မြစ်ကမ်းထိန်းသိမ်းဆောင်ရွက်သည့် လုပ်ငန်းခွင်တွင် လုပ်သားတစ်ဦးနုန်းပိသေဆုံး

မြစ်ကမ်းထိန်းသိမ်းဆောင်ရွက်သည့် လုပ်ငန်းခွင်တွင် လုပ်သားတစ်ဦးနုန်းပိသေဆုံး

သန်လျင်မြို့နယ်တွင် မြစ်ကမ်းထိန်းသိမ်းဆောင်ရွက်သည့် လုပ်ငန်းခွင်တွင် အမျိုးသားတစ်ဦး နုန်းပိသေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း မေ ၁၆ ရက်နေ့ ကဖြစ်ပွားခဲ့ကြောင်း သန်လျင်မြို့မရဲစခန်းမှ သိရသည်။

မေ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် ပဲခူးမြစ်ကမ်းဘေး တန်တစ်ရာ သစ်စက်အနီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဦးစီးဌာနမှ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းဆောင် ရွက်သည့် လုပ်ငန်းခွင်တွင် လူတစ်ဦးနုန်းပိသေဆုံးကြောင်းသတင်းအရ ရဲအုပ်မြင့်စိုးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ တိုက်ကြီးမြို့နယ်နေ နေမျိုး (၂၈ နှစ်)ဖြစ်ပြီး အခြားလုပ်သားများနှင့်အတူ မြစ်ရေတိုက်စားမှုမရှိစေရန် သံခြင်းချရန်အတွက် နုန်းညှိနေစဉ် နံနက် ၁၁ နာရီခွဲ အချိန်ခန့်က ဆောင်ရွက်စဉ် နုန်းများ ပိမိခဲ့သည်။

'' နုန်းပြိုတုန်းက ၃ယောက် ပိတာ ကျန်တဲ့ ၂ ယောက်က ရုံးထွက်လိုက်တော့ လွတ်သွားတယ်။ သူကတော့ ပိမိပြီး မနည်းတူးထုတ်ရတယ်။ အသက်ရှု ပိတ်သွားတယ်ပုံရတယ်၊ အောက်ကနေ စွဲတင်တုန်းက အသက် နည်းနည်းရှုသေးတယ်။အပေါ်ရောက်မှ ဆုံးသွားတယ်" ဟု သွားရောက် ကြည့်ရှု ခဲ့သူ မြို့ဟောင်း အရှေ့ ရပ်ကွက်နေ ကိုမျိုးလေးကပြောသည်။

အလောင်း၏ နှာခေါင်းနှင့်ပါးစပ်တို့တွင် နုန်းနှင့်ရွှံများပိတ်ဆိုနေသဖြင့် သန်လျင်ဆေးရုံသို့ ပို့အပ်ခဲ့ပြီး သန်လျင်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၂၅/၁၈ )ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။