ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ကျောင်းအုပ်ဆရာကြီးက ဇနီးဖြစ်သူကို ငှက်ကြီးတောင်ဓါး ဖြင့်ခုတ်သတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း မေ ၂၄ ရက်နေ့က ကျောက်တော်မြို့မ ရဲစခန်းကသိရသည်။
မေလ ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွာမပြင်ကျေးရွာမှအလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးအောင်တင်ဝင်း(၅၁)နှစ်မှ ဇနီးဖြစ်သူ ဒေါ်ဦးသန်းနွယ် (၄၉) နှစ်၏ မျက်နှာကို နေအိမ် ဈေးဆိုင်ခန်းတွင် ငှက်ကြီးတောင် ဓါးဖြင့် ခုတ်သတ်ထွက်ပြေးခဲ့သည်။
သက်ဆိုင်ရာ၏ စစ်ဆေးချက်အရ အလောင်းတွင် ဓါးခုတ်ဒဏ်ရာများရရှိသေဆုံးနေပြီး အမှုဖြင့် ထွက် ပြေးတိမ်းရှောင်သွားသူ ဦးအောင်တင်ဝင်း ကို ညနေ ၃ နာရီခွဲအချိန်ခန့် တွင် ရဲအုပ်မင်းသိန်းစော နှင့် အဖွဲ့က ကိုးဆယ်ကိုးတောင်တွင် ဖမ်းဆီးရမိခဲ့သည်။
ကျောက်တော်မြို့မရဲစခန်းက (ပ) ၉၆/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ထားသည်။
















