ဆိုင်ကယ်တစ်စီးဖြင့် မသင်္ကာသူတစ်ဦးကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ရာက ဆိုင်ကယ် ၁၁ စီးခိုးယူခဲ့မှုပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ က မေ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များသည် မေ ၇ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ သက်ပိုင်မှူး(ခ)ကင်းကောင် ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် သောင်ကြီးနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉/၅၄ အရ အမှုဖွင့်စစ်ဆေးခဲ့သည်။
၄င်းကို အခြားခိုးမှုများကျူးလွန်ထားခြင်းရှိမရှိ ဆက်လက်စုံစမ်းခဲ့ရာ ၎င်းသည် ကပ္ပလီ(စုံစမ်းဆဲ) နှင့်အတူ ယမန်နှစ် သြဂုတ်လနှင့် ဒီဇင်ဘာလ များအတွင်းက မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ အထည်ချုပ်စက်ရုံရှေ့တွင်ရပ်ထားသော ဆိုင်ကယ် ၂ စီးကိုလည်းကောင်း၊ ယခုနှစ် ဖေဖော်ဝါရီ နှင့် မတ်လများအတွင်းက မင်္ဂလာဒုံမြို့နယ်အတွင်းမှ ဆိုင်ကယ်မျိုးစုံ ၈ စီးကို ခိုးယူ ရောင်းချခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက သက်ပိုင်မှူး(ခ)ကင်းကောင် ခိုးယူခဲ့မှုများနှင့်ပတ်သက်၍ မြို့နယ်ရဲစခန်းတွင် အမှုများဖွင့်လှစ်ခဲ့ပြီး ရောင်းချပေါင်းနှံထားသည့် နေရာများမှ သက်သေခံပစ္စည်းများကို ပြန်လည် သိမ်းဆည်းခဲ့ပြီး ပျောက်ဆုံးသူဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် မြို့နယ်ရဲစခန်းများတွင် စုံစမ်း စစ်ဆေး နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

















