တာချီလိတ်မြို့နယ် ဝှေလေလန်ပူးပေါင်း စစ်ဆေးရေး စခန်းတွင်မက်သာအဖက်တမင် ဟိုက်ဒြိုက လိုရိုက် (Ice) (၄၈)ကီလို ဝန်းကျင်ကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့က မေ ၁၄ ရက်နေ့ က သိမ်းဆည်း ရမိခဲ့ပြီး တစ်ဦး ထွက်ပြေးသွားခဲ့ကြောင်း ဝမ်ပုံနယ်မြေရဲစခန်းမှ သိရသည်။
အဆိုပါနေ့ နံနက် ၃ နာရီ အချိန်ခန့်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် တာဝန် ထမ်းဆောင်စဉ် တာချီလိတ်ဘက်မှ ဝမ်ပုံဘက်သို့ ယာဉ်မောင်း အိုက်နွန် (စစ်ဆေးဆဲ) မောင်းနှင် လာပြီး စိုင်းကျောက် လိုက်ပါလာသည့် Mark-ll အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးခဲ့သည်။
ထိုသို့ ယာဉ်ကို ရပ်တန့် ရှာဖွေစဉ် ယာဉ်မောင်း အိုက်နွန်ဆိုသူမှာ ယာဉ်ပေါ်မှ ခုန်ချ ထွက်ပြေးသွား ခဲ့ပြီးနောက် ယာဉ်ပေါ်တွင် လိုက်ပါလာသူ စိုင်းကျောက်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
ယာဉ်နောက်ဖုံးအတွင်း၌ ဆာလာအိတ်(၃)လုံးဖြင့် ထည့်ထားသည့် မက်သာအဖက်တမင် ဟိုက်ဒြိုက လိုရိုက် (Ice) စုစုပေါင်း (၄၈)ကီလိုဝန်းကျင် နှင့် လက်ကိုင်ဖုန်း (၃)လုံးတို့ကို သိမ်းဆည်း ရမိသောကြောင့် ဝမ်ပုံနယ်မြေရဲစခန်းက မယ(ပ)၃/၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁အရ အမှုဖွင့် အရေးယူ ထားကြောင်းသိရသည်။

















