ရှမ်းပြည်နယ် မိုင်းဖြတ်မြို့တွင် သုံးဘီးဆိုင်ကယ်တိမ်းမှောက်ခဲ့သဖြင့် လူ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်မှ ယာဉ်မောင်းဖြစ်သူထွက်ပြေးမှု မေ ၂၂ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မိုင်းဖြတ်မြို့မရဲစခန်းမှ သိရသည်။
အဆိုပါနေ့ ည ၁ဝ နာရီ အချိန်ခန့်တွင် မိုင်းဖြတ်မြို့ကောင်းမှုကျေးရွာအနီး မိုင်းဖြတ်-မိုင်းခုတ် ကားလမ်းတွင် သုံးဘီးယာဉ်တိမ်းမှောက်ကြောင်း သတင်းအရ ရဲတပ်ဖွဲ့ သွားရောက်စစ်ဆေးခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ မိုင်းဖြတ်မြို့မှ မိုင်းဟဲအုပ်စု၊ တုံလုံကျေးရွာဘက်သို့ အိုက်အွတ်(စုံစမ်းဆဲ) မောင်းနှင်လာသည့် သုံးဘီး ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျတိမ်းမှောက် သွားခဲ့ပြီး အိုက်အွတ် ၏ ဇနီးအပါအဝင် အမျိုးသမီး(၃)ဦး နေရာတွင် သေဆုံးခဲ့သည်။ ထို့အပြင် ယာဉ်ပေါ်တွင် လိုက်ပါလာ သည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့မှာလည်း ထိခိုက်ပွန်းခြစ်ဒဏ်ရာများ အသီသီး ရရှိခဲ့ သည်။ ယာဉ်တိမ်းမှောက်စဉ် ယာဉ်မောင်း အိုက်အွတ် မှာထွက်ပြေးတိမ်းရှောင်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိသည်။
မိုင်းဖြတ်မြို့ရှိ သဂင်္ဟလူမှုကူညီရေးအသင်းက ဒဏ်ရာရသူများနှင့် သေဆုံးသူများကို မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီးဒဏ်ရာပြင်းထန်သည့် ဒဏ်ရာရရှိသူ အမျိုးသမီး(၂)ဦးကို တာချီလိတ်ပြည်သူ့ဆေးရုံ သို့ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။
မိုင်းဖြတ်မြို့မရဲစခန်းက ယာဉ်(ပ) ၅/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃ဝ၄-က အရ အမှုဖွင့် အရေးယူထားသည်။

















