ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့နယ်တွင် အရက်အတူသောက်ရာက စကားများရန်ဖြစ်စဉ် ဓါးနှင့်ထိုးသတ်တိမ်းရှောင်ခဲ့သည်ဆိုသူကို ရဲတပ်ဖွဲ့ဝင်များက မေ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှသိရသည်။
မေ ၂၄ရက်နေ့ ည ၈နာရီခွဲ အချိန်ခန့်တွင် ကျောက်တံခါးမြို့နယ် ကျောင်းစိုးကျေးရွာအုပ်စု နရွဲပင် ကျေးရွာရွာလမ်းနေ ဆန်းမင်း၏ နေအိမ်တွင် ဆန်းမင်းနှင့်တစ်ရွာတည်းနေ ရဲရင့်အောင် တို့ အရက်သောက်စကားများရန်ဖြစ်ခဲ့သည်။ ထိုသို့စကားများစဉ် ဆန်းမင်းမှရဲရင့်အောင်အား ဓါးဖြင့်ထိုး ကာ ထွက်ပြေးသွားခဲ့သည်။
သက်ဆိုင်ရာ၏ စစ်ဆေးချက်များအရ ရဲရင့်အောင်တွင် ဝဲဘက်ရင်အုံတွင် ဓါးဒဏ်ရာဖြင့်အခင်းဖြစ် နေရာတွင် သေဆုံးခဲ့သောကြောင့် အရေးယူပေးရန် ရဲရင့်အောင်၏ အစ်မဖြစ်သူက တိုင်ကြားခဲ့သည်။
ပဲနွယ်ကုန်းနယ်မြေ ရဲစခန်း( ပ)၂၅၉/၁၈ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် ကာ ရဲစခန်းမှူး ရဲအုပ်အောင်ဆန်းထူးနှင့်အဖွဲ့ကတိမ်းရှောင်ထွက်ပြေးသူ ဖမ်းဆီးရမိရေးအတွက် ကျောက်တံခါးရဲစခန်း မှ တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းစုံစမ်းခဲ့သည်။ ထိုသို့စုံစမ်းနေစဉ် ယနေ့ မေ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် မီးတိုင်တော ကျေးရွာမှ ဖမ်းဆီးရမိခဲ့သည်။

















