ဒလမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်အချို့ သိမ်းဆည်းရမိ

ဒလမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်အချို့ သိမ်းဆည်းရမိ

ဒလမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချသည့် နေအိမ်ကို သတင်းအရ ဝင်ရောက် ရှာဖွေရာ မူးယစ်ဆေးဝါးနှင့် လက်နက်အချို့တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မေ ၂၂ ရက်က ဒလမြို့မရဲစခန်းမှ သိရသည်။

မေ ၂၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဒလမြို့နယ်တပင်ရွှေထီးရပ်ကွက် ဦးအောင် ဇေယျ(၅)လမ်းနေ စောကျော်နိုင်(ခ)ဗလကြီးနေအိမ်တွင် မူးယစ်ဆေးဝါးရောင်းချ နေကြောင်းသတင်း အရဒလမြို့မရဲစခန်းမှူး ဒုရဲမှူးနိုင်ဝင်း အဖွဲ့က သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။

အဆိုပါနေအိမ်တွင် မလှလှဝင်း နှင့် မချိုမာလွင် တို့အားတွေ့ရှိခဲ့ပြီး အိမ်ဧည့်ခန်းအတွင်းမှ ပလပ်စတစ်ကော်ဗူးနှင့်ထည့်ထားသည့် WYစာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၈ဝ)ပြားနှင့် အစိမ်းရောင်ဆေးပြား(၂)ပြား၊ဆေးခြောက်ဟုယူဆရသည့် အညိုရောင်အရိုးအရွက် အစေ့ခြောက် အလေးချိန်(၆.၇၈)ဂရမ်၊ဆေးခြောက်ဟုယူဆရသောအညိုရောင် အရိုးအရွက် အစေ့ခြောက် အလေးချိန် (ဝ.၉၂)ဂရမ်ခန့်ပါ ဆေးခြောက်(၃၅)ထုပ်အပါအဝင် မူးယစ်ဆေးဝါးရောင်းချ သုံးစွဲရာ တွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်များ နှင့် ရောင်းချရငွေဟုယူဆရသည့်ကျပ် ၅၇၅ဝဝ တို့ကို သက်သေများနှင့်အတူ ရှာဖွေပုံစံဖြင့် သိမ်ဆည်းရမိခဲ့သည်။

ထို့အပြင် နေအိမ်ဝရံတာမှ အရိုးအသွား (၂၃)လက်မခန့်ရှိ ဓါးရှည် (၂)ချောင်း ၊အရိုး အသွား(၁၂) လက်မခန့်ရှိဓါးမြောင်(၁)ချောင်းတို့ကို ဆက်လက်သိမ်းဆည်းရမိခဲ့ပြီး မလှလှဝင်း နှင့် မချိုမာလွင် အပါဝင် အမှုဖြင့် တိမ်းရှောင်နေသူ စောကျော်နိုင်(ခ)ဗလကြီးကို အရေးယူပေးရန် ရဲအုပ်သက်နိုင်အေးမှ တိုင်ကြားခဲ့သည်။

ဒလမြို့မရဲစခန်းက မယ(ပ)၁၉/၁၈ မူးယစ်ပုဒ်မ ၁၉(က)/၂ဝ(က)၂၁/၂၂(ခ) အရ အမှုဖွင့်အရေးယူထားသည်။