ဘိလပ်မြေဖျော်စက်ယာဉ် တယ်လီဖုန်းကြိုးတိုင် ၂တိုင်ကို တိုက်မိတိမ်းမှောက်စဉ် ဈေးသည်တစ်ဦး ထိခိုက်သေဆုံး

ဘိလပ်မြေဖျော်စက်ယာဉ် တယ်လီဖုန်းကြိုးတိုင် ၂တိုင်ကို တိုက်မိတိမ်းမှောက်စဉ် ဈေးသည်တစ်ဦး ထိခိုက်သေဆုံး

မြစ်ကြီးနားမြို့တွင် ဘိလပ်မြေဖျော်စက်ယာဉ် တယ်လီဖုန်းကြိုးတိုင် ၂တိုင်ကို တိုက်မိတိမ်းမှောက်ကာ ဆိုင်ကယ် မောင်းနှင်သူ အမျိုးသမီးထိခိုက်ဒဏ်ရာရရှိသေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်းမြစ်ကြီးနားရဲစခန်းမှ မေ ၂၅ ရက်နေ့ ကသိရသည်။

မေလ ၂၄ ရက် နေ့လည် ၁၂ နာရီခွဲ အချိန်ခန့်တွင် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက် ၊ခေမာသီရိ လမ်းမကြီး ၊လမ်းသွယ် ၁၉ ထိပ်တွင် ဘိလပ်မြေဖျော်စက်သယ်မော်တော်ယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဖုန်းကြိုးတိုင် ၂တိုင်ကို ဝင်ရောက်တိုက်မိခဲ့သည်။

ထိုသို့တိုက်မိခဲ့ပြီးနောက် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ကာ လမ်းသွယ် ၁၉ မှထွက်လာသည့် ဆိုင်ကယ်ဖြင့်ဈေးရောင်းချသူ ဒေါ်မြင့်မြင့်သန်း ကို ဝင်ရောက်တိုက်မိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ဒေါ်မြင့်မြင့်သန်းတွင် နှာခေါင်းပါးစပ်သွေးထွက်၊နှုတ်ခမ်း၊ဝဲလက်ပေါက်ပြဲဒဏ်ရာများရရှိကာ ဆေးရုံ သို့တင်ပို့ ကုသစဉ် သေဆုံးသွားခဲ့ကြောင်းသိရပြီးဘိလပ်မြေဖျော်စက်ယာဉ်မောင်းတွင် ထိခိုက်ဒဏ်ရာ မရှိခဲ့ကြောင်းသိရသည်။ မြစ်ကြီးနားနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က) ၃၃၈ အရ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။