လူမှုကွန်ရက်မှ စုကြေးလေလံမဲရောင်းချကာ ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော် လိမ်လည်ထွက်ပြေးသည်ဆိုသည့် အမျိုးသမီးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပြီး နစ်နာသူများတိုင်ကြားသည့် မြို့နယ်ရဲစခန်းတွင် စစ်ဆေးမှုခံယူနေကြောင်း တောင်ဥက္ကလာပမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက မေ ၂၈ ရက်က မြန်မာတိုင်းမ်ကို ပြောသည်။
'' ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂ဝ နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲခူးရဲစခန်းက လွှဲပြောင်းထားတဲ့ မနှင်းဝေသီကို သာကေတမြို့မရဲစခန်းမှာလည်း တိုင်ကြားမှုနဲ့ ပတ်သက်ပြီး လွှဲပြောင်းထားပါတယ်။ သူ့ဆီက ရဖို့ရှိတဲ့သူတွေက နစ်နာတဲ့ အနေနဲ့တိုင်ကြားထားတဲ့့ မြို့နယ်ရဲစခန်းတွေမှာ စစ်ဆေးခံရမှာပါ''ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
လူမှုကွန်ရက်စာမျက်နှာပေါ်တွင်Hnin Wai Thi အကောင့်အမည်ဖြင့် အမြတ်စုမဲရောင်းသည့်Groupမှ အဖွဲ့ဝင် ၁ဝဝ ကျော်ထံမှ စုကြေးငွေ ကျပ်သိန်း ၃ဝဝဝဝ ကျော်ကို လိမ်လည်ရယူခဲ့ခြင်းနှင့်ပတ်သက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များမှ ကျပ်သိန်း ၅၈၄ သိန်းလိမ်လည်ခံရသူ မခိုင်ဆင့်ဆင့်ထွန်းက မတ် ၁၆ ရက်တွင် တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၅၈၇ /၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂ဝ အရ အမှုဖွင့်တိုင်ကြားခဲ့မှုဖြစ်သည်။
'' သူက ပဲခူးမြို့မှာနေတယ်။ Group ထဲမှာရှိတဲ့ လူအယောက်တစ်ရာကျော်ကို မဲစုကြေးငွေတွေကို ဒိုင်လုပ်ပြီးကိုင်ထားတယ်။ စုကြေးငွေနဲ့ပတ်သက်ပြီးတော့ ဗီဒီယိုဖိုင်တွေLive လွှင့်ပြီး ဒီလိုလေးတွေ လုပ်နေတယ်။ အဖွဲ့ဝင်တွေ စိတ်ဝင်စားရင်Group ထဲကို ဝင်လို့ရတယ်ဆိုပြီး စည်းရုံးတယ်။ ၉ သိန်း ရင်းရင် ၁ဝ သိန်းပြန်ရတယ်။ ၁ သိန်းမြတ်တယ်။ တစ်နေ့ ၂ ကြိမ်စုမဲရောင်းတယ်။ နေ့တိုင်း အမြတ် ရနေတော့ သူရဲ့ ဆုမဲတွေကို အလုအယက်ဝယ်တဲ့ သူတွေ များတယ်။ ငွေပေးငွေယူကို မိုဘိုင်းဘဏ်စနစ်နဲ့ ပြုလုပ်ခဲ့တယ်''ဟု မြောက်ဥက္ကလာပမြို့နယ်နေ နစ်နာသူ အမျိုးသမီးတစ်ဦးက ပြောသည်။
မေ ၁၂ ရက်တွင် မနှင်းဝေသီ နေထိုင်သည့် ပဲခူးမြို့သို့ လိုက်ပါသွား စဉ် ဖုန်းစက်ပိတ်ထားပြီး နေအိမ်တံခါး သော့ခတ်ထားသည်ကို တွေ့ရှိခဲ့သဖြင့် ပတ်ဝန်းကျင်သို့မေးမြန်းရာ မေ ၁ဝ ရက်ကပင် နေအိမ်မှ ထွက်ခွာသွားကြောင်း ပြောပြသိရသဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်းတွင် ငွေကြေးလိမ်လည်မှုဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
'' သူနဲ့က ဘားအံနည်းပညာတက္ကသိုလ်မှာ ကျောင်းအတူတူတက်ခဲ့တယ်။ ရန်ကုန်ရောက်တော့ သူက ပဲခူးမှာနေတယ်။ ဆုမဲလုပ်ရတာအဆင်ပြေတယ် ဆိုတာကြောင့် မေ ၆/၇/၈ ရက်တွေမှာ စီဘီဘဏ်၊ဧရာဝတီဘဏ်၊ ကေဘီဇက်နှင့် ဝေ့မန်းနီးတွေကနေ ငွေသိန်း ၅၈၄ သိန်းကျော်ကို လွှဲပေးခဲ့တယ်''ဟု မခိုင်ဆင့်ဆင့်ထွန်းက ပြောသည်။
