ဥက္ကံမြို့ သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းများကို အုပ်စုဖွဲ့သတ်ဖြတ်ခဲ့သည်ဆိုသူ ၃ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးခဲ့ရာက တောဆင်းရိုင်းသတ်ဖြတ်မှု ၃ မှုပေါ်ပေါက်ခဲ့ကြောင်း ဥက္ကံ နယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူခဲ့ကြောင်း မေ ၂၉ ရက်နေ့က သိရသည်။
မေ ၂၇ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်တွင် တိုက်ကြီးမြို့နယ် ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းများကို သတ်ဖြတ်ခဲ့သည်ဆိုမှုတွင်ပါဝင်သည့် ဆိုသူ မှော်ဘီမြို့နယ် တပ်ကြီးကုန်း ကျေးရွာ နေ မောင်ကြာ(ခ) ကြာလုံ(၄၅ နှစ်)ကို အထူးအမှုစစ်အဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့သည်။
၄င်းကို စစ်ဆေးခဲ့ရာ ဥက္ကံနယ်မြေရဲစခန်းကစုံစမ်းဆဲဖြစ်သည့် ၂၀၁၇ ခုနှစ်အတွင်း ဥက္ကံသစ်တော ကြိုးဝိုင်း အတွင်း တောဆင်းရိုင်းများအသတ်ခံရမှုနှင့်ပတ်သတ်သည့် (ပ)၆/၂၀၁၇၊ (ပ)၁၄၇/၂၀၁၇၊ နှင့် ယခုနှစ် (ပ)၄၀/၂၀၁၈ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝ အပင်များကာကွယ်ရေးနှင့် သဘာဝနယ် မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က) အမှုများပေါ်ထပ်မံပေါ်ပေါက်ခဲ့သည်။
စုံစမ်းစစ်ဆေးချက်အရ အမှုတွင်ပါဝင်သူ မင်းတုန်းမြို့နေ ထွန်းနိုင်(၄၅)နှစ်နှင့် ညီဖြစ်သူ မောင်မြင့်(၄၂) နှစ် တို့(၂)ဦးကို မေ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ဆက်လက်ဖမ်းဆီး စစ်ဆေး ခဲ့သည်။ ၄င်းတို့ ၃ ဦးကို စစ်ဆေးချက်များအရ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် ၄င်းတို့နှင့်အတူ (စိစစ်ဆဲ)အခြား အမျိုးသား(၂)ဦးတို့ပါဝင်သည့်(၅)ဦး အဖွဲ့သည် တောဆင်ရိုင်းပစ်ရန် တူမီးသေနတ် (၄)လက်ဖြင့် ဥက္ကံမြို့၊ သစ်တောကြိုးဝိုင်းအမှတ်(၇၆)သို့ ရောက်ရှိခဲ့ပြီး ဗွတ်မြောင်သို့ သွားရောက်ခဲ့သည်။
တောဆင်ရိုင်းအမ(၁)ကောင်ကိုတွေ့ရှိ၍ အဆိပ်ပါသောမြားဖြင့် ပစ်သတ်ခဲ့ပြီး ဆင်သေကို ၎င်းနေ ရာတွင် နှာမောင်းဖြတ်ခြင်း၊ အရေခွံ ခွာခြင်း၊ မီးခိုးကြပ်တိုက်ခြင်းများပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦး(စိစစ်ဆဲ) ထံသို့ (၁)ပိဿာလျင်(၃)သောင်းကျပ်ဖြင့် ပိဿာ(၄၀) ရောင်းချရာ ကျပ် ၂ သိန်း ရရှိခဲ့သည်။
ထို့အပြင် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင်လည်း ၎င်းတို့(၅)ဦး ဥက္ကံမြို့၊ သစ်တောကြိုးဝိုင်း အမှတ်(၇၄)သို့ ထပ်မံရောက်ရှိခဲ့ပြီး တောဆင်ရိုင်း(၁)ကောင်ကို တူမီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ပြီးရောင်းချရာ ကျပ် ၂ သိန်းရရှိခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ မတ်လ တွင် ၎င်းတို့(၅)ဦးသည် ဥက္ကံမြို့၊ သစ်တောကြိုးဝိုင်းအမှတ်(၇၄)သို့ ထပ်မံသွား ရောက်ခဲ့ပြီး အသက် (၅)နှစ်အရွယ်ခန့်ရှိ တောဆင်ရိုင်း(၁) ကောင်ကို တူမီးသေနတ်ဖြင့် အဆိပ် လူးမြားထည့်၍ ပစ်ခတ်သတ် ဖြတ်ခဲ့ပြီး ယခင်နည်းအတိုင်းရောင်းချခဲ့ရာ ကျပ် ၁ သိန်းခွဲရှိခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ သက်ဆိုင်ရာက ၄င်းတို့ ၃ဦးကို အမှုဖွင့်အရေးယူထားပြီး အမှုတွင်ပါဝင်နေသူ ဆိုသူများကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

















