ရန်ဖြစ်စဉ် ဓါးနှင့်ထိုးထွက်ပြေးတိမ်းရှောင်သူအမျိုးသမီးကို ဗန်းမော်မြို့တွင် ဖမ်းမိ

ရန်ဖြစ်စဉ် ဓါးနှင့်ထိုးထွက်ပြေးတိမ်းရှောင်သူအမျိုးသမီးကို ဗန်းမော်မြို့တွင် ဖမ်းမိ

မန္တလေးမြို့ ကျောက်တော်ကြီးဘုရားစောင်းတန်းအရှေ့တွင် သစ်သီးရောင်းချရာမှ စကားများရန်ဖြစ်စဉ် ဓါးနှင့်ထိုးသတ်ထွက်ပြေးတိမ်းရှောင်သူအမျိုးသမီးကို မေ ၂၁ ရက်က ဗန်းမော်မြို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

မေ ၁၇ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မန္တလေးမြို့ ကျောက်တော်ကြီးဘုရားစောင်းတန်းအရှေ့တွင် သစ်သီးရောင်းနေသူ မကျင်ထားဆွေနှင့် ဒေါ်ငြိမ်းငြိမ်းတို့ စကားများရန်ဖြစ်ခဲ့သည်။ ထိုသို့ စကားများစဉ် ဝင်ရောက်ဖျန်ဖြေခဲ့သည့် မကျင်ထားဆွေ၏ အစ်မဖြစ်သူ မသော်တာဆွေကို ဒေါ်ငြိမ်းငြိမ်းက သစ်သီးလှီးဓားဖြင့် ထိုးခဲ့သဖြင့် ဒဏ်ရာများရရှိကာ ဆေးရုံသို့တင်ပို့ကုသစဉ် သေဆုံးသွား ခဲ့သည်။

အမှတ်(၂)ရဲစခန်းက (ပ) ၁၅၂/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆ မှ ပုဒ်မ ၃ဝ၂ သို့ ပြောင်းလဲအရေးယူခဲ့ပြီး တိမ်းရှောင်သွားသူ ဒေါ်ငြိမ်းငြိမ်းနိုင်ကို စစ်ဆေးနိုင်ရန် စုံစမ်းခဲ့သည်။

အမှုနှင့်ပတ်သက်၍ ခရိုင်မှုခင်းနှိမ်နင်းရေးမှဒုရဲအုပ်မြင့်ဇော်ဝင်းနှင့်အဖွဲ့က စုံစမ်းခဲ့ရာ ဒေါ်ငြိမ်းငြိမ်း မှာ ဗန်းမော်မြို့သို့ တိမ်းရှောင်သွားကြောင်းသိရသဖြင့် ဗန်းမော်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ရဲအုပ်အောင်နိုင်ဦးနှင့်အဖွဲ့ပူးပေါင်းကာ မေ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီ အချိန်ခန့်တွင် အမှုဖြင့် တိမ်းရှောင်သူ ပုသိမ်ကြီးမြို့နယ်နေ ဒေါ်ငြိမ်းငြိမ်း(၄၈ နှစ်)ကို ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့် ဆက်လက် အရေးယူထားသည်။