မန္တလေးတိုင်းဒေသကြီးတွင် ကျပ် ၁၀ဝ၀ဝ တန် အတုသုံးစွဲရောင်းချသူများကို မှုခင်းရဲတပ်ဖွဲ့က ဖမ်းဆီး ဖော်ထုတ်

မန္တလေးတိုင်းဒေသကြီးတွင် ကျပ် ၁၀ဝ၀ဝ တန် အတုသုံးစွဲရောင်းချသူများကို မှုခင်းရဲတပ်ဖွဲ့က ဖမ်းဆီး ဖော်ထုတ်

မန္တလေးမြို့တွင် ငွေစက္ကူအတုများသိမ်းဆည်းရမိခဲ့မှုနှင့်ပတ်သက်၍ လဲလှယ်ရောင်းချခဲ့သည်ဆိုသူကို ပခုက္ကူမြို့တွင် ဖမ်းဆီးရမိခဲ့ ကြောင်းရဲတပ်ဖွဲ့က မေ ၁၇ ရက်နေ့က  သတင်းထုတ်ပြန်ခဲ့သည်။

မေလ ၁၅ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့်တွင် မဟာအောင်မြေမြို့နယ် Mr.BBQ စား သောက်ဆိုင်တွင် ငွေစက္ကူအတုများ သုံးစွဲနေကြောင်းသတင်းအရ ရဲတပ်ဖွဲ့ဝင်များ စုံစမ်းစစ်ဆေး ဖမ်းဆီးခဲ့ရာ စိုးလင်း(၄၀)နှစ်ပါ ၂ ဦးကို ကျပ် ၁၀,ဝ၀ဝ တန်ငွေစက္ကူအတု ၃၀ဝ ရွက် (ကျပ် ၃၀ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၄င်းတို့ (၃)ဦးကို မဟာအောင်မြေမြို့နယ် အမှတ်(၉)မြို့မရဲစခန်းက (ပ)၃၁၄/၁၈၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ အရ အမှုဖွင့် အရေးယူခဲ့ပြီး စီအိုင်ဒီရဲတပ်ဖွဲ့သို့ လွဲပြောင်း ခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၉) ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

'' စားသောက်ဆိုင်မှာ ကျပ် ၁၀ဝ၀ဝ တန်ငွေစက္ကူအတုနဲ့ ပိုက်ဆံရှင်းတဲ့သူနှစ်ယောက်ကို စစ်ဆေးတဲ့ အခါမှာ ဒီငွေတွေရောင်းချတဲ့အောင်ဆန်းဝင်းကို ဆက်ပြီးဖမ်းဆီးတယ်။ သူဆီကနေ ကျပ် ၁၀ဝ၀ဝ တန်အတု အရွက် ၃၀ဝ ကို သိမ်းဆည်းခဲ့တယ်။ ဒီငွေတွေကို ရောင်းချတဲ့သူက ပခုက္ကူမြို့မှာ တည်းခိုနေတယ်လို့ ကြားတဲ့အတွက် မန္တလေးတိုင်း မကွေးတိုင်းဒေသကြီးက မှုခင်းရဲတပ်ဖွဲ့ ဝင်တွေ ပူးပေါင်းဖမ်းဆီးခဲ့တာပါ" ဟု မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးကပြောသည်။

ရဲတပ်ဖွဲ့ဝင်များ၏ စုံစမ်းဖော်ထုတ်မှုအရ ငွေစက္ကူအတုရောင်းချခဲ့သူ ကျော်ဟိန်းဆိုသူမှာ ပခုက္ကူမြို့ အမှတ်(၆)ရပ်ကွက်၊(၉)လမ်းတွင် တည်းခိုနေထိုင်နေကြောင်းသတင်းအရ ပခုက္ကူမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးသိန်းဆန်းဦး၊ ပခုက္ကူခရိုင်မှုခင်းအကူဌာနစိတ်မှ ရဲအုပ်မျိုးလွင်တို့ ပါဝင်သော ပူးပေါင်း အဖွဲ့က မေ ၁၅ ရက် ည ၁၁ နာရီ ၅၈ မိနစ်အချိန်တွင် ကျော်ဟိန်း တည်းခိုးနေထိုင်သည့် နေအိမ်မှ ဖမ်းဆီးရမိခဲ့သည်။

၄င်းနေအိမ်အနောက်ဘက်အိမ်သာနှင့်ခြံစည်းရိုးအုတ်နံရံကြားအနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့် ထားသည့် ကျပ် ၁၀ဝ၀ဝ တန်အတု ၁၀၃၅ ရွက်ကို ဆက်လက်သိမ်းဆည်းရမိခဲ့ပြီး အိမ်ရှင် ဦးကိုလေး တို့ကို ပခုက္ကူမြို့မရဲစခန်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ အရ အမှုဖွင့်အရေးယူခဲ့ပြီး မန္တလေး တိုင်းဒေသကြီး မှုခင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်းသိရသည်။

ငွေစက္ကူအတုသုံးစွဲရောင်းချသူများထံမှသိမ်းဆည်းရမိခဲ့သည့် ကျပ် ၁၀ဝ၀ဝ တန်ငွေစက္ကူများကို မှုခင်းရဲတပ်ဖွဲ့၏ ပဏာမ စိစစ်ချက်အရ နိုင်ငံခြားစက္ကူ အမျိုးအစားဖြစ်ပြီး စက္ကူသားချောနေခြင်း၊ အတုသည်အစစ်ထက်အလျားနှင့်အနံ ၁ မီလီမီတာစီတို ခြင်း၊ အရောင်တောက်ပမှုမရှိခြင်း၊ တန်ဖိုးရေစာများပုံ ရိပ်သာပါရှိခြင်း၊ အရောင်ပြောင်းလဲမှုမရှိခြင်း၊ ကာလာပရင်တာနည်းဖြင့် တုပထားခြင်း၊ လျှို့ဝှက်ချက်များမပါရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။