ဖောင်းပြင်မြို့နယ်တွင် မူလတန်းပြကျောင်းဆရာမကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ တစ်ရွာတည်းသားအား ဖမ်းဆီးရမိ

ဖောင်းပြင်မြို့နယ်တွင် မူလတန်းပြကျောင်းဆရာမကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ တစ်ရွာတည်းသားအား ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ပိုးစာကုန်းကျေးရွာနှင့် မန်မော်ကျေးရွာသွားသည့် ရွာချင်းဆက်လမ်းတွင် မူလတန်းပြကျောင်းဆရာမတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုတွင် ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူ အသက် ၂၅ နှစ်ရွယ် တစ်ရွာတည်းသားအား မေ ၂၆ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

"အဲ့ဒီကောင်လေးကို သံသယရှိသူစာရင်းထဲမှာ သက်ဆိုင်ရာက အစကတည်းက ထည့်ထားတယ်။ ဘာဖြစ်လို့ ထည့်ထားလဲဆိုတော့ သူက ဆရာမလေး အဲ့ဒီနေ့ကရွာက ထွက်သွားတဲ့အချိန်မှာ နောက်ကနေ မလှမ်းမကမ်းကနေ ဆိုင်ကယ်နဲ့ လိုက်သွားတာကို ရွာက လူတွေက တွေ့တဲ့အတွက်ကြောင့် သူ့ကို သံသယ စာရင်းထဲ ထည့်ထားတာ။ မေ ၂၅ ရက် ညနေပိုင်းမှာ ဆယ်ချောင်းအုပ်စု ဖားအုံကျေးရွာမြစ်ကမ်းပါးမှာ ရေထဲခုန်ချပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံ စည်ဖို့ ကြိုးစားတာကို အဲဒီက ရေလုပ်သားတွေက တွေ့ပြီးတော့ ဖားအုံအုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီးတော့ ထူးခြားဖြစ်စဉ်အနေနဲ့ သက်ဆိုင်ရာကို အပ်လိုက်တယ်။ ပြီးတော့ သူ့ကို စစ်ဆေးတဲ့အချိန်မှာ ဒီအမှုကို သူကျူးလွန်တယ်ဆိုပြီးတော့ ပေါ်လာတယ်"ဟု မန်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ခေက မေ ၂၆ ရက်တွင် ပြောသည်။

မေ ၂၂ ရက်တွင် အသက် ၂၄ နှစ်အရွယ် သေဆုံးသူမူလတန်းပြကျောင်းဆရာမသည် အတူတာဝန်ကျနေသည့် ကျောင်းဆရာမတစ်ဦးအား ပိုးစာကုန်းကျေးရွာသို့ ဆိုင်ကယ်နှင့် ကြိုရန် ထွက်သွားပြီးနောက် ပြန်ရောက်မလာသဖြင့် ၎င်း၏မိဘများနှင့် ကျေးရွာတာဝန်ရှိသူများက လိုက်လံရှာဖွေခဲ့ရာ ည ၁ဝ နာရီ အချိန်ခန့်တွင် ပိုးစာကုန်းကျေးရွာနှင့် မန်မော်ကျေးရွာသွားသည့် ရွာချင်းဆက်လမ်းတွင် ၎င်းကိုသေဆုံးလျက်တွေ့ရှိခဲ့ပြီး ဖောင်ပြင်မြို့မရဲစခန်းက (ပ)၆၅/၁၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့် အရေးယူခဲ့သည်။

"အမှုက လတ်တလောမှာ စစ်ဆေးနေတုန်းမို့လို့ ပုဒ်မ ၃၀၂ နဲ့ဖွင့်ထားတာ။ သွင်ပြင်လက္ခဏာတွေကတော့ မုဒိမ်းကျင့်ထားတဲ့ လက္ခဏာတွေပါပဲ။ ဒါပေမယ့် ဆေးစာပြန်လာပြီး စစ်ဆေးပြီးချိန်ကျမှ မုဒိမ်းမှုပုဒ်မ ထပ်ထည့်ရမှာပါ"ဟု ဦးမောင်ခေက ဆက်လက်ပြောကြားသည်။