ပေ ၃၀ဝ ချောက်အတွင်း ယာဉ်နှင့်အတူ ကျောင်းထိုင်ဆရာ တော်တစ်ပါး တိမ်းမှောက်သေဆုံးမှု

ပေ ၃၀ဝ ချောက်အတွင်း ယာဉ်နှင့်အတူ ကျောင်းထိုင်ဆရာ တော်တစ်ပါး တိမ်းမှောက်သေဆုံးမှု

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ပေ ၃၀ဝ ချောက်အတွင်း ယာဉ်နှင့်အတူ ကျောင်းထိုင်ဆရာ တော်တစ်ပါး တိမ်းမှောက်သေဆုံးမှုကို သက်ဆိုင်ရာတွေ့ရှိခဲ့ကြောင်း မေ ၁၅ ရက်နေ့ က မိုင်းယောင်းမြို့မ ရဲစခန်းမှသိရသည်။

'' မိုင်းဖြတ် မိုင်းယောင်းသွားတဲ့ ကားလမ်းပေါ်က အနက်ပေ ၃၀ဝ ချောက်ထဲမှာ ကားနဲ့ အတူပြုတ် ကျသေဆုံး နေတာကို မေ ၁၂ ရက်နေ့က နံနက်ပိုင်းက တွေ့တယ်။ မိုင်းဟော့ကျေးရွာဘုန်းကြီး ကျောင်းက ကျောင်းထိုင်ဆရာတော်ပါ။ တာချီလိတ်ကနေ ပြန်လာတယ်ပြောပြီး ကျောင်းနဲ့ အဆက်အသွယ်ပျက်နေတာ ရက် ၂၀ နီးပါးလောက်ရှိပြီ" ဟု မိုင်းယောင်းမြို့ခံ ကိုစိုင်းဇေယျအောင် ကပြောသည်။

သက်ဆိုင်ရာက မိုင်းဖြတ် - မိုင်းယောင်းသွားလမ်း မိုင်တိုင်(၃၉)နှင့်(၄၀)အကြား၊ မိုင်းယောင်းမြို့နယ် မုန်းလိုက် ကျေးရွာအုပ်စု၊ ဝမ်ဖရွာအနီး အနက်ပေ(၃၀ဝ)ကျော်ရှိ ချောက်အတွင်း၌ ကားတစ်စီး တွေ့ရှိကြောင်းသတင်းအရ သွားရောက်စစ်ဆေးစဉ် ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ချောက်အတွင်းပြုတ်ကျသည့် ယာဉ်မှာ မတ်တူးအမျိုးအစားဖြစ်ပြီး ဘေးတစ်ခြမ်း တိမ်းမှောက်ကာ ကြေမွေပျက်စီးနေသည်ကိုတွေ့ရကာ ယာဉ်၏ ရှေ့တည့်တည့်၌ ဦးခေါင်းနှင့်ခန္ဓာကိုယ် နစ်မြှပ်နေပြီး ဘယ်ဘက်ပေါင်တစ်ခြမ်းပေါ်လျက် အနေအထားဖြင့် ပုပ်ပွသေဆုံးနေသည့် သံဃာတော် တစ်ပါးကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အနီးတွင် ပြုတ်ကျနေသော သာသနာဝင်စိစစ်ရေးကတ်ပြားမှတ် တမ်းအရ ပုပ်ပွသေဆုံးနေသူမှာ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက် ကျေးရွာအုပ်စုရှိ မိုင်းဟော့ကျေး ရွာဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်သီတင်းသုံးနေသည့် ဆရာတော် ဦးပညိန္ဒသက်တော်(၄၈)နှစ်ရှိ ဖြစ်ကြောင်း သိရသည်။

ဆရာတော်သည် ယာဉ်ကို ကိုယ်တိုင်မောင်း၍ တာချီလိတ်သို့ တစ်ပါးတည်း ထွက်ခွာသွားပြီး နောက်တာ ချီလိတ်တွင် (၂)လကျော် သီတင်းသုံးပြီး မိုင်းယောင်းသို့ ပြန်လာစဉ် အဆက်အသွယ် ပြတ်ပြီး ကျောင်းသို့ ပြန်မရောက်သည်မှာ ရက်(၂၀)ဝန်းကျင်ရှိပြီးဖြစ်ကြောင်း ရဲမှတ်တမ်းများ အရသိရသည်။

မိုင်းယောင်းမြို့မရဲစခန်းတွင် ယာဉ်(ပ)၁/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) အရ အမှုဖွင့်စစ် ဆေးလျက်ရှိသည်။