ထန်းတပင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏သားဖြစ်သူအသက် ၁၂ နှစ်အရွယ် ကလေးကို ဓါးဖြင့်ထိုးခဲ့သည့်အမှု မှပြစ်မှုကျူးလွန်သူကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ထန်းတပင်မြို့မ ရဲစခန်းမှ သိရသည်။
မေ ၁၉ ရက် နံနက် ၂ နာရီခွဲအချိန်တွင် ထန်းတပင်မြို့နယ် ကွက်သစ်ပေါက်တန်းကျေးရွာ နေ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး ဓါးဒဏ်ရာများရရှိထားကြောင်း သတင်းအရ ဆယ်အိမ်မှူး ဦးတင့်လွင်က သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။
ရဲအုပ်သက်နောင်စိုးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးမှာ လည်ပင်းထိုးသွင်းဒဏ်ရာတစ်ချက် ရရှိ သေဆုံးနေသည်ကို တွေ့ရပြီး အသက် ၁၂ နှစ်အရွယ် သားဖြစ်သူမှာလည်း လည်ပင်းပြတ်ရှဒဏ်ရာရရှိထားသည်ကို တွေ့ရှိခဲ့သည်။
'' ကလေးပြောပုံအရဆိုရင် သူ အပေါ့ထသွားတဲ့ အချိန်မှာ ပြစ်မှုကျူးလွန်သူက သူ့အမေရဲ့ ခန္ဒာ ကိုယ်ပေါ်မှာ တွေ့ရတယ်လို့ပြောတယ်။ ကလေးက သားအမေကို ဘာလုပ်တာလဲလို့ အော်တဲ့ အချိန်မှာ သူ့ကိုလည်း ဓါးနဲ့ လည်ပင်းကို ဆွဲခြစ်လိုက်တာကြောင့် သတိမေ့သွားတယ်လို့ ပြောတယ်'' ဟု အဆိုပါ ကိစ္စများကို သွားရောက်ကူညီပေးခဲ့သည့် လှိုင်သာယာမြို့နယ်နေ ကိုတင်နိုင်ထွန်းက ပြောသည်။
သားဖြစ်သူကို သက်ဆိုင်ရာက စုံစမ်းချက်အရ အသက် ၂ဝ အရွယ် အမျိုးသားတစ်ဦးက မိခင်ဖြစ်သူ ၏ လည်ပင်းကိုဓါးနှင့်ထိုးကာ ၄င်း၏ လည်ပင်းကိုလည်းဓါးဖြင့် ထိုးခဲ့ကြောင်း ပြောပြချက်အရ သိရသည်။
''ကလေးအဖေက ဖောင်ကြီးမှာအလုပ်သွားလုပ်နေတဲ့ အချိန်ဖြစ်သွားတယ်။ အိမ်ကို တစ်ပတ်တစ်ခါ မှပြန်လာတယ်။ ဖြစ်တုန်းက သေတဲ့ အမျိုးသမီးနဲ့ အတူ သမီးငယ် ၂ ယောက်လည်း အိပ်နေတယ်။ ကျန်တဲ့ကလေးတွေတော့ ဘာအန္တရာယ်မှ မပြုသွားဘူး'' ဟု ကွက်သစ်ပေါက်တန်းကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ မှာ လှည်းကူးမြို့နယ်ဖောင်ကြီးကျေးရွာ သို့ သွားရောက် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ တက်သစ်နယ် မြေရဲစခန်းက (ပ)၁၇၂/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂/၃၂၆ အရ အမှုဖွင့် အရေးယူခဲ့သည်။
''အလောင်း ကို သက်ဆိုင်ရာက စစ်ဆေးနေတုန်းဖြစ်တာကြောင့် ကနဦး လူသတ်မှုနဲ့အပြင်းအထန် ထိခိုက် နာကျင်စေမှုတို့နဲ့အမှုဖွင့်ထားတယ်။ ဆေးစာထွက်လာရင် ပုဒ်မ ထပ်ပြီး တိုးလာနိုင်တယ်''ဟု ၄င်းကပြောသည်။
ကျန်ရစ်ခဲ့သည့် ကလေးများ၏ ပညာရေးအတွက် လူမှုကူညီရေးအဖွဲ့အစည်းများနှင့်စေတနာရှင်များက အလှူငွေများ ထောက်ပံ့ပေးလျက်ရှိသည်။

















