ပိုက်ဆံအိတ်စက်ရုံတွင် အလုပ်ရမည်ဟုပြောဆိုကာ တရုတ်မယား အဖြစ်ရောင်းချခဲ့သူများကို အမှုဖွင့်

ပိုက်ဆံအိတ်စက်ရုံတွင် အလုပ်ရမည်ဟုပြောဆိုကာ တရုတ်မယား အဖြစ်ရောင်းချခဲ့သူများကို အမှုဖွင့်

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ပိုက်ဆံအိတ်စက်ရုံတွင် အလုပ်ရမည်ဟုပြောဆိုကာ တရုတ်မယား အဖြစ်ရောင်းချခဲ့သည်ဆိုသူ ၃ ဦးကို လူကုန်ကူးမှုဥပဒေအရ အမှုဖွင့် အရေးယူ ထားကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့မရဲစခန်းမှ မေ ၁၆ ရက်နေ့က သိရသည်။

မေလ ၁၅ ရက် နံနက် ၉ နာရီ အချိန်ခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၂၀ ရပ်ကွက်တွင် တရုတ်မယားအဖြစ် လွန်ခဲ့သော ၁၀ လခန့်က ရောင်းစားခံရသည့် အသက် ၁၇ နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦး နေအိမ်သို့ ပြန်လည်ရောက်လာကြောင်းသတင်းအရ အမှတ်(၆)လူကုန် ကူးမှုတားဆီးနှိမ်နှင်း ရေးတပ်ဖွဲ့စုမှ ရဲအုပ် သန့်ဇင်နှင့်အဖွဲ့က သွားရောက်မေးမြန်းခဲ့သည်။

စုံစမ်းချက်အရ ယမန်နှစ် ဇူလိုင်လ(ရက်မမှတ်မိ) နံနက် ၁၁ နာရီအချိန်ခန့်က ဖခင်နှင့် အတူ နေအိမ်တွင်ရှိနေစဉ် ဒေါ်သီသီခိုင်(စုံစမ်းဆဲ) ရောက်ရှိလာပြီး တရုတ်နိုင်ငံရှိ ပိုက်ဆံအိတ် ထုတ်လုပ် သည့်စက်ရုံတွင် အလုပ်သမားလိုအပ်ကြောင်း၊ အလုပ်လုပ်ကိုင်ပါက တစ်လလျှင်မြန်မာငွေကျပ် ၄/၅ သိန်းခန့်ရရှိကြောင်းနှင့် ကြိုတင်လုပ်အားခအဖြစ် ငွေကျပ်သိန်း(၂၀)ထုတ်ပေးမည်ဖြစ်ကြောင်း ယုံကြည်အောင်ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုသဖြင့် သွားရောက်လုပ်ကိုင်ရန် ဖခင်ဖြစ်သူက ခွင့်ပြုသဖြင့် နောက်တစ်နေ့တွင် ဒေါ်သီသီခိုင်နေအိမ်တွင် အလုပ်သွားရောက်လုပ်ကိုင်ရန် ရောက်နေသည့် အမျိုသမီး ၂ ဦးတို့နှင့်အတူ အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ မူဆယ်မြို့သို့ ထွက်ခွာရောက်ရှိခဲ့သည်။

ယာယီနိုင်ငံကူးလက်မှတ်ဖြင့် ဆင်ဖြူဂိတ်ပေါက်မှတစ်ဆင့် တရုတ်နိုင်ငံ ကျယ်ဂေါင်းမြို့သို့ ရောက်ရှိပြီး ဒေါ်သီသီခိုင် က ၄င်းနှင့်ချိတ်ဆက်ထားသည့် ပလောင် တိုင်းရင်းသူ အမျိုးသမီးနှင့် တရုတ် အမျိုးသား တစ်ဦးတို့က ကားဖြင့်လာကြိုကာ ရွှေလီမြို့သို့ခေါ်ဆောင်သွားခဲ့သည်။

ရွှေလီမြို့ရှိပလောင်အမျိုးသမီး၏နေအိမ်တွင် ဒေါ်သီသီခိုင်မှာ ကျန်ရစ်ခဲ့ပြီး ၄င်းတို့ ၃ ဦးကို တရုတ်အမျိုးသားက ကူမင်းမြို့ခေါ်ဆောင်ခဲ့သည်။ ထို့မှတစ်ဆင့် ဟန်နန်ပြည်နယ် ၊ ဗီနန်ဂျာ ဘတ်မြို့သို့ဆက်လက်ခေါ်ဆောင်ခဲ့သည်။ ၄င်းကို ဒေါ်သီသီခိုင်မှ တရုတ်ငွေယွမ်တစ်သိန်းသုံးသောင်းဖြင့် တရုတ်အမျိုးသားထံ ရောင်းစားခဲ့ ပြီး အဆိုပါ တရုတ်အမျိုးသားနှင့် ၈ လကျော်ခန့်ပေါင်းသင်းနေထိုင်ခဲ့ကာ ၎င်းတို့မရှိခိုက် နေအိမ်မှ ထွက်ပြေးလာခဲ့ပြီး ဖူကျန်းပြည်နယ် ဝင်းကျိုမြို့ရှိ တာဝန်ရှိသူများ၏ အကူညီဖြင့် မြန်မာနိုင်ငံ ၊ မူဆယ်မြို့ လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့ထံသို့ရောက်ရှိခဲ့ပြီး မေလ ၁၀ ရက်တွင် နေအိမ်သို့ ပြန်ရောက်ခဲ့ကြောင်း အမျိုးသမီး၏ ပြောပြချက်အရ သိရသည်။ ပိုက်ဆံအိတ် ထုတ်လုပ်စက်ရုံတွင် အလုပ်ရမည်ဟုပြောဆိုကာ တရုတ်မယားအဖြစ်လိမ်လည် ရောင်းစားခဲ့သူ ဒေါ်သီသီခိုင်(ခ)အေးသီသီခိုင်(စုံစမ်းဆဲ) ပါ ၃ ဦးကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ဒဂုံတောင်မြို့မရဲစခန်းက (ပ)၉၆၀/၁၈ ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးပုဒ်မ၂၄/၃၂ အရအမှုဖွင့် အရေးယူထားသည်။