အိမ်အကူအမျိုးသမီးကို ညှင်းပန်းနှိပ်စက်ကာ သေဆုံးအောင်ပြုလုပ်ခဲ့သည်ဆိုသည့် ပဲခူးခရိုင် ဥပဒေရုံးမှ ဒုဦးစီးမှူးအမျိုးသမီးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ဇွန် ၁ ရက်အထိ ချုပ်ရမန်ရယူထားကြောင်း တွံတေးမြို့မရဲစခန်းမှ မေ ၂၂ ရက်က သိရသည်။
တွံတေးမြို့နယ် အုတ်ဖိုကျေးရွာ၊ ခတ္တိယကျေးရွာနေ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အင်းတိုင် သံချပ်ကာတပ်ရင်းအရာရှိရိပ်သာနေ ပဲခူးခရိုင်ဥပဒေရုံးမှ အဆင့် ၄ ဒု ဦးစီးမှူး ဒေါ်သိ င်္ဂီစု နေအိမ်တွင် လွန်ခဲ့သော ၆ လခန့်မှစတင်ကာ အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်ခဲ့ပြီး မေ ၁၉ ရက်တွင် ကျန်းမာရေး မကောင်းသည်ဟုဆိုကာ ဒေါ်သိ င်္ဂီစုနှင့် ၄င်း၏ မိခင်တို့ကနေထိုင်ရာ ရွာသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
'' သူတို့ မေ ၁၉ ရက်က ကျန်းမာရေးမကောင်းဘူးဆိုပြီး လာပြန်ပို့သွားတယ်။ သူပိုင်တဲ့ငွေဆိုပြီး ၁၈ဝဝဝဝ ကို ကျေးရွာက လူကြီးတွေကို ပေးသွားတယ်။ သူကျန်းမာရေးမကောင်းဘူးဆိုတော့ သွားကြည့်ကြတယ်။ ဦးခေါင်း ရင်ဘတ်နှင့် ကျောဘက်နဲ့ ခန္ဒာကိုယ်မှာ ဖူးရောင် ပေါက်ပြဲဒဏ် ရာတွေတွေ့တယ်။ ဘာဖြစ်တာလဲလို့ မေးတော့ သူ့ကို အိမ်ရှင်က ဆွဲကြိုးခိုးတယ်ပြောပြီး ခြေထောက်နဲ့ ကန်ပြီးကျောက်ပြင်နဲ့ထုတယ်။အဲ့ကောင်မတွေ လုပ်တာဆိုပြီး လက်ညိုး ထိုးပြီး သူ့ကို ဆေးရုံပို့ပေးဖို့ ပြောတယ်။ ဆေးရုံပို့ဖို့ ပြင်နေတုန်း သေဆုံးသွားခဲ့တယ်''ဟု ခတ္တိယကျေးရွာနေ ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။
သေဆုံးသူ အမျိုးသမီး၏ သားသမီး ၄ ဦးရှိပြီး ခင်ပွန်းဖြစ်သူမှာ လွန်ခဲ့သော ၄နှစ်ခန့်က သေဆုံးသောကြောင့် သားသမီးများကို လွန်ခဲ့သော ၆ လခန့်က အိမ်နီးချင်းအစ်မနေအိမ်တွင်အပ်နှံခဲ့ပြီး အိမ်အကူအဖြစ် အင်းတိုင်မြို့ သံချပ်ကာတပ်ရင်းနေ ဒေါ်သိင်္ဂီစု နေအိမ်တွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
သက်ဆိုင်ရာ၏ အလောင်းစစ်ဆေးချက်အရ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ကျောကုန်း၊ ရင်ဘတ်၊ ဝဲရင်အုံ၊ မေးစေ့ ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများတွေ့ရှိခဲ့သည်။
အိမ်အကူအမျိုးသမီးကို ဒဏ်ရာရသေဆုံးအောင်ပြုလုပ်ခဲ့သည့်အိမ်ရှင် ဒေါ်သိဂØစုကို ထန်းတစ်ပင်မြို့ နယ် ရဲတပ်ဖွဲ့အကူညီဖြင့် ထန်းတစ်ပင်တိုးဂိတ်တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ခလောက်ချိုင့်နယ် မြေရဲစခန်း က(ပ)၆၁/၁၈ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ အရ အမှုဖွင့် အရေးယူခဲ့သည်။
















