အရက်အတူသောက်စဉ် စကားများရန်ဖြစ်ရာက လူသတ်အလောင်းရေမြောင်းအတွင်းစွန့်ပစ်ခဲ့သည်ဆိုသူ ၂ဦးကိုသက်ဆိုင်ရာက ဖမ်းဆီးဖော်ထုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က မေ ၁၂ ရက်နေ့က သတင်းထုတ်ပြန်သည်။
မေ ၁၀ ရက်နေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၈၂/၇) နှင့် (၈၃/ဝ)ကြား အမြန်လမ်းမကြီး အနောက်ဘက် (၉၀) ပေခန့်အကွာ ရေထုတ်မြောင်းအတွင်းဒဏ်ရာများဖြင့် လူသေအလောင်းတွေ့ရှိကြောင်းသတင်းအရ မြို့ချောင်းအမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ သက်(၃၀)နစ်ခန့် အမျိုးသား ၁ ဦးဖြစ်ပြီး ဝဲပါးထိုးသွင်း၊ ဦးခေါင်း၊ နဖူးပေါက်ပြဲ၊ နောက်စေ့၊ လည်ပင်း၊ နှုတ်ခမ်းပြတ်ရှ၊ ယာပါးဖူးရောင်၊ သွား ၇ ချောင်းကျိုး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။ အလောင်းကို မြို့ချောင်းတိုက်နယ် ဆေးရုံသို့ ပို့အပ်ကာ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်း (ပ)၈၅/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။
စုံစမ်းချက်အရ သေဆုံးသူမှာ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၊ ဘုံးမဲဇာကျေးရွာနေ ဇော်ဝင်းထွဋ်(၂၈)နှစ် ဖြစ်ကြောင်းသိရှိရပြီး အခင်းဖြစ်နေ့က ကျောက်တံခါးမြို့နယ်နေ ကိုထိုက်(၂၈) နှစ်၊ ကုလားကုန်းကျေးရွာနေ နေမျိုးထွန်း(၂၀) နှစ်တို့ လမ်းဘေးသစ်ပင်အောက်၌ အရက်အတူသောက်ကြကြောင်းသိရသဖြင့် အမှုဖြင့် မသင်္ကာသူ ၄င်းတို့ ၂ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာ အရက်အတူသောက်စဉ် စကားများရန်ဖြစ်ရာက ပုလင်း၊ တုတ်၊ သစ်ကိုင်း တို့ဖြင့် ရိုက်နှက်ရာမှသတိလစ်သွား၍ ရေမြောင်းအတွင်းသို့ ဆွဲချခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ သက်ဆိုင်ရာက ၄င်းတို့ ၂ ဦးကို အမှုဖြင့်ဆက်လက်အရေးယူထားသည်။

















