ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာကြားရှိ ရထားသံလမ်းတွင် ကလေးငယ်ကို သားမယားပြုကျင့်ခဲ့ပြီးနောက် လူသတ်မှုကျူးလွန်သူကို သေဒဏ်ချမှတ်

ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာကြားရှိ ရထားသံလမ်းတွင် ကလေးငယ်ကို သားမယားပြုကျင့်ခဲ့ပြီးနောက် လူသတ်မှုကျူးလွန်သူကို သေဒဏ်ချမှတ်

ကမာရွတ်မြို့နယ် ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာကြားရှိ ရထားသံလမ်းတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်ကို သားမယားပြုကျင့်ခဲ့ပြီးနောက် လူသတ်မှုကို ကျူးလွန်ခဲ့သည်ဆိုသူ ကျော်အောင် (ခ) ကျော်ကြီး (ခ) ပြာကလောင် အနောက်ပိုင်းခရိုင်တရားရုံးက မေ ၁၁ ရက်တွင်  သေဒဏ် ချ မှတ်ခဲ့သည်။

ကျော်အောင် (ခ) ကျော်ကြီး(ခ)ပြာကလောင်မှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် လှည်းတန်းဂုံးကျော်တံတားအောက်တွင်ပန်းရောင်းနေသည့် ဇနီးဖြစ်သူ၏ အစ်မထံသွားရောက်ခဲ့ပြီး ၄င်းတစ်ဦးတည်းပိုက်ဆံတောင်းရမ်းရသည်မှာ အဆင်မပြေသဖြင့် သမီးဖြစ်သူကို ထည့်ပေးလိုက်ရန် ပြောဆိုသဖြင့် တိုင်ကြားသူ အမျိုးသမီးက အသက် ၁၀ နှစ်အရွယ် သမီးငယ်ကို ထည့်ပေးလိုက်သည်။

ည ၇ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ကျော်အောင်(ခ)ကျော်ကြီး (ခ) ပြာကလောင်မှာ ပြန်လည် ရောက်ရှိလာသော်လည်း သမီးဖြစ်သူမှာ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် လိုက်လံရှာဖွေခဲ့ရာ ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာကြားရှိ ရထားသံလမ်းပေါ်တွင် လည်ပင်းပြတ် ရှ ဒဏ်ရာ ဖြင့် သေဆုံး နေသည်ကို တွေ့ရှိရသည်။

 ကမာရွတ်မြို့မရဲစခန်း (ပ) ၆၄၁/ ၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးခဲ့ရာက လူသတ်မှုမကျူးလွန်ခင် မုဒိမ်းမှုကို ကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့် အနောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့စစ်ဆေးခဲ့ပြီး တရားရုံးက သေဒဏ် အမိန့် ချမှတ်ခဲ့ ခြင်းဖြစ်သည်။