FDA မှ ဒုကြီးကြပ်ရေးမှူး အမျိုးသမီးအား သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ သေဒဏ်အထိ ချမှတ်နိုင်သည်ပုဒ်မဖြင့် စွဲချက်တင်ခံသူ တက္ကစီယာဉ်မောင်းကို မေလ ၂၁ ရက်နေ့က ခရိုင်ရုံးတွင်ရုံးထုတ်ခဲ့ပြီး ခံပြသက်သေ နှစ်ဦးအနက် တစ်ဦးကို သက်သေစာရင်းမှ ပယ်ဖျက်ထားကြောင်း ယင်းတရားရုံးမှ စုံစမ်းသိရသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး (၄) တရားခွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇/၃၇၆/၃၉၄/၃၀၂ တို့ဖြင့် တရားစွဲဆိုခံရသူ မျိုးဇော်ဦး(ခ)ဆီဒိုးနား အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေများ စစ်ဆေးခဲ့ပြီးနောက် လုယက်မှု၊ မုဒိန်းမှု၊ ဓမ္မတာနှင့်ဆန်ကျင်သောပြုလုပ်မှုတို့ဖြင့် ရာဇသက်ကြီးဥပဒေပုဒ်မ ၃၀၂ (၁)(ဂ) ဖြင့် ဧပြီလ ၃၀ ရက်နေု့က စွဲချက်တင်အမိန့်ချမှတ်ခဲ့သည်။
ယင်း ၃၀၂ (၁)(ဂ)ဖြင့် စွဲချက်တင်ခံရသည် မျိုးဇော်ဦး(ခ)ဆီဒိုးနား ဘက်မှာ မြောက်ဒဂုံမြို့နယ်၊ ၃၃ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားနှစ်ဦးကို တရားခံပြသက်သေအဖြင့် အကျိုးဆောင်ရှေ့နေမှရုံးတော်သို့ တင်ပြထားပြီး ယနေ့ရုံးချိန်တွင် ယင်းသက်သေ နှစ်ဦးမှ နာရေးကိစ္စဖြင့်ခရီးလွန်နေသဖြင့် အမှုမစစ်ဆေးနိုင်ခြင်းမရှိကြောင်း သိရသည်။
ယင်းသက်သေ နှစ်ဦးအနက် တစ်ဦးကို သက်သေစာရင်မှ ပယ်ဖျက်ရန် အကျိုးဆောင်ရှေ့နေမှရုံးတော်သို့ တင်ပြရာ အမှုစစ်တရားသူကြီးမှ လက်ခံခဲ့သဖြင့် စာရင်းပယ်ဖျက်ခဲ့သည်။ မေလ ၂၈ ရက်နေ့ရုံးချိန်တွင် ကျန်ရှိနေသည် သက်သေတစ်ဦးအား စစ်ဆေးရန် အမှုစစ်တရားသူကြီးမှ ချိန်းဆိုထားကြောင်း သိရသည်။
















