်းအရ ကျိုင်းတုံမြို့မရဲစခန်းမှ သွားရောက်စစ်ဆေးခဲ့သည်။

စုံစမ်းချက်အရ ကျိုင်းတုံမြို့မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာ သည့် ထော်လာဂျီယာဉ်ဖြင့်  ခရီးသည် ၈ ဦးလိုက်ပါလာစဉ် မိုင်းဇင်း(အထက်) မိုင်တိုင် ၆၄၄/၆၄၅ အကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ဘေးသို့ ထိုးကျ တိမ်းမှောက်သွားခဲ့သည်။

ထိုသို့ယာဉ်တိမ်းမှောက်စဉ်  ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်သွား ခဲ့ပြီး ယာဉ်ပေါ်ပါ လိုက်ပါလာသူ  ကျော်လင်းအောင်(စီစစ်ဆဲ)နှင့် မောင်ကျော်ထူး(၄ နှစ်)တို့မှာ မျက်နှာ တွင် ရွှံ့များပိတ်ဆို့လျက် နေရာတွင် သေဆုံးခဲ့ကာ ကျန် ၆ ဦးမှာလည်းထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

ဒဏ်ရာရရှိသူများကို နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းမှ ကျိုင်းတုံဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ပြီး တိမ်းရှောင်သွားသူ ယာဉ်မောင်း အရေးယူပေးရန်တိုင်ကြားခဲ့သည်။ ကျိုင်းတုံမြို့မရဲစခန်းတွင် ယာဉ်(ပ)၂၄/၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၃၇/၃၃၈/၃၀၄ - က အရ အမှုဖွင့်အရေးယူထားသည်။