လိုင်စင်မဲ့မော်တော်ယာဉ်အတွင်းမှ စိတ်ကြွဆေးပြား ၈၀ဝ၀ နှင့် ပစ္စတို သေနတ် ကျည် ၄၉ တောင့်တွေ့ရှိ

လိုင်စင်မဲ့မော်တော်ယာဉ်အတွင်းမှ စိတ်ကြွဆေးပြား ၈၀ဝ၀ နှင့် ပစ္စတို သေနတ် ကျည် ၄၉ တောင့်တွေ့ရှိ

မော်လမြိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးမှုဖြင့်သိမ်းဆည်းထားသည့် လိုင်စင်မဲ့မော်တော်ယာဉ်အတွင်းမှ ပစ္စတို သေနတ်တစ်လက် နှင့် ကျည် ၄၉ တောင့် ကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်သာ နယ်မြေရဲစခန်းမှ သိရသည်။

မေ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် မော်လမြိုင်မြို့ မြိုင်သာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် မေ ၁၁ ရက်နေ့က မူးယစ်ဆေးဝါးမှုဖြင့် မူးယစ်တပ်ဖွဲ့စု (၃၈) မှ စိတ်ကြွဆေးပြား ၈၀ဝ၀ နှင့် မတ်တူးလိုင်စင်မဲ့ယာဉ်တို့နှင့်အတူဖမ်းဆီးအရေးယူထား သည့် ပုသိမ်မြို့နေ ဇော်နိုင်(၃၈ နှစ်)နှင့် မိုင်းရှုးမြို့ နယ်နေ စိုင်းခမ်းကူ (၂၂ နှစ်)တို့ စီးနင်းလာသည့် မတ်တူးယာဉ် တံခါးကြားသိုဝှက်ထားစဉ် တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ယာဉ်၏ ဝဲဘက်တံခါးကြားအတွင်းမှ MODEL 75 CAL 9 PARP 9 MM ပစ္စတို တစ်လက် (ချက်ဇ်ကိုစလိုဗားကီးယား နိုင်ငံထုတ် )နှင့် NCR 9 MM- LUGER စာတမ်းပါ ကျည် ၄၉ တောင့် (ထိုင်းနိုင်ငံထုတ် )တို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းအရသိရသည်။

၄င်းတို့ ၂ ဦးကို မြိုင်သာမြို့မရဲစခန်းက မယ(ပ)၉/၁၈ မူးယစ်ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉ (က)၊ ၂၀ (က)၊ ၂၁ အရ လည်းကောင်း (ပ) ၂၅၂ / ၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ) အရလည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားသည်။