ဇလွန်မြို့နယ် စကားများရန်ဖြစ်ရာက ယောက္ခမဖြစ်သူ နှင့်ကိုယ်ဝန်၄လရှိသူဇနီးတို့ကို သားမက်က ဓါးနှင့်ထိုးသတ်ခဲ့သည့် ၂လောင်းပြိုင်လူသတ်မှုကို သက်ဆိုင်ရာက မေ ၂၅ ရက်နေ့ က ဖမ်းဆီးအရေးယူခဲ့ကြောင်း ဇလွန်မြို့မရဲစခန်းကသိရသည်။
မေ ၂၄ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် ဆုံကုန်းအုပ်စု ဦးတိုကျေးရွာနေ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးသည် ခင်ပွန်းဖြစ်သူ စောထဲနေထူး (၃၂ နှစ်) လယ်တောအတွင်းစကားများရန်ဖြစ်ခဲ့ပြီး နေအိမ်အရောက် ထပ်မံစကားများရန်ဖြစ်စဉ် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။
'' လင်မယားနှစ်ယောက် လယ်ထဲမှာ စကားများတယ်။ မိန်းမက အိမ်ပြန်လာတယ်။ ယောက်င်္ကျား ကနောက်ကလိုက်လာပြီးတော့ အိမ်ရောက်တော့ ထပ်ပြီးစကားများတယ်။ အသက် ၅၀ အရွယ် ယောက္ခမနဲ့ပါ ထပ်ပြီး စကား များတယ်။ အဲဒီအချိန်မှာ နှစ်ယောက်စလုံးအိမ်သုံးဓါးနဲ့ထိုးခဲ့တယ်" ဟု ဇလွန်မြို့ မရဲခစန်းမှရဲအရာရှိတစ်ဦးကပြောသည်။
'' အခုလောလောဆယ် ဇလွန်စခန်းမှာချုပ်ထားတယ်။ သူကို ဒီနေ့ မနံနက် ၃ နာရီခွဲမှာ ဖမ်းမိတယ်။ သေတဲ့ အမျိုးသမီးမှာ ကိုယ်ဝန်ရှိတယ်လို့တော့ သိရတယ်" ဟု ၄င်းကပြောသည်။ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ ယောက္ခမဖြစ်သူတွင် ရင်ဝထိုးသွင်းဒဏ်ရာ ၊ဝဲဘက်နံကြားထိုး သွင်း ဒဏ်ရာ၊ ဝဲ/ယာ လက်ကောက်ဝတ်တို့တွင် ပြတ်ရှဒဏ်ရာနှင့် အသက် ၂၄ နှစ်အရွယ် ဇနီးဖြစ်သူ တွင် ရင်ဘက်ဝဲ/ယာတို့တွင် ထိုးသွင်းဒဏ်ရာ ၊ ဝမ်းဗိုက်ယာဘက်ထိုးသွင်းဒဏ်ရာ ၊ လည်ပင်းပြတ်ရှ ဒဏ်ရာ များရရှိကာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စောထဲနေထူးကိုဇလွန်မြို့မရဲစခန်းက (ပ)အမှတ် ၃၄၈/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။
















