မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် ရည်းစားစကားပြောဆိုမှုကို လက်မခံသဖြင့် အမျိုးသမီးဓါးထိုးသတ်သူကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့မ ရဲစခန်းမှ သိရသည်။
မေ ၁၅ ရက် ည ၇ နာရီခွဲအချိန်ခန့်တွင်ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက် (၇၈) လမ်းနှင့် မြဝတီမင်းကြီး လမ်းထောင့်ရှိ ဆောက်လုပ်ရေးလိုင်းခန်းအနီးတွင် အမျိုးသမီးတဦး ဓားများဖြင့် သေဆုံးကြောငး်သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ သေဆုံးသူမှာ မြင်းမူမြို့နေ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သန်းအေးကြည် ၄င်းအလုပ်လုပ်ကိုင်သည့် ဆောက်လုပ်ရေးလိုင်းခန်းအနီးရှိနေစဉ် ၄င်းကို ချစ်ကြိုက်နေသည့် မျိုးနိုင်ဝင်း ရောက်လာပြီး ချစ်ကြိုက်စကားထပ်မံပြောဆိုနေသဖြင့် လက်မခံနိုင် ကြောင်းငြင်းဆိုခဲ့သောကြောင့် ဓါးဖြင့်ထိုးခဲ့သည်။
သက်ဆိုင်ရာ၏ အလောင်းစစ်ဆေးချက်အရ သေဆုံးသူအမျိုးသမီးတွင် ရင်ဘတ်ထိုးသွင်း ဒဏ်ရာ(၄)ချက်၊ ဝမ်းဗိုက်ထိုး သွင်းဒဏ်ရာ(၁)ချက်၊ ယာဝမ်းဗိုက်ဘေး ထိုးသွင်ဒဏ်ရာ(၁)ချက်၊ လည်ပင်းထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ဝဲဘက်လက်မောင်း ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာလက်မောင်း ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝဲပုခုံးထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိထားကြောင်း ရဲစခန်းမှတ်တမ်းအရ သိသည်။
ထို့အပြင် အခင်းဖြစ်ပွားစဉ်က ဝင်ရောက်တားမြစ်ခဲ့သည့် သေဆုံးသူ၏ ညီမ မငြိမ်းငြိမ်းမြင့် (၂၈)နှစ် ကိုလည်း မျိုးနိုင်ဝင်းက ရန်ပြုခဲ့သောကြောင့် ဦးခေါင်းထိပ်ပြတ်ရှဒဏ်ရာ၊ ဂုတ်ပိုးပြတ်ရှဒဏ်ရာ၊ ဝဲပခုံးထိုးသွင်းဒဏ်ရာ(၄)ချက်၊ ဝဲလက်မောင်းပြတ်ရှဒဏ်ရာ၊ ဝဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာနှင့် ဝဲဘက်လက်ညှိုး လက်မပြတ်ရှဒဏ်ရာများရရှိသဖြင့် ဆေးရုံသို့တင်ပို့ခဲ့ရသည်။ မျိုးနိုင်ဝင်း မှာ ပြစ်မှုကျူး လွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားစဉ် ဒဏ်ရာရရှိသူအမျိုးသမီးမှာ နေရာတွင် သေဆုံးသွားခဲ့သည်။
ပြည်ကြီးတံခွန်မြို့မရဲစခန်းက(ပ)၃၅၅/၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၂၆တို့ အရ အမှုဖွင့်အရေး ယူခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သူ မျိုးနိုင်ဝင်း ကို မြင်းမူမြို့မှ ဖမ်းဆီးရမိခဲ့သည်။
















