မိုးကုတ်မြို့တွင် လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းစစ်ဆေးလျက်ရှိ ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မေ ၁၈ ရက်နေ့က သိရသည်။
မေ ၁၇ ရက်နေ့ မွန်းလွဲ အချိန်ခန့် တွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ရွှေညောင်ပင်ကျေးရွာ အုပ်စု စိန်အင်းရွာ တွင် မိသားစု ၄ ဦး အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း မိုးကုတ်မြို့ကျပ်ပြင်နယ်မြေ ရဲစခန်းမှ သိရသည်။ '' အမှုကို ကျွန်တော်တို့ ပြောလို့ မရသေးဘူး။ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကို မေးမှရမယ် ညွှန်ကြားထားမှု မရှိဘူး" ဟု မေ ၁၈ ရက်တွင် ကျပ်ပြင်နယ်မြေရဲစခန်းမှ ရဲအရာရှိ တစ်ဦး ကပြောသည်။
သေဆုံးသူမှာ ဦးရန်တား (၄၉ နှစ်)၊ ဇနီး မအားလူမီး (၃၉ နှစ်)၊သား မောင်အလေး(၁၅ နှစ်)နှင့် သမီး မအဝူး (၁၀ နှစ်) တို့ဖြစ်ပြီး၎င်းတို့မှာလီဆူးမိသားစုများဖြစ်ကြောင်း စိန်အင်းကျေးရွာနှင့် ၁၀ မိုင်ခန့်ဝေးကွာသည့် တောင်ယာတောအတွင်း ဓါးဒဏ်ရာများဖြင့်သေဆုံးနေသည်ကို နေအိမ်တွင်ကျန့်ရစ်ခဲ့သည့် ဦးရန်တား၏သားဖြစ်သူမောင်ရန်စီးတက်(ခ)အားတေ့က တိုင်ကြားသဖြင့် ရဲတပ်ဖွဲ့က အမူဖွင့်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အလောင်းများတွင် လည်ပင်းပြတ်ရှ ၊ ဗိုက်ပွင့် အူထွက်ပြတ်ရှဒဏ်ရာများစွာဖြင့်သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။ အသတ်ခံရသူများကို မိုးကုတ်မြို့ကျပ်ပြင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်သွားမည်ဖြစ်ကာ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းကျပ်ပြင်နယ်မြေရဲစခန်းက(ပ)၈၆/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
'' အမှုနဲ့ ပတ်သက်ပြီးတော့ တရားခံတွေကို စုံစမ်းနေပါတယ်။ အကြောင်းရင်းတော့ မသိသေးပါဘူး" ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

