တောင်ဥက္ကလာပမြို့မရဲစခန်း၏ ချိတ်ဆက်အကူအညီတောင်းခံမှုဖြင့် ပဲခူးအမှတ် (၁) ရဲစခန်းမှ တပ်ဖွဲ့ဝင်များက မေ ၂၅ ရက်တွင် ငွေကြေးများလိမ်လည်ထားသည်ဆိုသူ မနှင်းဝေသီကို ၄င်း၏ နေအိမ်သို့ ပြန်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
'' သူက ပဲခူးနန်းတော်ရာကုန်း အင်းဝင် ၁၁ လမ်းမှာနေတယ်။ ပုဒ်မ ၄၂ဝ ဖမ်းဆီးဖို့ တောင်ဥက္ကလာပ မြို့မရဲစခန်းက အကူညီတောင်းထားတာကြောင့် ပဲခူး အမှတ် ၁ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သူအမှုဖွင့်ထားတဲ့ မြို့နယ်ကို ညတွင်းချင်းလွှဲပေးလိုက်တယ်''ဟု ပဲခူးမြို့နယ် သတင်းတာဝန်ခံ ဦးဇော်ရှင်းက ပြောသည်။
သက်ဆိုင်ရာက မနှင်းဝေသီကို ဖမ်းဆီးရာတွင်ငွေကြေးနစ်နာသူများနှင့် ပတ်ဝန်းကျင်မှ လူများလာရောက် ကြည့်ရှုနေမှုများကြောင့် ရဲတပ်ဖွဲ့က လူစုခွဲ ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
မေ ၁၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် မနှင်းဝေသီ ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည့် စာသားအချို့တွင် ''အကောင့် လော့ကျတဲ့ တစ်ညကို သေချာမမေးပဲ မိုးလင်းဖွင့်ကြည့်တော့ ဘလော့ခ်လုပ်ထားတဲ့သူ တွေ ပလူပျံနေတယ်။ စိတ်ချနှင်းဝေသီဆိုတာ ရှင်တို့ လက်တွဲခဲ့တဲ့သက်တမ်းတစ်လျှောက် ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ ရှင်တို့အသိဆုံးနေမှာပါ။ နောက်တစ်ခုအပူစာတွေ ယူပြီးပြေးတယ် အထုပ် ပိုက်ပြေးတယ်ဆိုသူများအဲ့အထုပ်နဲ့ကျွန်မကို တွေ့လို့လား အဖြေတစ်ခုကိုညှိဖို့ကြိုးစားနေချိန်မှာ ဒီနေ့ငွေဘယ်နာရီနောက်ဆုံးထားလွှဲပါဆိုတာ တွေနဲ့အကျပ်ရိုက်စေခဲ့တယ်။ကျွန်မခုနာမည်ပျက်ပြီးသားဖြစ်လို့ ဘာမှပြန်မလုပ်ပေးနိုင်ပါဘူး။ အဲဒီလူတွေရဲ့ စခရင်ရှောခ့်နဲ့တကွ ရှိပါတယ်။ ယုံကြည်ပြီးစောင့်နေသူ ကျွန်မကိုစိတ်ပူပေးသူတွေနဲ့ ဂရု လုပြ်ပီး အလုပ်ဆက် လုပ်နေပါတယ်။ တရားစွဲချင်သပဆိုလဲ စွဲပါ။ ကျွန်မမှာ ငွေလွှဲပြေစာတွေနဲ့ ဒိုင်တွေဆီကအဝယ်စာရင်း အကုန်ရှိပါတယ်။ အဲဒီတော့ဖြေရှင်းဖို့သွေးမကြောင်ပါဘူး။ ကိုယ်ကျိုး အတွက်အသုံးမပြုခဲ့သလို မိဘဆီက ရွှေတွေ ရောင်းချပြီး ငွေလွှဲခဲ့သေးတယ်။ ကျွန်မပြောချင်တာgpတွေမှာ wallမှာ chat box gp တွေမှာ တစ်စိတ်ကို တစ်အိတ်လုပ်ပြောသူတွေ အကုန်သက်သေနဲ့တကွသိမ်းထားတယ်။အဲဒီလူတွေကို အရင်းမပြောနဲ့ တစ်ကျပ်တောင်ပြန်မပေးနိုင်ပါဘူးရှင်။ ကျွန်မ အကြွေးပေးထား တဲ့သူများလည်း စာရင်းနဲ့တကွလာမယ်။ ကွယ်ရာမှာအတင်းတုတ်ပြီး ရှေ့မှာ ယုံလေးလို သရုပ်ဆောင်နေသူများလဲ တစ်ကျပ်မှမပေးနိုင်ပါ။ ကျွန်မပြေးတယ် မရှိမဲရောင်းတယ် သိန်း ပေါင်း၂သောင်းယူပြီးပြေးတယ်။ ရူးသွားတယ်ဆိုသူများ သက်သေရှာထားပါ ခုတော့ ယုံကြည်ပြီး လက်တွဲသူများနဲ့ အကောင်းဆုံးဖြေရှင်းဖို့ တိုင်ပင်လိုက်ပါဦးမယ် ရှင်တို့တွေကိုတော့ ဘာတစ်ခုမှ တာဝန်မယူပါ'' ဟု ရေးသားခဲ့သည်။
'' သူ့ကို ဖမ်းထားတယ်ဆိုလို့ ကျွန်တော်တို့ သွားတွေ့တယ်။ သူကဘာမှမလုပ်ပေးနိုင်ဘူး။ ဘာမှမရှိဘူးလို့ပြောတယ်'' ဟု မခိုင်ဆင့်ဆင့်ထွန်း၏ ခင်ပွန်းက ပြောသည်။















