ကျပ်သိန်း ၁၇၈၂ သိန်းကျော်တန်ဖိုးရှိ ရွှေထည်နှင့်နိုင်ငံခြားငွေများခိုးယူသူကို ဖမ်းဆီးဖော်ထုတ်

ကျပ်သိန်း ၁၇၈၂ သိန်းကျော်တန်ဖိုးရှိ ရွှေထည်နှင့်နိုင်ငံခြားငွေများခိုးယူသူကို ဖမ်းဆီးဖော်ထုတ်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊သံလွင်လမ်းရှိ နေအိမ်အတွင်းမှ စိန်၊ ရွှေ ၊ လက်ဝတ်ရတနာမျိုးစုံနှင့်ငွေစုစုပေါင်းတန်ဖိုးကျပ် ( ၁၇၈၂) သိန်းကျော် ခိုးယူသူများအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

မေ ၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ သံလွင် လမ်းနေ တိုင်ကြားသူအမျိုးသား နေအိမ် အပေါ်ထပ် အိပ်ခန်းအတွင်းရှိ ဘီဒိုတံခါးပွင့်နေပြီး ပစ္စည်းများ ပြန့်ကြဲနေကြောင်း တွေ့ရှိရသဖြင့် စစ်ဆေးခဲ့သည်။

ဘီဒိုအတွင်းထားရှိသော စိန်၊ ရွှေ ၊ လက်ဝတ်ရတနာမျိုးစုံ ၊ မြန်မာငွေနှင့် နိုင်ငံခြားငွေ စုစုပေါင်း ကျပ် ၁၇၈၂၅၀ဝ၀ဝ ဖိုးခန့်ပျောက်ဆုံးနေကြောင်းသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ကမာရွတ်မြို့မရဲစခန်း သို့ တိုင်တန်းခဲ့ရာ (ပ) ၃၈၀ /၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀အရ အမှုဖွင့် စုံစမ်းခဲ့သည်။

အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များကစုံစမ်းခဲ့ပြီး အမှုဖြင့် မသင်္ကာသူ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေ ကျော်စွာထွန်း ( ခ ) ကျော်လင်းထွန်း (ခ) ကျော်မင်းထွန်း (၃၇ နှစ်) ကို မေ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန်တွင် ရန်ကုန် - မန္တလေး ကားလမ်းပေါ်၌ ဟိုက်ဂျက်မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခဲ့သည်။

အမှုနှင့်ပတ်သက်၍ စုံစမ်းချက်များအရ မေ ၁ ရက်နေ့ ည ၁၁ နာရီ အချိန်တွင် ကမာရွတ်မြို့နယ်ရှိ အခင်းဖြစ် နေအိမ်အတွင်းသို့ အိမ်အနောက်ဖက် လှေကားမှ ဝင်ရောက်ခဲ့ပြီးဘီဒိုအတွင်းရှိ စိန်၊ ရွှေ၊ လက်ဝတ်ရတနာ မျိုးစုံနှင့်ငွေများကို ယူဆောင်ခဲ့ပြီး ဇနီးဖြစ်သူနှင့်အတူပြောင်းရွေ့နေထိုင်သည့် မိထ္တီလာမြို့နယ်သို့အငှားယာဉ်ဖြင့်ပြန်လာခဲ့ကြောင်းဆိုသည်။

ခိုးယူခဲ့သည့်ပစ္စည်းများကို ၄င်းနှင့် ခင်မင်ရင်းနှီးသူ မိထ္တီလာမြို့န ဝတုတ် (ခ )သောင်းတန် (၃၉) နှစ်ကို ၄င်းခိုးယူရရှိလာသော နိုင်ခြားငွေများနှင့် လက်ကောက် (၂) ကွင်းတို့ကို ပေါင်နှံရောင်းချ ခိုင်းပြီး ရရှိသောငွေဖြင့် မစ်ဆူဘီရှီအမျိုးအစား ဟိုက်ဂျက် ယာဉ်ကို ကျပ် ၇၅ သိန်းဖြင့်လည်းကောင်း၊ ဆိုင်ကယ်(၁)စီးကို ကျပ် ၈သိန်းဖြင့်လည်းကောင်း ဝယ်ယူခဲ့ကြောင်း၊ ဆိုင်ကယ်မှာ အခိုးခံခဲ့ရပြီး လက်ဝတ်ရတနာများကို ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

၄င်းခိုးယူခံရသည့် ပစ္စည်းနှင့်ငွေများကိုရောင်းချခဲ့သည့် ရွှေဆိုင်၊ အပေါင်ဆိုင်များမှ ပြန်လည်သိမ်း ဆည်းခဲ့ရာ စုစုပေါင်းတန်ဖိုး ငွေကျပ်(၁၇၀၄) သိန်းကျော်ဖိုး ပြန်လည်သိမ်းဆည်းရရှိခဲ့ပြီး ကျန်ရှိသည့် သက်သေခံ ပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိရေးအတွက် ဆက်လက် ဆောင် ရွက် လျက်ရှိကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှသိရသည်။

အမှုဖြင့်ဖမ်းဆီးရမိခဲ့သည့် ကျော်စွာထွန်း (ခ) ကျော်လင်းထွန်း (ခ) ကျော်မင်းထွန်းသည် ၂၀ဝ၈ ခုနှစ်အတွင်းက မရမ်းကုန်း မြို့နယ်အတွင်း ဖောက်ထွင်းမှု ကျူးလွန်ခဲ့သဖြင့် ထောင်ဒဏ် (၇) နှစ်ကျခံခဲ့ရပြီး ၊ ၂၀၁၁ ခုနှစ်တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း ခိုးမှုဖြင့် ထောင်ဒဏ် (၄)နှစ် ကျခံခဲ့သည့် ပြစ်ချက်ဟောင်းရှိသူတစ်ဦးဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။