မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ပုဆိန်ဖြင့် ထုသတ်ခဲ့ပြီး အလောင်းဖျောက်ခဲ့သူ ၂ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း မေ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
မေ ၅ ရက် ညနေ ၄ နာရီအချိန် ပုသိမ်ကြီးမြို့နယ်၊ ဘိုတက်ကုန်းကျေးရွာအုပ်စု၊ ဘိုတက်ကုန်းရွာ၊၄၄လမ်းအရှေ့ဘက်ကွင်းအမှတ်(၅၃၇)လယ်ကွက်ခြံစည်းရိုးကာရံထားသည့်အုတ်တံတိုင်းအနီး ဂွမ်းကပ်ခြုံစောင်အုပ်ထားပြီး သောက်ရေအိုးကွဲအပေါ်ခြမ်းစွပ်လျက် ဝဲလက်မောင်းညိုမဲ၊ မျက်နှာနဖူးထိပ်ချိုင့်ဝင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးအလောင်းကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။
အမှုနှင့်ပတ်သက်၍ အုန်းချောနယ်မြေရဲစခန်း(ပ)၈၄/ ၁၈ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ အရ အမှုဖွင့်ကာ သက်ဆိုင်ရာကစုံစမ်းခဲ့သည်။ အမှုဖြင့် မသကင်ာ္သူ ပုသိမ်ကြီးမြို့နယ်နေ မင်းမင်းထိုက်(ခ)မျိုးကြီး (၂၆နှစ်)နှင့် ချမ်းမြသာစည်မြို့နယ်နေ ဘရန်ဆိုင်း(ခ)ဘရန်မိုင်(ခ)ကုလား(ခ) ဇော်လင်းအောင် (၂၈နှစ်)တို့ ၂ ဦးကို မကွေးတိုင်းဒေသကြီး သရက်မြို့မှ မေ ၁၇ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သရက်မြို့မရဲစခန်းက သိရသည်။
အမှုနှင့်ပတ်သက်၍ စုံစမ်းချက်အရ ၄င်းတို့ ၂ ဦးသည် အခင်းဖြစ်သည့်နေ့က မန္တလေးမြို့ ၁၉လမ်း ဂေါဝိန်ဆိပ်တွင်တွေ့ရှိရသည့် အမျိုးသမီး(၁)ဦးကို ပုသိမ်ကြီးမြို့နယ်၊ ဘိုတက်ကုန်းကျေးရွာ ခြံဝင်းအတွင်းသို့ ခေါ်ဆောင်ခဲ့ပြီး စကားအချေအတင်များစဉ် ပုဆိန်ဖြင့် ထုသတ်ခဲ့သည်ကို ဝန်ခံထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

















