စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် အသက် ၂၄နှစ်အရွယ် မူလတန်းပြကျောင်းဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ခဲ့သည်ဟု ယူဆရသည့်အမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းနေကြောင်း ဖောင်းပြင်မြို့မရဲစခန်းမှ မေ ၂၃ ရက်က သိရသည်။
မေ ၂၂ ရက်ည ၁ဝ နာရီ အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ပိုးစာကုန်း အုပ်စု ပိုးစာကုန်းကျေးရွာနှင့် မန်မော်ကျေးရွာသွားသည့် ရွာချင်းဆက်လမ်းတွင် ကျောင်းဆရာမတစ်ဦး အသတ်ခံရပြီး သေဆုံးကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။
'' ဆရာမလေးက သူနဲ့အတူတာဝန်ကျတဲ့ ကျောင်းဆရာမကို ပိုးစာကုန်းကို ဆိုင်ကယ်နဲ့သွား ကြို တယ်။ ရွာကထွက်သွားတာ ညနေ ၃ နာရီလောက်က ထွက်သွားတယ်။ အဆက်အသွယ်မရဘဲ ပြန် ရောက်မလာတဲ့ အတွက်ကြောင့် သူ့မိဘတွေနဲ့ ရပ်ရွာက လူတွေ လိုက်ပြီး ရှာဖွေတာ ည ၉ နာရီခွဲလောက်မှာ ပိုးစာကုန်းရွာနဲ့ ၁ မိုင်အကွာ လမ်းတောင်ဘက်မှာ ဆိုင်ကယ်နဲ့ အလောင်းကို တွေ့ရ တယ်။ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တယ်'' ဟု မန်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ခေက ပြောသည်။
သက်ဆိုင်ရာ၏ စစ်ဆေးချက်အရ အလောင်းတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ဒဏ်ရာဖြင့် မှောက် လျက်သေဆုံးနေသည်ကို တွေ့ရပြီး အနီးတွင် ၄င်းဝတ်ဆင်သည့်ဘောင်းဘီဟု ယူဆရသည့် အပြာနုရောင် အတွင်းခံဘောင်းဘီနှင့် လက်ကိုင်ဖုန်းတို့ တွေ့ရှိ သိမ်းဆည်းခဲ့သည်။
''ဆရာမလေးက မန်မော်ဇာတိပါ။ အလက(မန်မော်)မှာ မူလတန်းပြ ဆရာမလုပ်နေတယ်။ အဓမ္မပြုကျင့်ပြီး အသတ်ခံရတယ်လို့တော့ ယူဆရတယ်။ အမှုကို ဖောင်းပြင်မြို့မရဲစခန်းက စစ်ဆေးနေတယ်။ တရားခံတော့ မမိသေးဘူး စုံစမ်းနေဆဲပါ'' ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
အမှုနှင့်ပတ်သက်၍ ဖောင်းပြင်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
















